spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နယ်စပ်ဒေသက ကျောင်းသုံးကျောင်း စုပေါင်းပြီး ကျောင်းသားနှီးနှောဖလှယ်ပွဲကျင်းပ

ကန္တာရဝတီတိုင်း( မ် )

ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ ကရင်နီအမျိုးသားကောလိပ်( KnNC )၊ ဆယ်သဲကောလိပ် ( STC ) နဲ့ ဒီးကူပညာရေး စင်တာ ( DEC ) တို့ပေါင်းပြီး ဒီဇင်ဘာလ ၂၂ရက် ကနေ ၂၄ရက်နေ့အထိ သုံးရက်တာကျောင်းသားနှီးနှောဖလှယ်ပွဲကို ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီနှီးနှောဖလှယ်ပွဲမှာ လက်ရှိနိုင်ငံရေးအကြောင်းတွေကို ပြောပြနိုင်ဖို့ ကရင်နီနိုင်ငံရေးအကြီးအကဲတွေကို ဖိတ်ခေါ်ဟောပြောတဲ့ အစီအစဉ်တွေကိုလည်း ထည့်သွင်းထားပြီး အဲဒီလို ထည့်သွင်းရတဲ့ အကြောင်းအရင်းကို KnNC ကျောင်းအုပ် ခူးငါးရယ်လေးက အခုလိုပြောပါတယ်။

“ ကျနော်တို့ ကျောင်းသားနှီးနှောဖလှယ်ပွဲမှာ ဒီခေါင်းဆောင်အကြီးတွေကို နိုင်ငံရေးအပိုင်းနဲ့ ပတ်သက်ပြီးတော့မှ ပြောခိုင်းတဲ့အကြောင်းအရင်းက ကျနော်တို့ ကျောင်းသူကျောင်းသားတွေဆိုတာ လူငယ်တွေပေါ့နော။ လူငယ်တွေဆိုတာက ဒီနေ့လူငယ် ဒီနေ့ခေါင်းဆောင်လည်း ဖြစ်နိုင်တယ်။ မနက်ဖြန် ခေါင်းဆောင်လည်းဖြစ်နိုင်တယ်ပေါ့နော။ ဆိုတော့ နိုင်ငံရေးဆိုတာကလည်း ကိုယ်က နိုင်ငံရေးမှာ မပတ်သက်ချင်ပေမယ့်လည်း နိုင်ငံရေးက ကိုယ့်ကို လာပတ်သက်တယ်။ ဆိုတော့ ကျောင်းသူကျောင်းသားတွေကလည်း ဒီဟာကို နားလည်သင့်တယ်။ သိထားသင့်တယ်။ ဒါမှလည်း သူတို့တွေလည်း ကိုယ့်ရဲ့ပြည်နယ်မှာ ဘာတွေဖြစ်ပျက်နေတာလဲ။ ပြီးတော့မှ ကိုယ့်ရဲ့ ခေါင်းဆောင်ပိုင်း လူကြီးပိုင်းတွေက ဘာတွေလုပ်ဆောင်နေလဲ ဆိုတဲ့ဟာလည်း နားလည်ထားဖို့လိုတယ်ပေါ့နော။ ဒါကြောင့် ကျနော်တို့က ဒီနိုင်ငံရေးပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီးတော့မှ ခေါင်းဆောင်ကြီးတွေကို ဖိတ်ပြီးတော့မှ ကျနော်တို့ပါပါ ရှင်းပြခိုင်းတာပေါ့နော။ ” လို့ ခူးငါးရယ်လေးက ပြောပါတယ်။

အဲဒီနှီးနှောဖလှယ်ပွဲကို ကရင်နီအမှတ် ( ၁ ) ဒုက္ခသည်စခန်းမှာရှိတဲ့ KnNC ကျောင်းမှာ ပြုလုပ်ခဲ့ပြီး ကျောင်းသုံးကျောင်း က လူဦးရေ စုစုပေါင်း ၂၀၀ကျော် တက်ရောက်ခဲ့ပါတယ်။ Debate ပြုလုပ်တာတွေ၊ ဆွေးနွေးတာတွေ၊ အတွေ့အကြုံ ဖလှယ်တာတွေ၊ ကရင်နီနိုင်ငံရေးခေါင်းဆောင်တွေကို ဖိတ်ကြားပြီး ဆွေးနွေးစေတာတွေနဲ့ အမေးအဖြေကဏ္ဍတွေကို နှီးနှောဖလှယ်ပွဲမှာ ထည့်သွင်းပြုလုပ်ခဲ့ကြပါတယ်။

DEC ကျောင်းကို တက်ရောက်နေတဲ့ စောမွန်းရှိုင်းဖဲဘူးက အဲဒီနှီးနှောဖလှယ်ပွဲမှာ ပါဝင်ခဲ့ပြီး သူ့ရဲ့ အတွေ့အကြုံကို အခုလို ပြန်ပြောပြပါတယ်။

“ ရသွားတာဆိုတော့ ကျနော်တို့ သူငယ်ချင်းအသစ်သာမက သူတို့အတွေ့အကြုံတွေ ကျောင်းသူကျောင်းသား နေရာဒေသ သုံးနေရာဆိုတော့ သူတို့ နေရာသုံးခုရဲ့ ဘဝအတွေ့အကြုံတွေ သူတို့မျှဝေတာတွေကို ကျနော်တို့ ပြန်တွေ့ရတယ်ပေါ့နော။ သူတို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာလည်း တွေ့ရတယ်။ ဥပမာ ဆယ်သဲဆိုရင်လည်း သူတို့ နည်းနည်း IDPs ဆိုတော့ ဒီတောထဲမှာ သူတို့ဘယ်လို သွားလှုပ်ရှားလဲဆိုတာ သူတို့ဖော်ပြတယ်။ ဒီဖက်မှာဆိုရင်လည်း သူတို့ Camp ဆိုရင်လည်း Camp အလျှောက် သူတို့အခက်အခဲတွေကို ဖော်ပြတယ်။ သူတို့ ဘယ်လိုလုပ်လဲဆိုတာ ဖော်ပြတယ်။ သူတို့ဘယ်လို ဖြေရှင်းလဲဆိုတာ ပြောကြတယ်ပေါ့နော။ ကျနော်က DEC ဆိုတော့ အခြေအနေ အဲဒီလိုပေါ့။” လို့ စောမွန်းရှိုင်းဖဲဘူးက ပြောပါတယ်။

ကျောင်းသားအချင်းချင်း ရင်းနှီးမှု ပိုမိုတည်ဆောက်နိုင်ဖို့၊ လက်ရှိဖြစ်ပေါ်နေတဲ့ ကရင်နီနိုင်ငံရေးပိုမိုသိရှိ နားလည်နိုင်ဖို့နဲ့ မတူညီတဲ့နေရာဒေသက အတွေ့အကြုံတွေကို ဖလှယ်နိုင်ဖို့ အဲဒီလိုနှီးနှောဖလှယ်ပွဲကို ပြုလုပ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနှီးနှောဖလှယ်ပွဲကို ၂၀၁၃ခုနှစ်ကနေစပြီး ပြုလုပ်ခဲ့ပြီး ကရင်နီနယ်စပ် ဒုက္ခသည်စခန်းမှာရှိတဲ့ KnNC ကျောင်းသားတွေ ကရင်နီပြည်တွင်းပြန်ပြီး စုဝေးပြုလုပ်ကြတယ်လို့ သိရပါတယ်။ အဲဒီလို ပြုလုပ်ရာမှာ KnNC ၊ STC နဲ့ လွိုင်ကော်မှာ ဖွင့်လှစ်နေတဲ့ Level up Academy ကျောင်းတွေ စုဝေးပြီး ကျောင်းသားနှီးနှောဖလှယ်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။

ကိုဗစ်ကာလနဲ့ အာဏာသိမ်းကာလအတွင်းတွေမှာတော့ အဲဒီလို နှီးနှောဖလှယ်ပွဲကို မပြုလုပ်နိုင်ခဲ့ပဲနဲ့ ယခု ၂၀၂၂ခုနှစ်မှ ပြန်လည်ပြုလုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

spot_img
spot_img