spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နမ်းနှိမ်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံတဲ့ ဘုန်းကြီးနဲ့ ပြည်သူတွေ အသတ်ခံရပြီး အလောင်း ၂၈လောင်း တွေ့ရှိ

ဓါတ်ပုံ – KNDF

ကန္တာရဝတီတိုင်း( မ် )

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နမ်းနှိမ်ကျေးရွာရဲ့ ဘုန်းကြီးကျောင်းမှာ ခိုလှုံတဲ့ ဘုန်းကြီး ၃ ပါးနဲ့ ဒေသခံ ၃၀ဦး တို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာကို တွေ့ရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) က ဒီကနေ့ မတ်လ ၁၂ ရက်နေ့ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာတော့ စစ်ကောင်စီတပ်ဟာ နမ်းနှိမ်ကျေးရွာပတ်ဝန်းကျင်ကို ယမန်နေ့ မတ်လ ၁၁ ရက်နေ့မှာ တိုက်လေယာဉ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးနောက် ဝင်ရောက်ပြီး ဒေသခံတွေနဲ့ ဘုန်းကြီးတွေကို သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပျောက်ဆုံးသူ (၃၀)ဦးအနက် သေဆုံးတဲ့ ရုပ်အလောင်း ၂၈လောင်းကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ တန်းစီခိုင်းပြီးတော့ တစ်ခါတည်း ပစ်သတ်လိုက်တယ် အဲ့လိုမျိုး ဘုန်းကြီးကျောင်းရှေ့မှာပဲ တန်းစီခိုင်းပြီးတော့ ဘုန်းကြီးအပါအဝင် အကုန်လုံးကို ရက်ရက်စက်စက် ပစ်သတ်လိုက်တယ်ပေါ့။ ” လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

သတ်ဖြတ်မှုဖြစ်စဉ်ကို ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်းဝင်ရောက်တဲ့အချိန် KNDF၊ KA ၊ PDF တို့က ကင်းထောက်တွေ့ရှိခဲ့ပေမယ့် စစ်ကောင်စီအင်အား များပြားတဲ့အတွက် ဝင်ရောက်ကူညီနိုင်ခြင်း မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဓါတ်ပုံ – KNDF

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်မှာတော့ ဘုရား၊ ဘုန်းကြီးကျောင်းတွေမှာ ရှိနေတဲ့ PDF ၂၄ယောက်ကို စနိုက်ဘာတွေနဲ့ ပစ်သတ်ခဲ့တယ်လို့ ဆိုထားပါတယ်။ စစ်ကောင်စီဝါဒဖြန့်ထားတဲ့ ဓာတ်ပုံထဲမှာ နေအိမ်မီးလောင်နေတဲ့ပုံတွေ တွေ့ရသလို အဲဒီတစ်ရက်ထဲမှာပဲ နမ်းနှိမ်ကျေးရွာက နေအိမ်၊ ဘုန်းကြီးကျောင်းအပါအဝင် အဆောက်အအုံ ၄၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ နမ်းနှိမ်ကျေးရွာနားက တောင်ကုန်းတွေမှာ ရှိနေပြီး နှစ်ဖက်တိုက်ပွဲတွေလည်းဖြစ်ပွားနေဆဲလို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ဆက်ပြောပါတယ်။

“ စစ်ကောင်စီတပ်ကတော့ အဲ့ဒီ နမ်းနှိမ်ရွာနဲ့ အနီးတစ်ဝိုက် တောင်ကုန်း တောင်တန်းပေါ်မှာတော့ ရှိနေတုန်းပဲပေါ့နော။ သူတို့ စစ်ကြောင်းတွေကတော့ ရှိနေတုန်းပဲ ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ
တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ခုခံတိုက်ခိုက်နေတုန်းပဲပေါ့နော။ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေကတော့ ဖြစ်နေတုန်းပဲပေါ့နော။ ” လို့ သူက ပြောပါတယ်။

ပင်လောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး သုံးပတ်ကြာ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတာပါ။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ လေကြောင်းတွေနဲ့ အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် နမ်းနှိမ်ကျေးရွာမှာ မတ်လ ၁၀ ရက်နေ့က ရွာမှာကျန်ရစ်ခဲ့တဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူ ၈ ထောင်ဝန်းကျင်ဟာလည်း လက်ရှိမှာ နီးစပ်ရာ ကျေးရွာနဲ့ ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ကူညီပေးသူတွေထံကနေ သိရပါတယ်။

ဓါတ်ပုံ – KNDF
spot_img
spot_img