မူအက်စတာ
နဝမတန်းကျောင်းသူကို အဓမ္မပြုကျင့်ခဲ့သူအား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ဒီးမော့ဆိုမြို့မရဲစခန်းထံမှ သိရသည်။
ဒီးမော့ဆိုမြို့နယ်၊ ငူးပလော့ရပ်ကွက်နေ အသက်(၁၆)နှစ် နဝမတန်းကျောင်းသူတစ်ဦးအား စားသောက်ဆိုင်တွင် စားသောက်ပြီး အိမ်ပြန်လိုက်ပို့စဉ် အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁ဝရက်နေ့ ညနေ ၆ခွဲအချိန် ငွေတောင်ဆည်ဘောင်သို့ လမ်းလျှောက်ရန် မ…….နှင့် ညီမတော်သူ၊ ဝမ်းကွဲတော်စပ်သူနှင့် သူငယ်ချင်းတို့နှင့်အတူ အဖွားဖြစ်သူအိမ်မှထွက်လာရာ ငူးပလော့ရပ်ကွက် ၆ လမ်းထိပ်အရောက်တွင် သူငယ်ချင်းဟယ်လင်လှိုင်၏ ရည်းစားဆိုသူနှင့် သူ၏သူငယ်ချင်းတစ်ဦးရောက်ရှိလာပြီး အအေးသောက်ရန်ခေါ်သဖြင့် သူငယ်ချင်းဟယ်လင်လှိုင်မှာ ၎င်း၏ရည်းစား ကိုဇော်စီးနှင်းသော ဆိုင်ကယ်နောက်မှလိုက်ခဲ့ပြီး မ………မှာ ကိုဇော်၏သူငယ်ချင်း ရွှေတိုးဆိုင်ကယ်နောက် လိုက်ခဲ့သည်။ ကျန်သူနှစ်ယောက်မှာ ငွေတောင်ဆည်တွင်စောင့်နေခဲ့သည်။
လွိုင်ကော်မြို့နယ်၊ ပန်ကန်းရပ်ကွက် ကျော်ထူးစားသောက်ဆိုင်တွင် စားသောက်ခဲ့ကြပြီး ည ၈ နာရီအချိန်တွင် အဖွားဖြစ်သူမှ စိတ်ပူနေမည်စိုး၍ နေအိမ်သို့ပြန်မည်ပြောရာ ကိုဇော်နှင့်ဟယ်လင်လှိုင်တို့မှာ ဆိုင်တွင်ကျန်နေခဲ့ပြီး ရွှေတိုးမှ ဆိုင်ကယ်ဖြင့်လိုက်ပို့စဉ် ဒီးမော့ဆိုမြို့ ဒေါခလိုက်လင်းကျေးရွာနှင့် ကယားဌာနီကားဝပ်ရှော့ကြားအရောက်တွင် ရွှေတိုးမှ ဆိုင်ကယ်အားလမ်းဘေးသို့ ထိုးချရပ်ခဲ့ပြီး မ………၏လက်ကိုဆွဲပြီး သားမယားအဖြစ် ၁ ကြိမ်ပြုကျင့်ခဲ့သည်။
မ……မှာ ရုန်းကန်ပြီး ငွေတောင်ကျေးရွာကားလမ်းမအတိုင်း ထွက်ပြေးလာခဲ့ရာ ကားလမ်း၏ညာဘက်ရှိ ပထမတွေ့သောနေအိမ်အား အကူအညီတောင်းခံခဲ့ရာ အိမ်ရှင်မှ၎င်းကို နေအိမ်သို့ပြန်ပို့ခဲ့ကြောင်းသိရသည်။
အဓမ္မပြုကျင့်သူ ရွှေတိုးအား (ပ)၆၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့် အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။