spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နယ်စပ်လူငယ်ပညာရေးအခွင့်အလမ်းအတွက် ဖွင့်လှစ်လိုက်တဲ့ Pre – GED Program

ကန္တာရဝတီတိုင်း(မ်)

ဆယ်သဲဖောင်ဒေးရှင်း ( STF) လက်အောက်ရှိ ဒီးကူပညာရေးစင်တာ (Deeku Education Center) ရဲ့ Pre -GED Program အမှတ်စဉ် (၁) ဖွင့်လှစ်လိုက်တဲ့ အစီအစဉ်ကို ဒီကနေ့ ဇူလိုင်လ (၃၀)ရက်နေ့မှာ ထိုင်း-ကရင်နီနယ်စပ်တစ်နေရာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။

GEDဆိုတာ အမေရိကန်အထက်တန်းပညာရေးတစ်ခုဖြစ်ပြီး ပုံမှန်ကျောင်းအချိန်ပြည့်မတက်နိုင်သူတွေ၊ စစ်ပွဲကြောင့် လူမှုအခက်အခဲကြောင့် ပုံမှန်ဖွင့်နေတဲ့ကျောင်းတွေမှာ မတက်နိုင်တဲ့လူငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့အစီအစဉ်ဖြစ်ပြီး နိုင်ငံတကာပညာရေးကို ဆက်လက်တက်လှမ်းနိုင်မယ့် အခွင့်အလမ်းကို ရရှိစေမယ့် အစီအစဉ်တစ်ခုဖြစ်ပါတယ်။

ပညာရေးဆက်လက်ရရှိနိုင်ဖို့အတွက် အခွင့်အရေးလာရောက်ရှာဖွေတဲ့ ကျောင်းသားလူငယ်တွေကို အဓိက ဦးစားပေးခေါ်ယူခဲ့တာဖြစ်ပါတယ်။

“ကျမတို့ လုပ်နေတဲ့ IDP စစ်ရှောင်ပညာရေး နောက်တစ်ခါ ဒုက္ခသည်ပညာရေးပေါ့ အားလုံးခြုံပြောရရင် တိုင်းရင်းသားပညာရေးပေါ့နော။ ကျမတို့နှစ်ပေါင်းများစွာ တိုင်းရင်းသားဒေသတွေမှာ အထူးသဖြင့် ကရင်နီကျေးလက်ဒေသတွေမှာ ကျောင်းဖွင့်တာတွေအများကြီးရှိတယ်။ မြန်မာနိုင်ငံအစိုးရကနေဖွင့်ထားတဲ့ ကျောင်းတွေ လက်လှမ်းမမှီတဲ့ကလေးတွေအတွက် ကျမတို့ ပညာရေးလုပ်ငန်းတွေလုပ်ပေးနေတာရှိတယ်။ ဒါပေမယ့် ပေးလိုက်တဲ့ ပညာရေးက နိုင်ငံတကာ အထူးသဖြင့် ထိုင်းနဲ့ မြန်မာက ကျမတို့ပညာရေးကို အသိအမှတ်ပြုခြင်းမရှိဘူးပေါ့နော။ အသိအမှတ်မပြုတဲ့ခါမှာကျတော့ ကျောင်းပြီးသွားတဲ့ကလေးတွေက ကျောင်းဆက်တက်နိုင်ဖို့ အခက်အခဲရှိတယ်။ ဥပမာ- ထိုင်းတက္ကသိုလ်လည်း တက်လို့မရသလို မြန်မာတက္ကသိုလ်ကိုလည်း ပြန်တက်လို့မရဘူး။ ဆိုတော့ အဲ့ဒီကလေးတွေအတွက် အခုက ပညာရေးကိုဆက်လက်လှမ်းမှီနိုင်ဖို့က GED က သူတို့အတွက် အကောင်းဆုံးဖြေရှင်းနိုင်တဲ့လမ်းတစ်လမ်းဖြစ်တယ်ပေါ့နော။ GEDကတဆင့် သူတို့က နိုင်ငံတကာပညာရေးကို ပြန်ပြီးတော့မှ အခွင့်အလမ်းရရှိနိုင်မှာဖြစ်တယ်ပေါ့။” လို့ ဆယ်သဲဖောင်ဒေးရှင်းဒါရိုက်တာ ဆရာမမော်မိမာက ပြောပါတယ်။

Pre -GED Program အမှတ်စဉ် (၁)မှာ ပညာသင်ကြားခွင့်ရတဲ့ ကျောင်းသားလူငယ် (၂၆) ဦးရှိပြီး အမျိုးသမီး (၁၆)ဦး အမျိုးသား (၁၀)ဦးဖြစ်ပါတယ်။ အသက် (၁၇)နှစ်ကနေ (၂၃)နှစ်ကြားအရွယ်လူငယ်တွေ တက်ရောက်ခွင့်ရကြပါတယ်။ အချိန်ပြည့်သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမ (၃)ဦး၊ အချိန်ပိုင်းသင်ကြားပေးတဲ့ ဆရာ၊ ဆရာမ (၃)ဦး စုစုပေါင်း ၆ ဦးက သင်ကြားပေးတယ်လို့ သိရပါတယ်။

GED ဘာသာရပ်တွေဖြစ်ကြတဲ့ အင်္ဂလိပ်၊ သင်္ချာ၊ Social Study၊ Science ကို အဓိကသင်ကြားသွားမှာဖြစ်ပြီး နေ့စဉ်လူမှုဘဝအတွက် လူမှုဆက်ဆံရေး၊ ၂၁ရာစုပညာရေးမှာ အသုံးပြုလာကြတဲ့ စဉ်းစားတွေးခေါ်မှုအပိုင်း၊ ကရင်နီသမိုင်းကြောင်း၊ စာပေ၊ ယဉ်ကျေးမှုအပြင် ထိုင်းဘာသာစကားကိုလည်း သင်ကြားပေးသွားမှာဖြစ်ပြီး ပညာတတ်လေးတွေ မွေးထုတ်ဖို့ ရည်ရွယ်ထားတာပဲဖြစ်ပါတယ်။ စာသင်နှစ် တစ်နှစ်တိတိ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

ဒီကနေ့ ဖွင့်လှစ်လိုက်တဲ့ အခမ်းအနားအစီအစဉ်မှာ ဆယ်သဲဖောင်ဒေးရှင်းဒါရိုက်တာဆရာမ မော်မိမာမှ မိန့်ခွန်းပြောကြားတာ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ အတွင်းရေးမှူး-၂ ဆရာဦးအောင်ဆန်းမြင့်မှ ကျောင်းသားကျောင်းသားတွေကို အားပေးစကားပြောကြားတာ၊ ကျောင်းသားကျောင်းသူများမှ သီချင်းသီဆိုတာ၊ ကျောင်းသားကိုယ်စားလှယ်တစ်ဦးမှ စကားပြောကြားတာ၊ အကဖျော်ဖြေတင်ဆက်တာ၊ ကျေးဇူးတင်စကားပြောကြားတာ၊ မှတ်တမ်းဓါတ်ပုံရိုက်ကူးတာတွေကို ထည့်သွင်းပြုလုပ်သွားခဲ့ပါတယ်။

spot_img
spot_img