spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နာကျင်မှုနဲ့ ကြိုးစားရှင်သန်နေရတဲ့ သမီးလေး နာတားလျာ

မီမြာ

“ သမီးခေါင်း ပြန်ကောင်းစေချင်တယ်……ပြီးတော့ အဝတ်အစားတွေ လိုချင်တယ်….နောက်တော့ စာအုပ်တွေ၊ ခဲတံတွေ၊ ဘောပင်တွေ လိုချင်တယ် “

အသက် (၁၁) နှစ်အရွယ် စစ်ရှောင် သမီးငယ် နာတားလျာရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို မေးကြည့်တဲ့အခါ အခုလို ပြောပြသွားတာဖြစ်ပါတယ်။ နာတားလျာဟာ သာမာန် စစ်ရှောင် ကလေးငယ်တစ်ဦးလိုမျိုး နေ့စဉ်ဘဝကို ဖြတ်သန်းနေပေမယ့် နေ့ရက်တိုင်းကတော့ အရွယ်နဲ့ မမျှတဲ့ နာကျင်မှုကို ခံစားနေရတဲ့ ကလေးငယ်တစ်ဦးဖြစ်ပါတယ်။

သူကတော့ မတော်တဆမှုတစ်ခုကြောင့် ဦးနှောက်သွေးခဲတာကို ခံစားနေရတဲ့ ကလေးငယ် တစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် မတော်တဆမှု ဖြစ်စဉ် အပါအဝင် အရင်က ဖြစ်စဉ် အကြောင်းအရာ တွေကို မမှတ်မိတော့တဲ့ အခြေအနေ ကို ကြုံတွေ့နေရသူ ဖြစ်ပါတယ်။

နာတားလျာရဲ့ မတော်တဆမှု ဖြစ်စဉ်ကတော့… ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေကြေညာတဲ့နေ့ (ဒီဒေး) စက်တင်ဘာလ ၇ ရက် ညနေ ၇နာရီဝန်းကျင်မှာ ဒီးမော့ဆို မြို့ရဲစခန်းမှာ တိုက်ပွဲသံတွေနဲ့ ဆူညံနေခဲ့ပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားနေတဲ့ ညအချိန် အတောအတွင်းမှာပဲ အနီးအနား ဒေသခံတွေ အသုန်းအရုန်း လုံခြုံမယ့်နေရာကို ပြေးခဲ့ရပါတယ်။

အဲ့ဒီအထဲမှာ ဒေါငံခါး (၂) ရပ်ကွက်မှာ နေထိုင်တဲ့ နာတားလျာ တို့ မိသားစုလည်း ပါဝင်ပြီး နာတားလျာရယ်၊ သူ့ဝမ်းကွဲ ဖြစ်သူ ရယ် ၊ သူ့အဒေါ် ဖြစ်သူရယ် ဆိုင်ကယ်တစ်စီး နဲ့ နေအိမ်က ထွက်လာခဲ့ကြပါတယ်။ ညမှောင်ရီနေတဲ့ အချိန်ဖြစ်သလို အလျင်စလို အလန့်တကြားနဲ့ တိမ်းရှောင်နေခဲ့ကြပြီး ဒေါ်ပေါ်ကူးကျေးရွာအဝင် လမ်းခွဲမှာ မတော်တဆမှု ဖြစ်ခဲ့ရပါတယ်။

“ ကျမတို့ညမှောင်တဲ့အခါကျတော့ ကျမတို့ဆိုင်ကယ် နဲ့ ၃ယောက်စီးတယ်။ တူမ၂ယောက်ရယ်။ နောက် ကျမဆို ကိုယ်ဝန်၂လကျော်ရယ်ပေါ့။ ကိုယ်ဝန်၂လကျော်တော့ ပျက်ကျသွားတယ်။ တူမတစ်ယောက်ဆုံးသွားတယ်။ ကျမတို့ပြေးရတာ ညအချိန်မိုးချုပ်။ အကြောက်တလန့် နဲ့ခါကြတော့ အဲ့ဒီကားက အနောက်ကဝင်ကျုံးတာပေါ့ ကျမတို့ကို ဝင်ကျုံးပြီးတော့သူတို့ထွက်သွား လိုက်တယ်ပေါ့။ “ လို့ နာတားလျာ အဒေါ်ဖြစ်သူက ပြန်ပြောပြပါတယ်။

