spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နယ်စပ် စစ်ရှောင်စခန်းမှာ ကလေးအပါအဝင် လူကြီးပါ အရေပြားအနာဖြစ်ပွားမှု များနေ

ကန္တာရဝတီတိုင်း(မ်)

ထိုင်း-ကရင်နီနယ်စပ် စစ်ရှောင်စခန်းတစ်နေရာမှာ ကလေးအပါအဝင် လူကြီးပါ အရေပြားအနာဖြစ်ပွားတဲ့ဦးရေ ၂၀၀ နီးပါးရှိနေတယ်လို့ စစ်ရှောင်စခန်းရဲ့ ဆေးပေးခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နွေရာသီကာလရောက်လာပြီဖြစ်တဲ့အတွက် ရေရှားပါးမှု စတင်ကြုံတွေ့ရသလို ရရှိလာတဲ့ ရေတွေလည်း သန့်ရှင်းကြည်လင်မှုမရှိတဲ့အပြင် တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတဲ့အတွက်ကြောင့်လည်း အရေပြားအနာ ဖြစ်ပွားမှုများနေတယ်လို့ ဆေးပေးခန်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“လောလောဆယ် အဖြစ်များတာက Skinပေါ့။ Skin(အရေပြား) ဆိုတာက အရေပြားရောဂါ က တအားအဖြစ်များတယ် ရေကြောင့် ပဲလာ မသိဘူး။ ရေကြောင့်ပဲဆိုတော့လည်း ရေရှားလို့ပဲ ဖြစ်ရင်လဲ ဖြစ်နိုင်တာပေါ့နော် ဒီမှာခါကျတော့ ရေလဲရှားတယ်ကော။ ပြီးတော့ ခုလောလောဆယ်ဆို ရေခပ်တော့မယ်ဆို ရေလာတာကလဲ ကြည်ကြည်လင်လင် နဲ့ ရေလာတာမရှိတော့ဘူး ရေနှောက်တွေပဲရှိတော့တယ်။ အဲ့ခါကျတော့ အဲ့ဒီရေကြောင့်ပဲ ဖြစ်တာလား သို့မဟုတ် တခြားအခြေအနေကြောင့် ပဲ ဖြစ်တာလားမသိဘူးပေါ့။ ဒါပေမဲ့ လောလောဆယ်က အဖြစ်များဆုံးက ဒီအရေပြားရောဂါ အဖြစ်များတယ်” လို့ သူက ပြောပါတယ်။

စစ်ရှောင်စခန်းမှာ ၁၀နှစ်အောက် နဲ့ လသားအရွယ်ကလေးငယ်တွေမှာ အရေပြားအနာဖြစ်ပွားမှု များနေတယ်လို့ ဆိုပါတယ်။ ကျော၊ ခြေထောက်၊ မျက်နှာ နဲ့ လက်ချောင်းကြားတွေမှာ အဖြစ်များပြီး မသက်သာနိုင်ဘူးလို့ အရေပြားအနာဖြစ်ပွားနေတဲ့ ၆လသားအရွယ် ကလေးဖခင်တစ်ဦးက ပြောပါတယ်။

“သူ(ကလေးငယ်) ဖြစ်တာက တစ်လ ခွဲလောက်ရှိပြီ။ သူရဲ ဂျိုင်းကြားမှာ နည်းနည်းစဖြစ်တာ ပြီးတော့ ကြာကြာလာတော့ သူ့ခန္ဓာကိုယ်မှာ ဖြစ်သွားတာပေါ့နော။ သူ့ရဲ့ ကျောမှာ ပိုအဖြစ်များတယ်။ ကျောမှာဖြစ်ပြီး ပျောက်သွားတယ်။ ပျောက်သွားတယ်ဆိုပေမဲ့ ပြန်ပြီးထွက်ထွက်လာတယ်။ ခုက သူ့ရဲ ခြေထောက်တွေမှာ ထွက်တယ်။ ဆေးလည်းထိုးတယ် ဆေးလည်းလိမ်းတယ်။ ဘယ်လိုဖြစ်ဖြစ် မထူးဘူးပေါ့နော် ဆေးခန်းကို ခနခဏသွားတယ်။ ဆေး ၆ လုံး ထိုးပြီး နည်းနည်းသက်သာလာတယ်။ ခုလဲ ပြန်ထွက်လာတာပေါ့နော် သူရဲ့မျက်နှာတွေမှာ ထွက်တယ်” လို့ သူက ပြောပါတယ်။

အရေပြားအနာဖြစ်ပွားတဲ့ လက္ခဏာတွေမှာ အနီစက် အကွက်တွေ၊ ၊ အရည်ကြည်ဖုထွက်တာတွေ ၊ လက်ချောင်းကြား ၊ ပေါင်ကြား၊ ခြေထောင်ကြား၊ ဂျိုင်းကြား ၊ အရေပြားနုတဲ့နေရာတွေမှာ အဖြစ်များတယ်လို့ ဆေးပေးခန်းရဲ့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“တစ်ကိုယ်လုံး တချို့ခါကျတော့ ခြေလက်တွေမှာဖြစ်တယ်။ တချို့တွေခါကျတော့ လက်ချောင်းကြား ၊ခြေချောင်းကြားတွေမှာ ဖြစ်တယ်။ ပြီးလို့ရှိရင် ပေါင်ကြားတွေမှာ အရေပြားနုတဲ့နေရာတွေမှာ ပိုဖြစ်တယ်။ အဲ့ ပေါင်ကြားတို့ ဂျိုင်းကြားတို့ဆို ပိုဖြစ်များတယ် ဗိုက်တို့ပေါ့နော။ အဲ့နေရာတွေမှာ အဖြစ်များတာပေါ့ တချို့ကလဲ ခေါင်းမှာလဲဖြစ်တယ်” လို့ သူက ဆက်ပြောပါတယ်။

စစ်ရှောင်စခန်းမှာ အရေပြားအနာဖြစ်ပွားကြတာ တစ်လကျော်ကြာရှိနေပြီး ဆေးထိုး၊ ဆေးလိမ်း၊ ဆေးသောက်ကြပေမဲ့လည်း မသက်သာကြသေးဘူးလို့ သိရပါတယ်။ သုံးစွဲရတဲ့ ရေနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းမှုအပြင် တစ်ဦးနဲ့ တစ်ဦး ကူးစက်မှုကြောင့်လည်း ပိုမိုအဖြစ်များကြတယ်လို့ သိရပါတယ်။

spot_img
spot_img