spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နမ်းနိန်းကျေးရွာမှာ သံဃာတော်သုံးပါးအပါအဝင် ဒေသခံ ၃၀ဦး အသတ်ခံရမှုကို တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမည်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်၊ လုံးပျဉ်ကျေးရွာအုပ်စု၊ နမ်းနိန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နမ်းနိန်းကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ သံဃာတော်သုံးပါးအပါအဝင် ဒေသခံ ၃၀ဦး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုကို တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမယ်လို့ ပအိုဝ်းအရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။

ပအိုဝ်းအမျိုးသမီးသမဂ္ဂမှ ပြောဆိုခွင့်ရှိသူ မနန်းက “အဓိကကတော့ ခုနကပြောတဲ့အပြစ်မရှိတဲ့ ပြည်သူတွေကို ဦးတည်ပြီးတော့ ဒီလိုမျိုး ရက်ရက်စက်စက် စစ်ရာဇဝတ်မှု ကို ပထမဦးဆုံး ကျူးလွန်တယ်လို့ သုံးသပ်ပါတယ်။ အမျိုးသမီးတစ်ယောက် အသက်က ၂၅နဲ့ ၃၀ကြားမှာရှိတဲ့ အမျိုးသမီးတစ်ယောက် ပါတယ်လို့ကြားသိရတယ်။ ဒါပေမယ့်တခြားအသေးစိတ်အကြောင်းရင်း သိနိုင်ဖို့လုပ်ဆောင်နေတာရှိတယ်။ ကျမတို့အဖွဲ့က လူ့အခွင့်အရေးချိုးဖောက်မှုတွေ အမျိုးသမီးအပေါ်အကြမ်းဖက်မှုတွေကို ကူညီပေးတာရှိတယ်။ အမျိုးသမီးတွေအတွက်လုံခြုံတဲ့ နေရာဖြစ်ဖြစ် တရားမျှတမှုရရှိဖို့ပဲဖြစ်ဖြစ် ဆက်တိုက်လုပ်လာခဲ့တယ်။ အခုထိပေါ့နော။ ဒီကိစ္စမှာတရားမျှတမှုရရှိဖို့ ကျမတို့ကတော့ တခြားသောအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ နိုင်ငံတကာအသိုင်းအဝိုင်းမှာကောဆက်ပြီးတော့ တိုက်တွန်းဖို့ရှိပါတယ်။ ကျူးလွန်တဲ့သူကတော့ ဒီအပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့် ရှိရမယ်။ အဲလိုဖြစ်ဖို့အတွက်လည်း စလုပ်နေပါပြီ။”လို့ ဆိုပါတယ်။

သံဃာတော်သုံးပါးအပါအဝင် အမျိုးသမီးတစ်ဦးနဲ့ ဒေသခံအမျိုးသားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦးနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခြင်းဟာ စစ်ရာဇဝတ်မှုမြောက်တဲ့လုပ်ရပ်ဖြစ်တဲ့အတွက် လက်ခံနိုင်စရာအကြောင်းမရှိဘူးလို့ ဆိုပါတယ်။

ပအိုဝ်းအရပ်ဖက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီကနေ အစုလိုက်အပြံလိုက်သတ်ဖြတ်မှုဟာ စစ်ရာဇဝတ်မှု၊ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ရာဇဝတ်မှုတွေဖြစ်ပြီး ပြောင်ပြောင်တင်းတင်ကျူးလွန်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ထားပါတယ်။

အဆိုပါဖြစ်ရပ်ကို ကျူးလွန်တဲ့ အစုအဖွဲ့အနေနဲ့ တာဝန်ယူရမှာဖြစ်ပြီး ဘာသာရေး၊ လူမျိုးစုအကြား ရည်ရွယ်ချက်ရှိရှိနဲ့ အမုန်းတရားကြီးထွားလာစေဖို့ လုပ်ကြံဖန်တီးတဲ့ မည်သည့်လုပ်ရပ်မဆို ပြင်းထန်စွာကန့်ကွက်ရှုပ်ချကြောင်းကိုလည်း ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ပြောထားပါတယ်။

ဒါ့အပြင် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီကလည်း တန်းတူညီမျှရရှိရေး၊ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးအတွက် စစ်ကောင်စီအား အပြစ်ပေးရေးယူနိုင်ရေးအတွက် ဆောင်ရွက်သွားမယ်လို့ ကြေညာချက်ထုတ်ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ ပင်လောင်းဒေသ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့အတူ ပအိုဝ်းအမျိုးသားတပ်မတော် (PNA)လည်း ပါဝင်တိုက်ခိုက်နေတာရှိပြီး နမ်းနိန်းကျေးရွာက အစုအလိုက်ပြုံသတ်ဖြတ်မှုဖြစ်စဉ်မှာ PNA အနေနဲ့ ပါဝင်မှု ရှိ၊မရှိကို အတည်ပြုနေတယ်လို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(ခမ်းကောင်) PNDF(KK) သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ခွန်ဘင်ဂျမင် က ပြောပါတယ်။

