spot_img
Wednesday, August 10, 2022
spot_img

နိုင်ငံရေး အခြေအနေတွေရဲ့ တွန်းအားကြောင့် ပြည်ပထွက်ဖို့ ရွေးချယ်လာတဲ့ လူငယ်များ

spot_imgspot_imgspot_imgspot_img
လွိုင်ကော်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးမှာ လာ​လျှောက်သူများပြားနေ။

ကန္တာရဝတီတိုင်း(မ်)

အသက် ၂၈နှစ်အရွယ် မူဆာဖရာမို အပါအဝင် ကရင်နီပြည်တွင်းက လူငယ် အနည်းဆုံး ၁၅၀လောက်က ရန်ကုန်မြို့ ကအေးဂျင့်တစ်ခုအချိတ်အဆက်နဲ့ ပြည်ပနိုင်ငံထွက်အလုပ်လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။

သူမက လက်ရှိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတဲ့ ဒီးမော့ဆိုမြို့နယ်က ကယန်းတိုင်းရင်းသူတစ်ယောက်ပါ။ ဂျပန်မှာ ဘိုးဘွားစောင့်ရှောက်တဲ့အလုပ်ကို ရွေးချယ်ထားတာဖြစ်ပြီး လက်ရှိမှာ ဂျပန်စာသင်တန်း အဆင့် N3 နဲ့ဘိုးဘွားစောင့်ရှောက်တဲ့အပိုင်းသင်ကြားနေရင်း အင်တာဗျူးဖြေဆိုဖို့ ပြင်ဆင်နေပါတယ်။

သူက ဂျပန်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ ၂၀၁၉ခုနှစ်ကတည်းက ပြင်ဆင်ခဲ့တာဖြစ်ပြီး ကိုဗစ်ကာလမှာ စာမေးပွဲလာရောက်မဖြေခဲ့တာတစ်ကြောင်း လက်ရှိ ပြည်တွင်းမှာ စစ်တပ်အာဏာသိမ်းပြီး ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ကြောင့်သော်လည်းကောင်း နောက်ကျကျန်ရစ်ခဲ့ပြီး ရန်ကုန်ကို ဇူလိုင်လပထမပတ်မှသာ ပြန်လည်ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

“မိသားစုစားဝတ်နေရေးရယ် ကိုယ့်ရဲ့ရှေ့ရေးရယ်ပေါ့နော အဓိကကတော့ အဲ့ဒါပါပဲ။ မိသားစုထဲမှာ နိုင်ငံခြားမှာနေတဲ့သူမရှိတော့ အရမ်းကိုအခက်အခဲဖြစ်ခဲ့တယ်ပေါ့နော။ နိုင်ငံခြားမှာတစ်ယောက်ယောက်သာ ရှိနေမယ်ဆိုလို့ရှိရင်ကွာ မိသားစုရဲ့စားဝတ်နေရေး အခြားသူတွေရဲ့ပညာရေးအတွက်ကို သိပ်ပြီးတော့မှ ပူပန်စရာမလိုတော့ဘူးပေါ့နော။ ဆိုတော့ အခုက အကုန်လုံးက စစ်ဘေးပဲရှောင်နေရတော့ ဒီအတိုင်းပဲနေလို့မဖြစ်ဘူးပေါ့နော အဲ့လိုမျိုးစဉ်းစားပြီးတော့မှ ဂျပန်ကိုပြန်ပြီးမှ ဂျွိုင်းခဲ့တာပေါ့။” လို့ မူဆာဖရာမို ပြောပါတယ်။

၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့ကစပြီး စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံတဝှမ်းအပါအဝင် ကရင်နီပြည်မှာ စစ်ကောင်စီ နဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေစဉ်ဆက်မပြတ်ဖြစ်ပေါ်လျက်ရှိပြီး အဲ့ဒီအခြေနေကြောင့် ပြည်ပကိုအလုပ်ထွက်လုပ်ဖို့ လူငယ်တွေ ပိုမိုရွေးချယ်လာကြတယ်လို့ဆိုပါတယ်။

လွိုင်ကော်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးမှာ လာ​လျှောက်သူများပြားနေ။

“အခုနိုင်ငံရေးမကောင်းတော့မှ ပိုပြီးတော့ပါလာတယ်။ မတို့အရင်ကတည်းက ချိတ်ဆက်ထားတဲ့သူတွေက အကုန်လုံးထွက်ပြီးကုန်ကြပြီပေါ့နော။ ဒီ ၆လပိုင်းနဲ့ ၇လပိုင်းကြားမှာ အများကြီးထွက်သွားတယ် အယောက် ၅၀နဲ့ ၁၀၀ကြားမှာရှိသွားပြီ။ ဆိုတော့ မတို့က ၂၀၁၉လက်ကျန်လေးတွေပဲပေါ့နော ၃၊ ၄၊ ၅ယောက်လောက်ပဲကျန်တယ်။ အခုနောက်ထပ် ထပ်လာဂျွိုင်းတဲ့သူတွေက ၂၀၂၂မှ လာဂျွိုင်းတဲ့သူတွေဖြစ်တယ်။ ဆိုတော့ အသစ်ကလေးတွေပေါ့။”လို့ ဆာဖရာမိုက ပြောပါတယ်။

လူငယ်တွေ ပြည်ပထွက်ခြင်းက မြန်မာနိုင်ငံအတွက် ဆုံးရုံးမှုကိုဖြစ်စေနိုင်တယ်လို့ ခံယူထားပေမယ့် စစ်ရှောင်ဘဝကနေ ဘာမှလုပ်ကိုင်စားသောက်လို့မရတော့တဲ့အတွက် ပြည်ပကိုပဲ မှီခိုနေရတော့တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဂျပန်၊ ကိုးရီးယား၊ စင်္ကကာပူကို အားပြုလာကြတယ်လို့ သူမကပြောပါတယ်။

ဂျပန်ကိုသွားရောက်ဖို့အတွက် အနည်းဆုံး N4 Level ကိုအောင်ပြီးမှသာ သွားရမှာဖြစ်ပြီး လက်တွေ့ဆင်း၊ အင်တာဗျူးကို ဖြေဆိုအောင်မြင်ပြီဆိုရင် Certificate of Eligibility-COE (ဂျပန်နေထိုင်ခွင့်အသိအမှတ်ပြုထောက်ခံစာ) တင်ရပါတယ်။ ၊ ထောက်ခံစာ ကျလာပြီဆိုရင် Smart Card လုပ်ရမှာဖြစ်ပြီး Smart Card ရလာရင်တော့ သွားလို့ရပြီလို့ သူမကရှင်းပြပါတယ်။

လက်ရှိအချိန်ထိ ကုန်ကျစရိတ်က သိန်း ၃၀ ရှိနေပြီလို့ ဆိုပါတယ်။ ဂျပန်နိုင်ငံရဲ့နည်းပညာ စည်းကမ်း၊ လူနေမှုပုံစံတွေကို သဘောကျနှစ်သက်သလို ကုန်ကျစရိတ်များပေမယ့်လည်း ပြန်ရမယ့် လုပ်ခက အခြားအလုပ်ထက် ပိုများတာကြောင့် ဂျပန်ကိုရွေးချယ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“လစာကလည်းအခြားနိုင်ငံတွေထက်များတယ် အလုပ်ကပင်ပန်းတာတော့ပင်ပန်းတယ်ကွာ ဒါပေမယ့် ပြန်ရတဲ့လုပ်ခလုပ်စာတွေက တခြားနိုင်ငံတွေထက် တချို့ကျတော့ တစ်ဆ နှစ်ဆ ပိုများတာရှိတယ်ပေါ့နော။ အဲ့ဒါကြောင့်မလို့ သူတို့နိုင်ငံကိုရွေးရတာပါ။”

နိုင်ငံရေးမတည်ငြိမ်မှု၊ မိသားစုစားဝတ်နေရေးလိုအပ်ချက်ကြောင့် ပြည်နယ်အတွင်းရှိ လူငယ်တွေ အထူးသဖြင့် စစ်ရှောင်လူငယ်တွေက ပြည်ပနိုင်ငံကို အလုပ်ထွက်လုပ်ဖို့ကိုပဲ ရွေးချယ်ရပါတော့တယ်။

ဒီးမော့ဆိုမြို့နယ်အတွင်း ဒေသခံလူငယ်ဖြစ်တဲ့ အသက် (၂၂)နှစ်အရွယ် လွိုင်ကော်တက္ကသိုလ် ဒဿနိကဗေဒ ဒုတိယနှစ်ကျောင်းသူတစ်ဦးက လက်ရှိဒေသတွင်းတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသလို ဝင်ငွေမရှိ စားဝတ်နေရေးအခက်အခဲကြောင့် ပြည်ပနိုင်ငံထွက်ပြီး အလုပ်လုပ်ဖို့ ပြင်ဆင်နေတဲ့အကြောင်းကို အခုလိုပဲပြောပါတယ်။

ပြည်ပထွက်အလုပ်လုပ်ဖို့ ဂျပန်စာလေ့လာသင်ယူနေတဲ့ အမျိုးသမီးတစ်ဦး။

“ကျမကဒုတိယနှစ်တက္ကသိုလ်ကျောင်းသူတစ်ယောက်ပါ အခုလိုအခြေနေအနေတွေကြောင့် ကျောင်းလဲမတက်ချင်ဘူး ပျော်လဲမပျော်ဘူး၊ မိဘတွေကလဲစစ်ရှောင်နေတာကြောင့် ဝင်ငွေလဲမရှိဘူး အဲ့ကြောင့် နိုင်ငံခြားမှာအလုပ်သွားလုပ်ရင် မိဘကိုထောက်ပံ့ပေးနိုင်မယ်လို့ မျှော်လင့်တယ်” လို့ အသက် (၂၂)နှစ်အရွယ် သူမက ပြောပါတယ်။

ယခင်အစိုးရလက်ထက်အဆက်ဆက် ပြည်နယ်ရဲ့အလုပ်အကိုင်အခွင့်အလမ်းဟာ တော်တော်နည်းပါးခဲ့ပြီး ရှိတဲ့အလုပ်အကိုင်အခွင့်အလမ်းဟာလည်း မိသားစုစားဝတ်နေရေးကို မဖူလုံတာကြောင့် လူငယ်အများစုက ပြည်ပထွက်အလုပ်လုပ်ခဲ့ကြတာပါ။

သို့သော် လက်ရှိ အခြေအနေအရ ယခင်ကထက် ပိုမို ခက်ခဲလာတာကြောင့် ပြည်ပထွက်အလုပ်လုပ်တာ ပိုများနိုင်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ဦးဗညားက သုံးသပ်ပြောဆိုပါတယ်။

စစ်ကောင်စီကနေ အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် မေလကစပြီး ဒီကနေ့အချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲပါ။

လက်ရှိအနေအထားအရ တစ်ပြည်နယ်လုံး အားထားရတဲ့ လွိုင်ကော်မြို့မှာတောင် စီးပွားရေး ထူထူထွေးထွေးလုပ်လို့မရသလို မကြာခဏတိုက်ပွဲဖြစ်ပွားနေတဲ့ ဒီးမော့ဆိုမြို့ဟာလည်း မြို့ပျက်သဖွယ်ဖြစ်နေတာကြောင့် အလုပ်အကိုင်အခွင့်အလမ်းကနေရတဲ့ ဝင်ငွေမရှိတော့ပါဘူး။

နိုင်ငံရေးအခြေအနေအပြင် ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုတွေဟာ စစ်ကောင်စီအာဏာသိမ်းမှုကြောင့် ပျက်သုန်းခဲ့ရပြီး လူငယ်တွေ နိုင်ငံခြားထွက်ဖို့ တွန်းပို့နေသလိုလဲဖြစ်နေတယ်လို့ ဦးဗညားက သုံးသပ်ပြောဆိုပါတယ်။

“လူငယ်တွေက အရင်တုန်းက အဲ့မှာလုပ်ကိုင်တဲ့လူငယ်တွေက အခြားတနေရာမှာလုပ်ဖို့အတွက်ပေါ့ ဝင်ငွေရဖို့အတွက်က ဝင်ငွေမရှိတော့ဘူး။ နေရာမရှိတဲ့အတွက်ကြောင့်မလို့ အခုလိုမျိုးနိုင်ငံခြားကိုထွက်ဖို့အတွက် ပိုပြီးတော့မှ ဖြစ်လာတယ်ပေါ့နော။ ရှင်းရှင်းပြောရင်တော့ စစ်ကောင်စီရဲ့အာဏာသိမ်းမှုကြောင့် ကျနော်တို့လူမှုစီးပွားပျက်သုန်းတယ် အဲ့ဒါကြောင့်မလို့ လူငယ်တွေ နိုင်ငံခြားကိုထွက်ရတယ်ဆိုတဲ့ အချက်တစ်ခုကိုတော့ ကျနော်တို့ငြင်းလို့မရဘူး။” လို့ ဦးဗညားက ပြောပါတယ်။

နိုင်ငံအာဏာသိမ်းထားတဲ့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ကလည်း လက်ရှိပြည်နယ်အခြေအနေအရ ကဏ္ဍတစ်ခုစီတိုင်းကို မြှင့်တင်နိုင်စွမ်းမရှိသလို စီးပွားရေး၊ လူမှုရေး တစ်ခုစီတိုင်းကို အာမခံချက်မပေးနိုင်တဲ့ အခြေအနေတစ်ခုဖြစ်တယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။

ယခုနောက်ပိုင်း စစ်ကောင်စီက နိုင်ငံပြင်ပထွက် အလုပ်လုပ်ဖို့ကို အများအပြား ခွင့်ပြုလာပြီး အလုပ်လုပ်ကိုင်သူ သိန်းဂဏန်းဟာ ပြည်ပနိုင်ငံကို ရောက်ရှိနေကြပါပြီ။ ဒါဟာ ပညာတတ်၊ ကျောင်းတက်အရွယ်လူငယ်တွေ အခြားနိုင်ငံမှာ အလုပ်လုပ်ဖို့ထွက်ခွာမှုဟာ တစ်ချိန်မှာ နိုင်ငံအတွက်ကြီးမားတဲ့နစ်နာဆုံးရှုံးမှုကိုဖြစ်စေနိုင်တယ်လို့ ဦးဗညားက သုံးသပ်ပါတယ်။

“ကျနော်တို့လူငယ်တွေအတွက်ကတော့ နစ်နာသလားလို့ကြည့်ရင်တော့ တကယ်လက်တွေ့ကြည့်ရင်တော့ လူပုဂ္ဂိုလ်တစ်ယောက်ချင်း လူငယ်တစ်ယောက်ချင်းအတွက်ကတော့ နစ်နာစရာမရှိဘူးလို့ ကျနော်မြင်တယ်။ဒါကတော့ ကျနော်တို့လက်ခံတဲ့ အနေအထားတစ်ခုပေါ့နော။ ဆိုတော့ အလုပ်အကိုင်အခွင့်အလှမ်းမရှိဘူး အဲ့ဒါကြောင့်မလို့ သူတို့အနေနဲ့ ပြည်ပနိုင်ငံကိုထွက်ပြီးတော့မှ အလုပ်လုပ်ကိုင်ခြင်းဟာ သူတို့အတွက် ဝင်ငွေရတယ် တချို့မိသားစုအတွက်လည်း တစ်စုံတစ်ရာ သက်တောင့်သက်သာဖြစ်စေနိုင်တာ အမှန်ပဲ။ ဒါတော့ ကျနော်တို့လက်ခံတဲ့အမှန်တရားပါ။”လို့ ဦးဗညားက ပြောပါတယ်။

တစ်ဖက်မှာလည်း တော်လှန်ခရီးမှာ အဓိကဦးဆောင်ပါဝင်ကြတဲ့ လူငယ်တွေ လျော့နည်းလာခြင်းဟာ တော်လှန်ရေးမှာဖြစ်စေ၊ ပြန်လည်ထူထောင်ရေးကိစ္စမှာဖြစ်စေ၊ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းမှာဖြစ်စေ အားနည်းသွားစေနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ပတ်စပို့ရုံး( နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်း) တွေမှာ ပြည်ပထွက်အလုပ်လုပ်ဖို့အတွက် လျှောက်ထားသူများပြားနေတယ်လို့ ကိုယ်တိုင်သွားရောက်ပြုလုပ်သူတွေဆီကနေ သိရပါတယ်။

ဂျပန်နိုင်ငံမှာအလုပ်လုပ်ဖို့ ရွေးချယ်ထားတဲ့ ဒီးမော့ဆိုမြို့နယ်က အသက် (၂၁)နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးက အခြားမြို့တစ်နေရာမှာ ပတ်စပို့သွားလုပ်ထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဂျပန်ဘာသာစကားကို သင်ကြားနေသလို လုံခြုံစိတ်ချရတဲ့အေဂျင်စီနဲ့ချိတ်ဆက်ထားပြီး ရင်းနှီးသူအသိတွေလည်းရောက်ရှိနေပြီလို့ ပြောပါတယ်။ ပြည်ပထွက်အလုပ်လုပ်ဖို့ ပြင်ဆင်နေတာ ကုန်ကျငွေ ၇သိန်းရှိနေပြီလို့ ဆိုပါတယ်။

“အခုလောလောဆယ် အင်တာဗျူးမအောင်သေးတော့ ဗျူးလို့အောင်တဲ့အလုပ်ကိုတော့ သွားလုပ်ရမှာပေါ့။ ဂျပန်သွားဖို့ရှိပါတယ်။ အခုပတ်စပို့က ၂သိန်း၁သောင်း သန်းခေါင်စာရင်းမှတ်ပုံတင် ၁၈နှစ်ပြည့် မလဲရသေးတော့ သုံးသိန်းကျော်လောက်ကုန်သွားပါတယ်။” လို့ သူက ပြောပါတယ်။

လက်ရှိရင်ဆိုင်ကြုံတွေ့ရတဲ့ နိုင်ငံရေးအခြေအနေမငြိမ်သက်မှုတွေကြောင့် အခြေခံလူတန်းစားတွေဟာ စားဝတ်နေရေးအတွက် အနီးစပ်ဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံကို တရားဝင်အနေနဲ့ကော၊ အထောက်အထားမဲ့ တရားမဝင်အနေနဲ့ကော ဝင်ရောက်နေကြတယ်လို့ သိရပါတယ်။ ဒီလို မြန်မာရွေ့ပြောင်းလုပ်သားအရေအတွက်ဟာ ရာစုနှစ် ၃စုအတွင်း အများဆုံးအရေအတွက်ဖြစ်တယ်လို့ အလုပ်သမား အရေးဆောင်ရွက်သူတွေက ပြောကြပါတယ်။

ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာသူတွေအနေနဲ့ ဝန်ဆောင်ခအဖြစ် နယ်မြေအကွာအဝေးပေါ် မူတည်ပြီး တစ်ဦးကို (ပွဲစားခ) ထိုင်းဘတ်ငွေ (၁၅၀၀၀) ကနေ (၃၀၀၀၀) အထိ ပေးရပါတယ်။

“MOU နဲ့သွားတယ်ပေါ့ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာနဲ့သွားတယ်ဆိုရင် အစိုးရသတ်မှတ်ကြေးထက် ပိုယူတယ်။ ပိုယူတဲအချိန်မှာ နောက်တစ်ခုက ဒီဖက်မှာလည်း အစောပိုင်းက ကွာရတင်းကိစ္စလည်းရှိတဲ့အခါကျတော့ အဲ့ဒီဈေးလောက်သွားကျတယ်။ အဲ့တော့ တရားမဝင်လာမယ်ဆိုရင် အနည်းငယ်ဘတ်ငွေသုံးသောင်းဘတ်ချာလည် MOU နဲ့လာမယ်ဆိုရင်လည်း ဘတ်ငွေသုံးသောင်းပေါ့ ဗမာငွေ ၁၈သိန်း သိန်း၂၀ အဲ့လိုကျနေတာမျိုး တွေ့ရတယ်။ ဒါကြောင့်မလို့ MOU နဲ့တရားဝင်လာလို့ရှိရင် ရမှန်းသိတယ် ငွေလည်းမကွာဘူး ဒါပေမယ့် သူတို့အကြာပြီးစောင့်ရမှာ။ စောင့်ရမှာဆိုတော့ တရားမဝင်လာပြီးတော့မှ ထိုင်းနိုင်ငံထဲကိုရောက်မှပဲ အခုလုပ်ပေးမယ့် ပန်းရောင်ကဒ်တွေလုပ်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့လာကြတာမျိုးတွေ့တယ်။ ဒါက ၁၀စုနှစ် ၂ခုကျော်ထဲမှာ ဝန်ဆောင်ခအဈေးအကြီးဆုံး ပေးရတယ်လို့ ပြောလို့ရတယ်။” လို့ အလုပ်သမာအရေးဆောင်ရွက်ပေးနေတဲ့ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) မှ အမှုဆောင်ဒါရိုက်တာ ဆရာထူးချစ်က ပြောပါတယ်။

ဒီလိုတရားမဝင် ဝင် ရောက်လာသူတွေ ထိုင်းနိုင်ငံအတွင်းမှာ နေ့စဥ်နှင့်အမျှဆိုသလို ဖမ်းဆီးထိမ်းသိမ်း ခံနေကြရပြီး မြန်မာနိုင်ငံဘက်ခြမ်းကို အတင်းအဓမ္မ ပြန်ပို့ခြင်းတွေကိုလည်း ခံနေကြရတာပါ။ နေ့စဉ်နဲ့အမျှ နယ်စပ်မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကိုပြန်ပို့ခံရသူ ၈သောင်းရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်ပေးသူထံကနေ သိရပါတယ်။

လက်ရှိရွေ့ပြောင်းအလုပ်သမား နေထိုင်ခွင့်နဲ့ပတ်သက်ပြီး ယခင် ကန့်သတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတချို့ကို ဖြေလျှော့ပေးလိုက်တဲ့အပြင် ရွှေ့ပြောင်း အလုပ်သမား ၁,၆၉၀,၀၀၀(တစ်သန်းကျော်)ကိုလည်း အလုပ်လုပ်ခွင့်သက်တမ်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ တရားဝင်နေထိုင်ခွင့်ပေးမယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပြည်ပထွက်အလုပ်လုပ်ဖို့ ဂျပန်စာလေ့လာသင်ယူနေတဲ့ အမျိုးသမီးတစ်ဦး။

ဒါဟာ ကောင်းတဲ့အလားအလာဖြစ်ပြီး တရားဝင်ဖြစ်ပြီဆိုရင် ထိုင်းနိုင်ငံပြဌာန်းထားတဲ့ လူမှုဖူလုံရေး ခံစားခွင့်၊ အလုပ်သမားအခွင့်အရေး၊ လျော်ကြေး၊ ရပိုင်ခွင့်ကို ပြည့်ပြည့်ဝဝခံစားရမှာဖြစ်တယ်လို့ ဆရာထူးချစ်က ပြောပါတယ်။

ပြည်ပနိုင်ငံထွက်အလုပ်လုပ်လိုပါက လုံခြုံစိတ်ချမှုနဲ့ အထောက်အထားပြည့်ပြည့်စုံစုံနဲ့ သွားမှသာ အကျိုးခံစားခွင့်၊ ရပိုင်ခွင့်တွေကိုရရှိမှာဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုအသင်းတွေ အသိပေးထားတာရှိပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာဆိုရင် အဖက်ဖက်ကနေ အထွေထွေအခက်အခဲကြောင့် မိသားစုဝင်ကိုယ်တိုင် ကိုယ့်သားသမီးတွေကို ပြည်ပထွက်အလုပ်လုပ်ဖို့ တွန်းအားပေးတာရှိနေပါတယ်။

ပြည်ပထွက်အလုပ်လုပ်ကြသူတွေဟာ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ဆီသွပ်ဘူးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ အိမ်တွင်းမှုလုပ်ငန်း၊ ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်း၊ ဟိုတယ်ခရီးသွားလုပ်ငန်း၊ စက်ရုံ အလုပ်ရုံ အပိုင်းမှာ သွားရောက်လုပ်ကိုင်နေကြတာပါ။

အခြေအနေအရပ်ရပ်ကြောင့်သာ မူဆာဖရာမို တို့လိုလူငယ်တွေဟာ နိုင်ငံရပ်ခြားမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြရပေမယ့် ကိုယ့်အရပ်၊ ကိုယ့်ဒေသတွေကို မေ့လျော့နေမယ့်သူတွေမဟုတ်ပါဘူး။

“လူငယ်လည်းဖြစ်တဲ့အခါကျတော့ ပြန်လည်ထူထောင်ရေးမှာ နိုင်သလောက် ကူညီမယ်။ ဟိုမှာ နေတဲ့ အချိန်ဆိုလို့ ရှိရင်လည်း ရှိတဲ့ ရလာတဲ့ အလှူငွေလေးတွေပေါ့နော။ ရလာတဲ့ လစာလေးတွေနဲ့ အလှူငွေတွေ ပေးသွားမယ်။ ဘယ်လိုပြောရမလဲ။ အထိရောက်ဆုံး ဖြစ်နိုင်မယ့် ကဏ္ဍလေးတွေပေါ့နော။ ကူညီသွားမယ်။ ဒီက လူငယ်တွေလည်း အရမ်းတက်ကြွကြတယ်ပေါ့နော။” လို့ မူဆာဖရာမို ကပြောသွားပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

တစ်ကျော့ပြန်လာတဲ့ COVID – 19

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့တဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ လက္ခဏာတွေကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းမှ COVID-19 (CO-corona VI-virus D-disease 19-2019) လို့ အမည်ပေးခဲ့ပြီး ၂၀၂၀ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှာ COVID-19...

သူခိုးကြမ်းပိုးများနဲ့ လွိုင်ကော်မြို့

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့မှာ တရားဥပဒေလွှမ်းမိုးမှု၊ အရေးယူဆောင်ရွက်မှုတွေ အားနည်းလာတာနဲ့အမျှ သူခိုးကြမ်းပိုးတွေဟာ အတင့်ရဲလာကြပါတယ်။ လွိုင်ကော်မြို့မှာ ၂၀၂၂ခုနှစ် ဇန်နဝါရီလတုန်းက မိုင်းလုံး၊ ပန်ကန်း၊ ဒေါဆန်းဘွန်း၊ ဒေါဥခူဖက်တစ်ကြောမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံတွေဟာ စစ်ရှောင်ခဲ့ရပါတယ်။ နှစ်လပိုင်းမှာတော့ တိုက်ပွဲအနည်းငယ်ငြိမ်သက်ပြီးနောက် မိမိနေအိမ် ပြန်လာတဲ့သူရှိသလို ယနေ့အထိ ပြန်မနေတဲ့သူလည်းရှိပါသေးတယ်။ လူမနေတဲ့အိမ်ဆိုရင် သော့ဖျက်ပြီး ဝင်ရောက်ခိုးမှုတွေကြောင့်...

စစ်ကောင်စီကို နှစ်ဆမုန်းပြီး တော်လှန်တိုက်ခိုက်နေတဲ့ CDM စစ်သား

ကန္တာရဝတီတိုင်း( မ် ) “အခုလက်ရှိတော်လှန်ရေးတပ်ဖွဲ့ဝင် မုန်းနေတဲ့အမုန်းထက် ကျနော်တို့က ၂ဆပိုမုန်းပါတယ်။ အဲ့ဒါကြောင့်မလို့ ကျနော်တို့မှာက စစ်ကောင်စီနဲ့ပြန်တိုက်တော့ ဘယ်လိုခံစားရလဲဆိုတော့ သူသေကိုယ်သေပေါ့နော။ အဲ့လိုမျိုး အတကုန်ပဲကျနော်တို့ကြိုးစားတယ်ပေါ့။ အားသွန်ခွန်စိုက်ကျနော်တို့အလုပ်လုပ်ပါတယ်။” လို့ CDM စစ်သားတစ်ဦးဖြစ်တဲ့ အသက် ၂၆နှစ်အရွယ် ကိုဆိုင်းလ်ဇန်နှောင်က ပြောပြပါတယ်။ ကိုဆိုင်းလ်ဇန်နှောင်ဟာ နေပြည်တော်မှာရှိတဲ့ အကြမ်းဖက်နှိမ်နှင်းရေးအထူးတပ်ဖွဲ့မှာ တပ်ကြပ်ကြီးရာထူးနဲ့...

စစ်ရှောင်ရင်း ယုံကြည်ရာအတိုင်း လျှောက်လှမ်းတဲ့ စစ္စတာ

ခွန်းကလိုင်းဖရီး/ကန္တာရဝတီတိုင်း(မ်)ဖယ်ခုံမြို့နယ်ထဲက ကျေးရွာတစ်ရွာရဲ့ ကက်သလစ်ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ အခြားစစ်ရှောင်တွေရဲ့ တဲ အိမ်တွေနဲ့အတူ စစ္စတာအာစွန်းတာတို့ တဲအိမ်ဟာလည်း အဆင်ပြေသလို ဆောက်လုပ်ထားပါတယ်။အဲဒီတဲအိမ်ကို လွန်ခဲ့တဲ့ နှစ်လလောက်မှာ ကျောင်းသားမိဘတွေက သူတို့သား၊သမီးတွေ အဆောင်နေပြီး ကျောင်းတက်နိုင်ဖို့အတွက် ဆောက်ပေးခဲ့တာပါ။အလှူရှင်တွေက ကူညီတဲ့ မိုးကာတွေနဲ့ စစ္စတာတို့ ရှာဖွေရရှိလာတဲ့ သစ်၊ဝါးတွေ ပေါင်းစပ်ပြီး ဆောက်လုပ်ထား...