spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နန်းဖဲစစ်ရှောင်ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေမှာ စာသင်ဆောင်နဲ့ စာရေးကိရိယာလိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဘောလခဲမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ကြားက နန်းဖဲစစ်ရှောင်ကိုယ်ထူကိုယ်ထစာသင်ကျောင်းတွေမှာ စာသင်ဆောင်နဲ့ စာရေးကိရိယာလိုအပ်နေတယ်လို့ ကျောင်းတာဝန်ခံ ဆရာမဒေါ်အေးအေးဝင်းက ပြောပါတယ်။

“ပညာရေးပိုင်းမှာ ကြည့်မယ်ဆိုလို့ရှိရင်လည်း သူများတွေထောက်ပံ့တယ် ဒါပေမယ့် အလုံအလောက်မရှိဘူး။ ဥပမာ ၈ယောက်ရှိမယ်ဆိုလို့ရှိရင် ၃ယောက်စာပဲ ရမယ်။ အဲ့လိုမျိုး နောက်ပိုင်း ဒီကျန်ခဲ့တဲ့ တစ်လ နှစ်လ မှာမှအဖွဲ့ဝင်တွေကလာပြီးတော့မှ ဗလာစာအုပ်လေးတွေ လှူဒါန်းတာရှိတယ်။ ဖတ်စာအုပ် တွေအနည်းငယ်ပေါ့ အယောက်စေ့ မဟုတ်ရင်တောင် အဆင်ပြေသွားတာပေါ့ ဆရာမတွေပဲ ကိုင်တာထက်စာရင် ကလေးတွေလည်း အဲ့ဒါတွေ ရသွားတာပေါ့နော။ ဒါပေမယ့် သင်ထောက်ကူ တွေက ၃တန်း ၄တန်းဆို ဆွဲရပြုရတာတွေရှိတယ်ကော။” လို့ ဆရာမအေးအေးဝင်းက ပြောပါတယ်။

ကျောင်းသားကလေးငယ်တွေ ပညာသင်ကြားတဲ့အခွင့်အရေးမဆုံးရှုံးအောင် အခက်အခဲကြားကနေ စစ်ရှောင်ရင်း ကိုယ်ထူကိုယ်ထကျောင်းတွေကို ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ လိုအပ်တဲ့ စာသင်ကျောင်းဆောင်၊ စားရေးကိရိယာတွေကို အလှူရှင်အနည်းငယ်ကနေ လှူဒါန်းပေမယ့် လိုအပ်ချက်ရှိနေဆဲလို့ ဆရာမတွေထံကနေ သိရပါတယ်။

ကိုယ်ထူကိုယ်ထစာသင်ကျောင်းတွေအနက် ဝေကျခေါ့စစ်ရှောင်စခန်း စာသင်ကျောင်း ဖွင့်လှစ်တာ ၇လရှိနေပြီး ဒေသခံ စေတနာ့ဆရာ၊ ဆရာမတွေကနေ သင်ကြားလျက်ရှိနေပါတယ်။ ကျောင်းသားဦးရေ ၂၇ဦးကို ဒေသခံ စေတနာ့ ဆရာမ ၅ဦးကနေ Grade- 5 အထိ သင်ကြားပေးနေတယ်လို့ သိရပါတယ်။

စစ်ရှောင်စခန်းရှိ စာသင်ကျောင်းဆောင်မှာ စာသင်ကြားနေတဲ့ မြင်ကွင်းများ။ (ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်))

တော်ခူအုပ်စုအတွင်းက တကေးလဲချောင်း စစ်ရှောင်စာသင်ကျောင်းမှာတော့ ကျောင်းသားဦးရေ ၁၀၀ကျော်ကို စေတနာ့ဆရာ ဆရာမ ဦးရေ ၁၄ယောက်ကနေ ၈ တန်းထိ သင်ကြားပေးလျက်ရှိနေတာပါ။