“စစ်ကောင်စီရဲ့အင်္ကျီ၊ ယူနီဖောင်းတွေကို ဝတ်ပြီးတော့ သူတို့အနေနဲ့ စစ်ကောင်စီရဲ့တပ်တွေမှာ တချို့ပါတယ်လို့တော့ကြားတယ်။ အဲ့တော့ ကျနော်တို့အနေနဲ့ အတည်ပြုနိုင်ခြင်းတော့မရှိသေးဘူး သက်သေခိုင်လုံမှုမရှိသေးဘူး။ ကျနော်တို့လည်း ပြောဖို့အဆင်မပြေသေးဘူး။ ဒါပေမယ့် အရင်တခါကတော့ စစ်ကောင်စီတပ်မှာ ပြည်သူ့စစ်ဖြစ်တဲ့ PNO နဲ့ပေါင်းထိုင်တာတော့ရှိတယ် တချို့တပ်တွေမှာပါဝင်နေတယ်။ စစ်ကောင်စီရဲ့လှုပ်ရှားမှုမှာတော့ တော်တော်များများ ပါဝင်နေပါတယ်။” လို့ သူက ပြောပါတယ်။

နမ်းနိန်းကျေးရွာအရှေ့ဘက်ရှိ ဘုရားတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မတ်လ ၁၁ ရက်နေ့ မနက်ပိုင်းအချိန်မှာ ကျေးရွာအတွင်း လက်နက်ကြီး၊ မီးကျည်တွေနဲ့ပစ်ခတ်ခဲ့ပြီးနောက် အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနှင်းခဲ့တယ်လို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(ခမ်းကောင်) PNDF(KK) က မတ်လ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာတော်သုံးပါး၊ ရွာသူရွာသား (၁၈)ဦး စုစုပေါင်း ၂၁ဦးဟာ ဘုန်းကြီးကျောင်း မြေအောက်တိုက်ခန်းမှာ ခိုလှုံခဲ့ရာ ခေါ်ထုတ်ခံရပြီးနောက် စစ်ကောင်စီတပ်ရဲ့သတ်ဖြတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

သတ်ဖြတ်ခံရတဲ့အထဲ အသက် ၂၅မှ ၃၀ကြားအရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦးပါဝင်ပြီး အမျိုးသားအများစုက အသက် ၃၀မှ ၄၀ ကြားအသက်အရွယ်ဖြစ်ကြသလို တချို့ရုပ်အလောင်းကတော့ အတည်ပြုဖို့ ခက်ခဲတယ်လို့ PNDF(KK) ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ သေဆုံးသူတွေရဲ့ အချက်အလက်အသေးစိတ်ကိုတော့ ပြုစုနေဆဲလို့ ဆိုပါတယ်။

သတ်ဖြတ်ခံရတဲ့ အလောင်းဘေးနားတစ်ဝိုက်မှာ တွေ့ရှိရတဲ့ အိမ်ထောင်စုစာရင်းတွေဟာ နမ်းနိန်းရွာသားဒေသခံတွေဖြစ်ကြတာကို အတည်ပြုလို့ရတယ်လို့ သူက ဆက်ပြောပါတယ်။

KNDF အပါအဝင် တော်လှန်ရေးအင်အားစုတွေကတော ဒီဖြစ်ရပ်ကို စစ်ကောင်စီက ကျူးလွန်သတ်ဖြတ်တယ်လို့ အသီးသီးထုတ်ပြန်ထားကြပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အဆိုပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို စစ်ကောင်စီကကျူးလွန်တယ်ဆိုတာကို ငြင်းဆိုထားပါတယ်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်မှာတော့ ဘုန်ကြီးကျောင်းမှာရှိတဲ့ PDF ၂၄ဦးကို စနိုက်ဘာနဲ့ သတ်ဖြတ်ခဲ့ပြီး လက်နက်တွေနဲ့ ယှဉ်တွဲဓာတ်ပုံရိုက်ထားသလို “ကသန်းကယန်း ကယားပဒက်များကို ဆုံးမခြင်း”လို့ ဖြန့်ဝေထားပါတယ်။

PNDF(KK) ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက “ကျူးလွန်ခဲ့တဲ့အပေါ်မှာတော့ လူသားမဆန်စွာလုပ်တယ်။ ကျနော်တို့ရဲ့ ပအိုဝ်း ပင်လောင်းဖက်မှာ ဒီလိုမျိုး စစ်ကိုင်းတို့လို လုပ်လာပြီ။ ကျနော်တို့အနေနဲ့ ပအိုဝ်းပြည်သူတွေ အဲ့ဖက်မှာရှိနေတဲ့ ပြည်သူတွေကိုလည်း သတိထားစေချင်တယ်။” လို့ ဆိုပါတယ်။

ပင်လောင်းဒေသမှာ ကာကွယ်ရေးတပ်ဖွဲ့တပ်ပေါင်းစုနဲ့ စစ်ကောင်စီတပ်တို့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ စတင်တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံလူထု ၆ထောင်ကျော်ဟာလည်း ဘေးလွတ်ရာကိုတိမ်းရှောင်ခဲ့ကြရပြီး နမ်းနိန်းကျေးရွာမှ ဒေသခံအိမ်နေအိမ် ၄၀ခန့်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းတိုက်ပွဲအတွင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF- KK)၊ ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF၊ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU၊ ရှမ်းပြည်(တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု(SSLRU)၊ ဖယ်ခုံ PDF၊ မိုးဗြဲ (PDF) ၊ SSRY (၁၀၀၈တပ်ရင်း)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ရင်းဖြစ်ကြတဲ့ အလယ်ပိုင်းတိုင်း တပ်ရင်း ၈၀၄၊ ၁၁၀၁တပ်ရင်း၊ ၁၁၀၂တပ်ရင်း၊ ၁၁၀၃တပ်ရင်း၊ ၁၀၀၅တပ်ရင်း၊ ၁၀၀၇တပ်ရင်း၊ ၁၀၀၉တပ်ရင်း တို့ ပူးပေါင်းတပ်ဖွဲ့မှ အင်အားအများအပြားနဲ့ ထိုးစစ်ဆင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts