spot_imgspot_imgspot_imgspot_img
Thursday, September 19, 2024
spot_imgspot_imgspot_imgspot_img

နယ်စပ်တပ်စခန်းတွေမှာ ရိက္ခာပို့ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ် မကြာခဏ တိုက်ခိုက်ခံရ

ကန္တာရဝတီတိုင်း(မ်)

ထိုင်း-ကရင်နီနယ်စပ်တကြောမှာ တည်ရှိတဲ့ တပ်စခန်းတွေဆီကို ရိက္ခာပို့ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ဟာ မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံရတာ ရှိတယ်လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ် က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ ဒီတစ်လပိုင်း(ဇန်နဝါရီလ) နဲ့ ဖေဖော်ဝါရီလထဲမှာဆို တိုက်ပွဲက လေး၊ ငါး၊ ခြောက်ကြိမ် ၊ ခုနစ်ကြိမ်လောက်ရှိပြီပေါ့။ အောက်ပိုင်း နန့်ပန်ဖက်ကော အပေါ်ဖက်မှာက ပန်ယို့ဖက်မှာဖြစ်တယ်။ ရှားတောကနေလာတဲ့ တပ်ရင်းလည်း ၂ခါဖြစ်ပြီ။ ၁၄၄၁ ဆိုတဲ့ ကောက်ကောက်ဖက်က စခန်း လည်း သူတို့ ရိက္ခာပို့တဲ့အချိန်မှာ အရှိန်မြင့် လက်နက်ရတာတို့ ကြားဖူးမှာပေါ့။ နောက်ပြီး လေယာဉ်နဲ့လာပို့တာ ပြန်ပစ်တော့ လေယာဉ်ဆင်းသက်ချိန်မရပဲ သူတို့ ပြန်ဆုတ်တာတို့ အဲ့မျိုးတွေရှိတယ်လေ။ “ လို့ ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိ ပွင့်လင်းရာသီကာလမှာ ရိက္ခာတွေကို စုဆောင်းနေတာဖြစ်ပြီး တပ်စခန်းတွေဆီ ရိက္ခာပို့ဖို့အတွက် ကုန်းလမ်း အပြင် ရေကြောင်း၊ လေကြောင်းတွေပါ အသုံးပြုနေတာဖြစ်ပါတယ်။

ရှမ်းပြည်တောင်ပိုင်း၊ ကျိုင်းခမ်းမြို့အခြေစိုက် ခမရ (၅၁၀)တပ်ရင်း ကလည်း ၂၀၂၃ခုနှစ် ဇန်နဝါရီလကတည်းက ထိုင်း-ကရင်နီ နယ်စပ်စခန်းတွေဆီ ရိက္ခာပို့ဆောင်ဖို့ လုပ်ဆောင်နေမှုတွေမှာ ၃ကြိမ် တိုက်ခိုက်ခံရပြီဖြစ်ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့ (KMIC)က ဒီကနေ့ (မတ်လ ၁၀ရက်နေ့) သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ အဲ့ဒီတပ် ခမရ (၅၁၀)က ရိက္ခာပို့ဆောင်တဲ့နေရာမှာ လမ်းလုံခြုံရေးယူပေးရတယ်။ နောက်ပြီးတော့မှ ဒီနယ်စပ်စခန်း တချို့မှာ အင်အားလျော့နေတယ်ဆိုပြီးတော့ အင်အားဖြည့်စွက်ပေးတာမျိုးလည်းပါတယ်။ “ လို့ ခူညေးရယ်က ဆက်ပြောပါတယ်။