“ကျမတို့က တဲပြားနဲ့ပဲ ပြီးရင် တာလာဘတ်(မိုးကာ) နဲ့ပဲဆိုတော့ တဲပြားလည်း နှီးနဲ့ပဲချည်ခါကျတော့ ကလေးတွေ ခုန်လိုက် ဆင်းလိုက် လုပ်တော့ ခနခနပြင်ရတာပေါ့နော။ ကလေးအတွက်ဆိုရင်တော့ စာရေးကိရိယာတွေ လိုအပ်တယ်ပေါ့နော။ ဒါပေမယ့် သင်ထောက်ကူလုပ်မယ်ဆိုရင် ဒီလိုတဲပြားဆိုရင် ခနတဖြုတ်ပဲ ရှိတယ်လေ ပြီးရင် ပြန်ပျက်သွားတယ် အဲ့ဒီသင်ထောက်ကူနဲ့ဆိုရင် မလုပ်နိုင်ဘူး။ စာရေးကိရိယာ ကလေးအတွက်လိုတယ်။ ဆရာမတွေအတွက် ဆော့ပင်တို့ပေါ့ လိုအပ်တယ်ပေါ့နော။”

ကျောင်းသားဦးရေများပြီး စာသင်ဆောင်မလုံလောက်တာကြောင့် စာသင်ကြားရတာ အဆင်မပြေသလို ကျောင်းသားတွေအတွက်လည်းဖတ်စာအုပ်လည်းမလုံလောက်ဘူးလို့ ဆိုပါတယ်။ အဲ့ဒီစစ်ရှောင်စာသင်ကျောင်းကို လာရောက်လှူဒါန်းတဲ့အဖွဲ့အစည်းလည်း မရှိတာကြောင့် နီးစပ်ရာ အလှူရှင်တွေကို မှီခိုနေရတယ်လို့ ဆရာမတွေက ပြောပါတယ်။

အတန်းတင်ပညာရေးစနစ်နဲ့ တစ်ရက်လျှင် စာသင်ချိန် ၇ ချိန် သင်ကြားပေးလျက်ရှိနေပြီး ပညာသင်နှစ်ပြီးဆုံးသွားပါက တခြားရပ်ရွာဒေသတွေမှာ ဆက်လက်တက်ရောက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျမတို့ ဒီအုပ်စုတစ်ခွင်မှာ ကျမတို့ အတန်းတင်စနစ်တော့ ကျမတို့ လုပ်ထားပေးတယ်ပေါ့။ စီစဉ်ထားတယ် ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ကျောင်းသားသမဂ္ဂအဖွဲ့ကလည်း ပြောထားတယ်။ ကလေးရဲ့ စစ်ရှောင်ကြားကာလမှာဆို ပညာသင် ကာလက ၆ လ မဟုတ်ရင် ၁၀လ အဲ့လိုမျိုးပေါ့။ ဒါပေမယ့် ကျမတို့က ၁၀လတော့ မဟုတ်ဘူးပေါ့ ၈လ အဲ့လောက်တော့ရှိမယ်။ ၁၀လပြည့်အောင် နီးပါး ကျမတို့သင်မယ်ဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ကလေးတော့ အတန်းတက်နိုင်မယ်ပေါ့နော။” လို့ ဆရာမက ပြောပါတယ်။

ကရင်နီပြည်မှာ ကြားကာလပညာရေးကို ဆောင်ရွက်နေကြတဲ့ ကိုယ်ထူကိုယ်ထစာသင်ကျောင်းပေါင်း ၄၀၀ ဝန်းကျင်ရှိပြီး အလှူရှင်မရောက်ရှိနိုင်တဲ့ နေရာတွေမှာတော့ စာရေးကိရိယာလိုအပ်နေဆဲ ဖြစ်ပါတယ်။

စစ်ရှောင်စခန်းရှိ စာသင်ကျောင်းဆောင်မှာ စာသင်ကြားနေတဲ့ မြင်ကွင်းများ။ (ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်))
spot_img
spot_img

Recent posts