မတော်တဆမှုဖြစ်စဉ်မှာ နာတားလျာ အဒေါ်ဖြစ်သူရဲ့ ပထမဦးဆုံး လွယ်ထားရတဲ့ ကိုယ်ဝန် ပျက်ကျခဲ့ရသလို၊ (၈)နှစ်အရွယ် တူမ ဖြစ်သူလည်း ပွဲချင်းပြီး ဆုံးခဲ့ရပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ အတောအတွင်း နာတားလျာတို့ ၃ဦး ကြုံခဲ့တဲ့ မတော်တဆမှုကတော့ ဆေးရုံ၊ ဆေးခန်း ချက်ချင်း သွားဖို့ ခက်ခဲတာတွေလည်း ရင်ဆိုင်ခဲ့ရပါသေးတယ်။

နာတားလျာတို့ ကြုံတွေ့ခဲ့ရတဲ့ မတော်တဆမှုကတော့ လူသိရှင်ကြား မဟုတ်တဲ့ နာတားလျာတို့ ၃ဦး ရဲ့ တော်လှန်ရေးကာလအတွင်း ပေးဆပ်မှု တစ်ခုသာဖြစ်ခဲ့ပါတယ်။

နာတားလျာအဒေါ်ဖြစ်သူ အတွက်ကတော့ သူ့ရဲ့ ကမ္ဘာပျက်ခဲ့ရတဲ့ အဲ့ဒီနေ့ညက အဖြစ်အပျက်ကို ပြန်တွေးမိတိုင်း ရင်တဆစ်ဆစ်နာနေမှာ အမှန်ပါပဲ။

သို့ပေမယ့် နာတားလျာကတော့ မတော်တဆမှုအတွင်း ဦးခေါင်းမှာ ရရှိခဲ့တဲ့ ထိခိုက်ဒဏ်ရာကြောင့် အဲ့ဒီအဖြစ်အပျက်ကို သူ့အနေနဲ့ မမှတ်မိတော့ပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆိုးဝါးတဲ့ အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရပေမယ့် လက်ရှိမှာဆိုရင် ဖြစ်စဉ်ကို မမှတ်မိတော့တာကလည်း သူ့အတွက် နာကျင်မှုတစ်ခု လျော့သွားတယ်လို့တောင် ဆိုရမလိုပါပဲ။

မတော်တဆမှု ဖြစ်ပြီးနောက် တောင်ကြီး က ဆေးရုံတစ်ခုမှာ ၃လကျော် တက်ခဲ့ရပြီး အဒေါ်ဖြစ်သူဟာဆိုရင် သိန်း ၁၅၀ နဲ့ နာတားလျာကတော့ သိန်း ၆၀ ကုန်ကျခဲ့တယ်လို့ ပြောပြပါတယ်။

နာတားလျာ အဒေါ်ဖြစ်သူကတော့ ကျောက်ကပ်လည်း ထိခိုက်ထားသလို တခြား ထိခိုက်ဒဏ်ရာတွေလည်းများတဲ့အတွက် သူ့အနေနဲ့ ကိုယ်ဝန် ထပ်ယူလို့မရတော့တဲ့ အခြေအနေ ကို ကြုံတွေ့နေရပါတယ်။

နာတားလျာကတော့ ဦးနှောက်သွေးခဲနေပြီး ဆေးရုံဆင်းပြီးနောက်ပိုင်းမှာ ငွေကြေးအခက်အခဲကြောင့် ဆေးထပ်မတိုက်နိုင်တော့ဘူးလို့ အဒေါ်ဖြစ်သူက ပြောပြပါတယ်။

“ တူမလေးယောက်ကတော့ အမှန်ဆို သူက ဆက်သောက်ရမယ်လို့ ဆရာဝန်ပြော တယ်။ ကျမတို့ငွေအင်အားမရှိခါကြတော့ သူဒီတိုင်းပဲအခက်အခဲ နဲ့ ခံနေရတယ်။ သူ့ဒဏ်ရာတွေနဲ့ ငိုကြွေးရတယ်။ အဲ့လိုပဲနေရတာပေါ့။ ဆေးတွေလည်းမဝယ်သောက်နိုင်တော့ပါဘူး။ “

ဦးနှောက် ထဲ သွေးခဲတာအတွက် ဆေးသောက်ဖို့လိုပေမယ့် ဆေးဖိုးမတတ်နိုင်သလို ခွဲစိတ်မယ်ဆိုရင်လည်း အသက်အန္တာရယ် စိုးရိမ်ရပြီး ခွဲစိတ်ဖို့အတွက်လည်း ငွေကြေးမတတ်နိုင်ဘူးလို့ မိသားစုဝင်တွေက ပြောပြပါတယ်။ ဆေးရုံဆင်းပြီးနောက်ပိုင်း နာတားလျာဖြစ်သူ ဆေးထပ်မသောက်နိုင်တော့တာ ၉လ ရှိသွားပြီဖြစ်ပါတယ်။
“ သူဆေးရုံကနေ ဆင်းလာတဲ့၂လကျော်ကျော်ထဲမှာ သူဆေးလည်းမသောက်ရတော့ဘူး။ အဲ့ခါကြတော့ သူပုံမှန် လည်းမဟုတ် အချိန်တိုင်းပြောတယ်။ သူငိုချင်တိုင်းငိုတယ်။ သူ့ဟာအရင်လိုမျိုးမဟုတ်ခါကြတော့ သူ့တွက်အများကြီး ခက်ခဲတယ်။ ” လို့ အဒေါ်ဖြစ်သူက ပြောပြပါတယ်။
နာတားလျာတို့ မိသားစုဟာ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက ယပ်ခူစစ်ရှောင်စခန်းမှာနေထိုင်ကြပြီး နာတားလျာဟာ စစ်ရှောင်မှာရှိတဲ့ စာသင်ကျောင်းမှာ ဒုတိယတန်း တက်ရောက်နေပါတယ်။ ကျောင်းစာဆိုရင်လည်း သင်ချင်တဲ့စာကိုသာ သူသင်တယ်လို့ မိသားစုဝင်တွေက ပြောပြပါတယ်။

နာတားလျာတို့ မိသားစုမှာ ၇ယောက်ရှိပြီး မွေးချင်းမောင်နှမ ၅ယောက်ရှိပါတယ်။ နာတားလျာဟာ အငယ်ဆုံး သမီး ဖြစ်ပြီး လက်ရှိမှာ နာတားလျာ အပါအဝင် မောင်နှမ လေးယောက် ကျောင်းတက်နေကြပေမယ့် ကျောင်းအတွက် ကုန်ကျတဲ့ စရိတ်အနည်းငယ်တွေအတွက်လည်း ခက်ခဲတယ်လို့ သိရပါတယ်။

ကရင်နီပြည်မှာဆိုရင် တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)ရဲ့ ဇူလိုင် ၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း ပျက်စီးသွားတဲ့ နေအိမ် ၁၁၂၁ လုံး ရှိပြီး အဲ့ဒီအထဲမှာ နာတားလျာ တို့ ရဲ့ မိသားစု အိမ်လည်း မီးလောင်ပျက်စီးသွားတဲ့အထဲ ပါဝင်ခဲ့ပါတယ်။

လက်ရှိမှာ စစ်ရှောင်တာ တစ်နှစ်ရှိသွားပြီဖြစ်ပြီး မိုးကာတဲလေးအောက်မှာသာ အသက်ရှင်နေထိုင်နေကြရပါတယ်။ စားဝတ်နေရေးဆိုရင်လည်း အလှူရှင်တွေ ထောက်ပံ့မှသာ အဆင်ပြေတယ်လို့ ဆိုပါတယ်။

နာတားလျာ အဖေဖြစ်သူ ဟာဆိုရင် ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆို တပ်ရင်း (A) မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိစစ်ရှောင်နေရာမှာဆိုရင် နာတားလျာတို့ မိသားစုနဲ့ အတူ နာတားလျာ အဒေါ် ဖြစ်သူနဲ့လည်း အတူတူ စစ်ရှောင်နေကြတာ ဖြစ်ပါတယ်။

“ ကျမတို့နောက်ဆိုရင်လည်း အခြေနေသာကောင်းခဲ့ရင်ပေါ့ ကျမတို့ကိုဘယ်သူကလုပ်ကျွေးမှာလဲ။ ကိုယ့်အခက်ခဲတွေက ကိုယ့်ဝေဒနာဒီလိုဒဏ်ရာတွေနဲ့ဆို ဘယ်သူကကိုယ့် လာကြည့်မှာလည်း ဆိုတဲ့ အားနည်းချက်တွေပဲရှိပါတယ်။ “ လို့ အဒေါ်ဖြစ်သူက ပြောပြပါတယ်။

နာတားလျာတို့မိသားစုဟာဆိုရင်လည်း ဒီတော်လှန်ရေးကာလမှာ ပေးဆပ်မှုတွေ များခဲ့ပေမယ့် ဒုက္ခတွေကြား အားတင်းရင်း ဆက်လက် ပေးဆပ်ရင်း နာကျင်မှုတွေကြား ရှင်သန်နေကြရဦးမှာ ဖြစ်ပါတယ်။ မနက်ဖန် ဘာဖြစ်မလဲဆိုတာ မသိနိုင်တဲ့ နေ့ရက်တွေကို ကျော်ဖြတ်ရင်း နာတားလျာဆိုရင်လည်း နာကျင်မှုတွေ မခံစားရတော့မယ့် နေ့တစ်နေ့ကို ရောက်ချင်နေမှာ အမှန်ပါပဲ။

ကြီးလာရင် ဘာဖြစ်ချင်လဲဆိုရင် လို့ မေးကြည့်လိုက်တဲ့အခါ နာတားလျာကတော့ ပါးချိုင့်ပါတဲ့ အပြုံးမျက်နှာ နဲ့ …….

“ ဆရာမ (ကျောင်းဆရာမ) ဖြစ်ချင်တယ် “ လို့ ခပ်သွက်သွက်လေး ဖြေရှာပါတယ်။

အကူအညီပေးလိုသူများအတွက်

နာတားလျာအတွက် ဆေးဝါးဖြစ်စေ၊ ဆေးကုသစရိတ်ဖြစ်စေ ကူညီပံ့ပိုးမှုကို ကန္တာရဝတီတိုင်း(မ်) ကတဆင့် ကူညီပံ့ပိုးပေးနိုင်ပါတယ်။ Kantarawaddy Times ရဲ့ facebook page ကနေတဆင့် စာတို မက်ဆေ့ ပေးပို့ဆက်သွယ်နိုင်သလို signal အကောက် +66968757299 ကို ဆက်သွယ် ပေးပို့နိုင်ပါတယ်။ ရရှိလာတဲ့ ကူညီမှုတွေကို နာတားလျာ အတွက် တဆင့်ပြန်လည်ပေးပို့သွားမှာဖြစ်ပါတယ်။

spot_img
spot_img