spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိိုလ်နှင့် တွေ့ဆုံဆွေးနွေးမှု တောင်သူအရေး မျှော်လင့်ချက်ရရှိခဲ့ဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ကရင်နီလူငယ်အင်အားစုတို့ တွေ့ဆုံဆွေးနွေးမှုမှာ စစ်တပ်ကနေ တောင်သူတွေကို တရားစွဲထားတဲ့ကိစ္စ ဆွေးနွေးရာမှာ အားရကျေနပ်မှုမရခဲ့ပေမယ့်လည်း တစ်စုံတရာ မျှော်လင့်ချက်တော့ရရှိခဲ့တယ်လို့ ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂဥက္ကဌ ခူးတူရယ်ကပြောပါတယ်။

“တောင်သူတွေတရားစွဲခံရတာ ၄၁ ယောက်ရှိနေပြီ၊ ၁၁ ယောက်ကထောင်ထဲမှာ ၊ ပုဒ်မ ၅ ခုနဲ့ အမှုက ၇၀ ရှိနေပြီပေါ့ ဆိုတဲ့ဟာ ကျနော်တို့တင်ပြတော့ သူတို့ဘက်က ဒါစိတ်မကောင်းစရာဘဲ ၊ ကျနော့်ဘက်ကလည်းတောင်သူတွေကို သနားဖို့၊ ငဲ့ညှာဖို့၊ ကိုယ်ချင်းစာဖို့ အဲ့တာပြောတော့ သူတို့ဘက်က လုပ်ပေးမယ်ကူညီမယ်ပေါ့၊ အဲ့တော့ တောင်သူကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ဘက်က တစ်စုံတရာ မျှော်လင့်ချက်ရှိတယ်လို့ပြောလို့ရပါတယ်” လို့ပြောပါတယ်။

ဒီနေ့မှာကျရောက်တဲ့ ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ကို တက်ရောက်လာတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့ ကရင်နီလူငယ်အင်အားစုတို့ဟာ မွန်းလွဲပိုင်းအချိန်မှာ ကယားပြည်နယ် အစိုးရ ဧည့်ရိပ်သာမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
တွေ့ဆုံပွဲမှာ တောင်သူတရားစွဲဆိုခံနေရတဲ့ကိစ္စ၊ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကိစ္စနှင့် ကရင်နီလူငယ်အင်အားစုတွေ တောင်းဆိုမှု (၆) ချက်ကို ကရင်နီလူငယ်ဘက်က အဓိကထား ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့် ကရင်နီလူငယ်ဘက်က တောင်းဆိုချက် (၆) ချက်ကို ဆွေးနွေးရတာ အားရကျေနပ်မှုမရှိဘူးလို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ကရင်နီလူငယ်နောက်တစ်ဦးဖြစ်သူ ခူးပါစကွားလယ် (ခ) မျိုးလှိုင်ဝင်းကပြောပါတယ်။

“တောင်သူကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတရာ အားရကျေနပ်မှုရှိတယ်လို့ကျနော်တို့မှတ်ယူတယ်၊ ကြေးရုပ်ကိစ္စနဲ့ လူငယ်ကိစ္စဆွေးနွေးတဲ့နေရာမှာ အားရကျေနပ်မှုသိပ်မရှိဘူးလို့ဘဲ ကျနော်တို့မှတ်ချက်ပြုလိုပါတယ်” လို့ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စကိုဆွေးနွေးရာမှာတော့ နိုင်ငံတော်အတိုင်ပင်ခံက သူ့ရဲ့ဖခင်လည်းဖြစ်၊ မိသားစုဝင်လည်းဖြစ်တဲ့အတွက် သူကိုယ်တိုင်ဝင်ရောက်ဖြေရှင်းဖို့အခက်အခဲဖြစ်တယ်၊ မဖြေရှင်းလိုဘူး၊ ကြေးရုပ်ကိစ္စကို ပြည်ထောင်စုဝန်ကြီးနဲ့ကရင်နီလူငယ်အင်အားစုတွေတိုင်ပင်ပြီး ညှိနှိုင်းကြဖို့ညွန်ကြားခဲ့တယ်လို့ဆိုပါတယ်။

ကရင်နီပြည်လူငယ်အင်အားစုဘက်က တောင်းဆိုချက် (၆) ချက်ဖြစ်တဲ့ ကယားပြည်နယ်မှာ လူငယ်တွေအားလုံးစုစည်းနိုင်ဖို့ Youth Centre ( လူငယ်စင်တာ) တစ်ခုထားပေးဖို့၊ မျိုးနွယ်စုလူငယ်တွေဖြစ်တဲ့ ကယား၊ ကယန်း၊ ကယောစတဲ့လူငယ်တွေကို ပြည်နယ်အစိုးရက ငွေရေးကြေးရေးအရ တတ်နိုင်သလောက်ပံ့ပိုးပေးဖို့၊ ပြည်နယ်တွေမှာ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးဖို့၊ ပြည်နယ်အစိုးရက ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့် ပုဒ်မ ၁၈၈ ကိုပြန်ရုတ်သိမ်းပေးဖို့၊ Youth Policy ( လူငယ်မူဝါဒရေးရာ) နဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ပေးဖို့စတဲ့ တောင်းဆိုချက်တွေကိုတော့ အစိုးရဘက်က တတ်နိုင်သလောက်အကောင်းဆုံးဖြေရှင်းပေးမယ်လို့ ပြန်လည်ပြောကြားခဲ့တယ်လို့လူငယ်တွေက ပြောပါတယ်။

ဒီနေ့တွေ့ဆုံပွဲမှာ အစိုးရဘက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊ ကယားပြန်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရတာဝန်ရှိသူများနှင့် ကရင်နီလူငယ်အင်အားစုဘက်က လူငယ် (၇) ဦး ပါဝင်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts