spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

‌‌နေပူဒဏ်ကို ကာကွယ်ရန်နည်းလမ်းများ

လေးမြာ / ကန္တာရဝတီတိုင်း(မ်)

နွေရာသီရောက်ပြီဆိုတာနဲ့ ပူပြင်းလှတဲ့ အပူဒဏ်တွေဟာ လူ့ခန္ဓာကိုယ်အပေါ် အမျိုးမျိုးသော ဇီဝကမ္မ သက်ရောက်မှုဖြစ်စေနိုင်ပြီး မသန်စွမ်းခြင်းနဲ့ အသက်သေဆုံးမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နွေရာသီမှာ အပူဒဏ်ကို ဘယ်လိုကာကွယ်နေထိုင် ရမလဲဆိုတာ တင်ပြပေးမှာဖြစ်ပါတယ်။

*****
ရာသီဥတုပြောင်းလဲမှုကြောင့် တစ်ကမ္ဘာလုံးအပူချိန်၊ အပူလှိုင်းဖြစ်ပွားနှုန်းနဲ့ အပူချိန် ပြောင်းလဲမှုဖြစ်စဥ် ဖြစ်ပွားတဲ့ အကြိမ်ရေ၊ ကာလနဲ့ ပြင်းထန်မှုပမာဏဟာ ၂၁ရာစု နောက်ပိုင်း သိသိသာသာ မြင့်တက်လာတယ်လို့ ဆိုပါတယ်။
အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်နိုင်မှုတွေကိုတော့ ကြိုတင်တွက်ဆနိုင်ပြီး ပြည်သူ့ကျန်းမာရေး လုပ်ဆောင်ချက်တွေနဲ့ ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။

အပူဒဏ်လွန်ကဲခြင်းကြောင့် ဖြစ်နိုင်သော ကျန်းမာရေးပြဿနာများ

ပုံမှန်ထက် ပိုပူတဲ့ အခြေအနေမှာ လူ့ခန္ဓာကိုယ်ရဲ့ အပူချိန်လျင်မြန်စွာမြင့်တက်လာပြီး
အပူချိန်ထိန်းသိမ်းမှု လုပ်ငန်းစဉ်တွေကို ယိုယွင်းစေသောကြောင့် ကြွက်တက်ခြင်း၊ အပူကြောင့် နွမ်းနယ်ခြင်း၊ လေဖြတ်ခြင်း၊ အပူလွန်ကဲခြင်းစတဲ့ နာမကျန်းမှုတွေကို ခံစားရနိုင်ပါတယ်။

ဒါ့အပြင် အပူရှိန်လွန်ကဲမှုကြောင့် နာတာရှည်ရောဂါအခံရှိတဲ့ နှလုံးနှင့်သွေးတိုးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ဦးနှောက်သွေးကြောရောဂါ၊ ဆီးချိုရောဂါ စတာတွေကို ပိုမိုဆိုးဝါးစေပါတယ်။

အပူချိန်ကြောင့် လူတွေရဲ့ အပြုအမူ၊ ရောဂါကူးစက်ပုံ၊ ကျန်းမာရေးဝန်ဆောင်မှု၊ လေထုအရည်အသွေး နဲ့ အရေးကြီးတဲ့ လူနေမှုအခြေခံတွေဖြစ်တဲ့ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနဲ့ ရေအရင်းအမြစ်တို့အပေါ် မှာ သက်ရောက်မှုတွေ ပြောင်းလဲစေနိုင်ပါတယ်။

မူးမေ့ခြင်း၊ ကြွက်တက်ခြင်း ၊ တက်ခြင်း၊ စိတ်တိုခြင်း၊ ခေါင်းကိုက်ခြင်း ၊ ချွေးထွက်များခြင်း၊ အားနည်းခြင်း၊ ကယောင်ကတမ်းပြုမူပြောဆိုခြင်း၊ အသက်ရှူမြန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ပျို့အန်ခြင်း၊ မှိန်းမောခြင်း၊ ခန္ဓာကိုယ် အပူချိန်မြင့်တက်ခြင်း စတဲ့ လက္ခဏာတွေဟာ အပူဒဏ်ကြောင့် သတိလစ်ခြင်းနဲ့ ပတ်သက်ပြီး စောစီးစွာသိရှိနိုင်တဲ့ ရောဂါလက္ခဏာတွေပဲ ဖြစ်ပါတယ်။

အပူဒဏ်ကို ကာကွယ်နိုင်မယ့် နည်းလမ်းများ

နေ့လည် ၁၂နာရီမှ ညနေ ၄နာရီအတွင်း အပြင်သွားလာခြင်းကို မပြုလုပ်သင့်ပါဘူး။ မဖြစ်မနေသွားရမည် ဆိုပါက ပေါ့ပါးချောင်ချိသော ချည်သားအဝတ်အထည်များ ဝတ်ဆင်ပါ။ အနားကျယ်ပြန့်သော ဦးထုပ်၊ နေကာမျက်မှန်တို့ကို ဝတ်ဆင်ပါ။ နေရောင်ကာခရင်မ် ကို လိမ်းပေးပါ။

ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု ရှောင်ကြဥ်ရပါတယ်။ မဖြစ်မနေ လုပ်ရမည်ဆိုပါက နေ့တစ်နေ့မှာ အအေးဆုံးအချိန်ဖြစ်တဲ့ မနက် (၄) နာရီနှင့် (၇) နာရီအတွင်းမှာ လုပ်ပေးသင့်ပါတယ်။

အရည်ဓာတ် မခမ်းခြောက်ဖို့ ရေကို ပုံမှန်သောက်ပေးရပါမယ်။ အရက်သေစာနဲ့ ကဖင်းဓာတ်၊ အချိုဓာတ် လွန်ကဲတဲ့ အရည်တွေ သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အစာကို နည်းနည်းချင်းစီ စားပြီး ခဏခဏစားသင့်ပါတယ်။

မူးဝေခြင်း၊ အားနည်းခြင်း၊ စိုးရိမ်ပူပန်ခြင်း (ဒါမှမဟုတ်) အလွန်အမင်း ရေဆာခြင်းနဲ့ ခေါင်းကိုက်ခြင်း စတာတွေ ခံစားရမယ်ဆိုရင် တခြားသူ (သို့) နီးစပ်သူ တစ်ဦးဦးထံ အကူအညီရရှိဖို့ ကြိုးစားပါ။ ကိုယ်တိုင်သွားလာနိုင်သေးရင် အေးသော နေရာသို့ ချက်ချင်း ရွှေ့ပြီး ကိုယ်အပူချိန် တိုင်းရပါမယ်။

အပူဒဏ်ကြောင့် အသားအရေ ခြောက်ပြီး ကယောင်ကတမ်းပြောခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်းတို့ ခံစားရပါက ဆရာဝန် (ဒါမှမဟုတ်) နီးစပ်ရာကျန်းမာရေးဝန်ထမ်းဆီသို့ အမြန်ဆုံး သွားရောက်ပြသရမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့အနီးအနားမှာ အပူဒဏ်ကြောင့် ရောဂါခံစားနေရသောလူနာကို တွေ့မြင်ရမယ်ဆိုရင် အရင်ဆုံး လူနာကို အေးတဲ့ နေရာသို့ ရွှေ့ပါ။ လူနာရဲ့ ခန္ဓာကိုယ်ကို အလျားလိုက်ထားပြီး ခြေထောက်နဲ့ တင်ပါးကို မြှင့်ထားပေးရပါမယ်။ အဝတ်အစားကို ချွတ်ပြီး အေးအောင် ပြုလုပ်ပေးရပါမယ်။ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံစတဲ့နေရာတွေမှာ ရေခဲအိတ်တွေထားပေးတာ၊ ယပ်ခတ်ပေးတာနဲ့ (၂၅ – ၃၀) စင်တီဂရိတ်ရှိတဲ့ ရေနဲ့ဖြန်းပေးတာတွေကို လုပ်ပေးနိုင်ပါတယ်။

ကလေးငယ်ကို အပူဒဏ်မှာ ကာကွယ်ရန်နည်းလမ်း

ကလေးငယ်တွေမှာ အပူဒဏ်ကို လူကြီးတွေလောက် မခံနိုင်တာကြောင့် အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်။

ကလေးကို မလိုအပ်ရင်နေပူထဲ ခေါ်သွားတာမျိုး မလုပ်သင့်ပါဘူး။ ကလေးကို သိပ်တဲ့အခါ အေးပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထားရမှာဖြစ်ပါတယ်။ နို့ဖြစ်ဖြစ်၊ ရေဖြစ်ဖြစ် အသက်အရွယ် အလိုက် ကလေးကို ရေဓာတ်လုံလောက်အောင် တိုက်ကျွေးရပါမယ်။

လည်ပင်း၊ ပေါင်ကြားတို့လို နေရာတွေမှာ ချွေးစို့၊ စိုစွတ်နေရင် အရေပြားမလောင်အောင် ကလေးသုံး wet tissue လေးနဲ့ ဂရုတစိုက် တို့သုတ်ပေးရပါမယ်။ လိုအပ်လာရင် ရေအေးလေးနဲ့ ဆေးကြောပေးပြီး သူ့ဘာသာခြောက်သွေ့အောင် လေသလပ်ထားပေးရပါမယ်။

ကလေးမှာ ပူအိုက်မှုလွန်ကဲနေလား မကြာမကြာစစ်ဆေးပေးပြီး၊ ကလေးအသားကို လက်နဲ့ စမ်းကြည့်ပေးသင့်ပါတယ်။

အပူများနေတဲ့ ပတ်ဝန်းကျင်ကြောင့် ကလေးငယ်တွေမှာ ရေဓာတ်ဆုံးရှုံးမှုဖြစ်ပွားနိုင်ပြီး တက်ခြင်း၊ သတိလစ်တာတွေအပြင် အဆိုးဆုံးအခြေအနေမှာ အသက်အန္တရာယ်ဆုံးရှုံးနိုင်တဲ့အတွက် မေမေတို့ အနေနဲ့ မိမိရဲ့ကလေးငယ်ကို နွေရာသီမှာ အပူဒဏ်ကနေ ကာကွယ်နိုင်ဖို့ အထူးဂရုစိုက်ပေးရမှာဖြစ်ပါတယ်။

ကိုးကား- NUG MOH Facebook Page ၊ Hello ဆရာဝန်

spot_img
spot_img