spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နေရပ်ပြန်စစ်ရှောင်တွေမှာ ဝင်ငွေရအလုပ်အကိုင်မရှိတာကြောင့် စားဝတ်နေရေးအခက်ကြုံ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတချို့မှာ စစ်ဘေးရှောင်တွေဟာ မိမိတို့ နေရပ်ကျေးရွာကို ပြန်လာနေထိုင်ကြပြီး ဝင်ငွေရအလုပ်အကိုင်မရှိကြတာကြောင့် စားဝတ်နေရေးအတွက် အခက်ကြုံနေကြတယ်လို့ စစ်ရှောင်ကူညီသူတွေဆီကနေ သိရပါတယ်။

လက်ရှိမှာ အိမ်မွေးတိရစ္ဆာန်ရှိတဲ့မိသားစုဟာ မိမိတို့ပိုင်ဆိုင်တဲ့ ကျွဲ၊ နွား၊ ကြက် စတာတွေကို ရောင်းချကြပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေကြတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“တချို့အိမ်က မိသားစုဝင်တစ်ယောက်ယောက်က နိုင်ငံခြားမှာ အလုပ်သွားလုပ်တာမျိုးတွေ၊ တချို့ကြတော့ အိမ်မှာနွားရှိတဲ့သူတွေဆို အခုချိန်တော့ သူတို့အတွက် တအားသက်သာစေတယ် စားဝတ်နေရေးမှာက။ နွားရောင်းပြီးတော့ပေါ့ နွားမရောင်းရရင်တောင် ပေါင်စားပြီး ပြန်ရောင်းဆိုလည်း ဘယ်လိုဖြစ်ဖြစ်တော့ ဝင်ငွေမရှိတဲ့ မိသားစုထက်တော့အဆင်ပြေတာပဲလေ။ အကယ်၍ အိမ်မွေးတိရစ္ဆာန်အနေနဲ့လည်း ရောင်းစရာ ဘားမှမရှိဘူးဆို ဆန်က လောက်ပါ့မလား ဆိုပြီး သူတို့စိုးရိမ်ကြတယ်လေ” လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။

အဆိုပါ ကျေးရွာတွေမှာ အသက်မွေးဝမ်းကြောင်းအဖြစ် တောင်ယာလုပ်ငန်းတစ်ခုကိုသာ ပြုလုပ်ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် မတ်လ နောက်ပိုင်းမှာ စစ်ကောင်စီက ကျေးရွာအနီးအနားကို လာရောက်အခြေချဖူးတဲ့အတွက် မြေမြုပ်မိုင်းအန္တာရာယ်ကို စိုးရိမ်နေကြပြီး တောင်ယာထဲ မသွားရဲကြသေးဘူးလို့ လွိုင်ကော်မြို့နယ် အရှေ့ခြမ်းက ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အရင်က တောင်ယာလုပ်စားတယ်လေ ဒီမှာက အခုတော့ မသွားရဲဘူးကော။ ကျန်တဲ့သူတွေလည်း မသွားကြဘူးလေ အကုန်လုံးက တောင်ယာမှာ မိုင်းတွေ ကျန်နေမလားပေါ့ အဲ့လို ကြောက်ကြတော့ ။ အခုက ဝင်ငွေ ရဖို့က ဘာလုပ်ဘာကိုင်ရမှန်းမသိ။ ဝင်ငွေရှာရင်တောင် အသက်နဲ့ရင်းပြီးလုပ်ရမလိုလို ဟိုတွေးသည်တွေးနဲ့ ဘာမှမလုပ်ရဲဘူးလေ အခု‌အခြေအနေနဲ့က” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာထောက်ပံ့မှုရှိပေမယ့် လူဦးရေများတဲ့ မိသားစုတွေမှာ မလုံလောက်တာရှိသလို စိုက်ပျိုးလုပ်ကိုင်ရမဲ့ နေရာတွေ မရှိတာကြောင့် နေရပ်ပြန်ဖို့ ဆုံးဖြတ်ကြတာဖြစ်တယ်လို့ စစ်ရှောင်စခန်းကနေ နေရပ်ကျေးရွာပြန်သွားတဲ့ အမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။

“ပြန်ကြတယ်လေ။ ဘာလို့ပြန်ကြလဲဆိုတော့ ကိုယ့်ရပ်ရွာ ကိုယ့်အိမ်ပဲ ပြန်နေချင်ကြမှာပဲလေ။ ဒီမှာနေတာလည်း ရိက္ခာတွေရတယ်ဆိုပေမဲ့ မိသားစုများတဲ့သူတွေက‌တော့ ဘယ်လိုမှမလောက်နိုင်ဘူး။ စိုက်မယ်ဆိုလည်း နေရာကမရှိ။ အဲ့ကြောင့် တချို့က ရွာပြန်နေပြီး ကိုယ့်ခြံထဲ နည်းနည်းပါးပါးစိုက်လို့ရမယ်ပေါ့”လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ဆိုပါတယ်။

တချို့ကျေးရွာတွေမှာတော့ တစ်ရွာလုံးနီးပါး ပြန်လာနေထိုင်ကြပြီဖြစ်ပြီး စားဝတ်နေရေးအပြင် ကျန်းမာရေးပိုင်းဆိုင်ရာ စောင့်ရှောက်မှုလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

spot_img
spot_img