ယမန်နေ့(မတ်လ ၉ရက်နေ့) မနက် ၆နာရီခွဲအချိန် ခမရ (၅၁၀)တပ်ရင်းနဲ့ ထိုင်း-ကရင်နီ နယ်စပ်အနီး ဒေါတခဲစစ်ဒေသမှာ ကရင်နီတပ်မတော်(KA)နှင့်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ (၂)ဦး သေဆုံး၊ ဒဏ်ရာတစ်ချို့ရရှိခဲ့တယ်လို့ KMICရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထို့အတူ နယ်စပ်တပ်စခန်းသို့ ရိက္ခာပို့ဆောင်ဖို့နဲ့ လမ်းလုံခြုံရေးတာဝန်ယူဖို့ လုပ်ဆောင်နေတဲ့ ခမရ (၅၁၀)တပ်ရင်းနဲ့ မတ်လ ၆ရက်နေ့က ထိုင်း-ကရင်နီနယ်စပ် BP-9 တောင်ကုန်းအမှတ် ပွိုင့် ၃၂၂၂ အနီး တိုက်ခိုက်ခံရပြီး စစ်ကောင်စီ (၁)ဦး ကျဆုံးခဲ့ပါတယ်။

တာတမောစခန်းကနေ ရှားတော ဗျူဟာကုန်းကို ရိက္ခာပို့ဖို့ ဆောင်ရွက်နေတဲ့ ခမရ (၅၁၀)တပ်ရင်းနဲ့ ဖေဖော်ဝါရီလ(၂၆)ရက်နေ့မှာလည်း KA ၊ KNDF တပ်တို့ ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး (၅)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ထုတ်ပြန်ချက်အရ ရိက္ခာပို့တဲ့ စစ်ကောင်စီ ခမရ ၅၁၀ တပ် တိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးခဲ့တာဖြစ်ပြီး တိုက်ပွဲက ဆက်လက်ပြင်းထန်နိုင်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် နယ်စပ်စခန်းတွေမှာ စစ်ကောင်စီဖက် ရိက္ခာပို့ဆောင်နေမှုအတွင်း တိုက်ခိုက်ခံရတာတွေ ရှိတဲ့အတွက် လုံလောက်တဲ့ရိက္ခာ မရရှိနိုင်သေးဘူးလို့ ခူညေးရယ်က သုံးသပ်ပါတယ်။

“ အာဏာမသိမ်းခင်တုန်းကဆို သူတို့ ဖြောင့်ဖြောင့်ဖြူးဖြူး သူတို့မှာ ဒီနယ်စပ်တွေမှာ တစ်နှစ်စာရိက္ခာပုံရှိတယ်။ ၆လစာ ရိက္ခာပုံရှိတယ်။ အခုကလည်း သူတို့ရည်ရွယ်ချက်ကတော့ ဒီနယ်စပ် စခန်းတွေကို အမာခံစခန်းပြောရမှာပေါ့။ သူတို့ စိုးမိုးထားတဲ့ကုန်း ဗျူဟာမြောက်တဲ့ ကုန်း အရေးပါ အရာရောက်ကုန်းမျိုးဆို သူတို့ တစ်နှစ်စာရိက္ခာပုံတယ်လေ။ အခုက ရိက္ခာရှိတယ်။ တချို့က ရောက်နေပြီဆိုပေမယ့် သူတို့သတ်မှတ်ထားတဲ့ တစ်နှစ်စာရိက္ခာပုံမျိုးတော့ မရောက်နိုင်သေးဘူးလို့ ကျနော်တို့က အဲ့လိုမြင်တယ်ပေါ့နော။ “

ထိုင်း-ကရင်နီနယ်စပ်တကြောမှာ Bp-8 ကနေ Bp 16 အထိ နယ်စပ်နေရာ ၉ခုရှိပြီး စစ်ကောင်စီ နယ်စပ် တပ်စခန်းတွေ အနည်းဆုံး ၁၀ ခုနဲ့ အထက် ရှိပါတယ်။

မတ်လ ၉ ရက်နေ့ မှာလည်း ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၊ ကရင်နီတပ်မတော် KA တို့ တိုက်ပွဲပြင်းထန်နေကြတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။

ဘောလခဲကနေ ဒီးမော့ဆိုကို စစ်ကြောင်းတစ်ကြောင်း၊ ဒီးမော့ဆိုမြို့နယ် ၆ မိုင်ကနေလည်း ထိုးစစ်ဆင်နေတာဖြစ်ပြီး လက်ရှိမှာ တိုက်ပွဲဖြစ်ပွားနေတာပါ။ အဆိုပါတိုက်ပွဲကြောင့် ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ ဒေသခံ သုံးထောက်ကျော် ထပ်မံ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

spot_img
spot_img