ကန္တရဝတီတိုင်း( မ် )
ကရင်နီပြည် ဒီးမော့ဆိုမြို့ သေးဆူလဲရွာသစ်ကျေးရွာမှာ နိုဝင်ဘာလ ၁၆ရက်နေ့ နေ့လည်ပိုင်းကအသက် ၃၉နှစ်အရွယ် ဦးဖဲဘူး မိုင်းနင်းမိပြီးနောက် လွိုင်ကော်ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံရောက်တဲ့အချိန် သေဆုံးသွားခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ဦးဖဲဘူးဟာ နေရပ်ပြန်နေတာ သုံးရက်ရှိပြီဖြစ်ပြီး နေအိမ်တွေခြုံထူနေတဲ့အတွက် သန့်ရှင်းရေးတွေ ပြုလုပ်နေရင်း မိုင်းနင်းမိသွားတာဖြစ်ပါတယ်။
“သူနင်းမိတဲ့ မိုင်းအမျိုးအစားကတော့ သူများနဲ့မတူဘူး။ ခါတိုင်းသူများနင်းမိရင် သူများခြေတောက်ပြတ်တာလောက်ပဲ နည်းနည်းပါးပါးပွန်းပဲ့တာတွေတော့ရှိတယ်လေ။ အခုခါကျတော့ သူနင်းမိတဲ့ မိုင်းအမျိုးအစားကတော့ သူ့ခြေတောက်လည်း ပြတ်သွားတယ်ပေါ့နော။ ပြီးမျက်နှာတွေကလည်း တစ်ဖက်က လုံးဝပျက်သွားတယ်။ နောက်ဒီ ရင်ဘတ်ကိုလည်း လုံးဝထိသွားတာ။ ရင်ဘတ်ကလည်း ဝင်ပြီးတော့ ဘယ်ဘက်ကနေ ပေါက်သွားတာ သူ့သူငယ်ချင်းတွေက ပြောပြတာပေါ့နော။ လက်ရှိ သူ့ကို စစချင်းတွေ့တဲ့ သူတွေပေါ့နော။” လို့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။
သေးဆူလဲရွာသစ်ကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလအတွင်း ကရင်နီပြည်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ အချိန်ကစပြီး အနီးအနားက ရွာတွေဆီ စစ်ရှောင်လိုက် ကျေးရွာပြန်လိုက်နဲ့ လယ်ယာလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ကြပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ရွာထဲမှာ တပ်စွဲထားတာ ရှိသလို အဲဒီကျေးရွာရှိ နေအိမ် တစ်ဝက်ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ လက်ရှိမှာတော့ လက်နက်ကိုင် အဖွဲ့အစည်းတချို့က နေရပ်ပြန်နေထိုင်ဖို့ တိုက်တွန်းနေတဲ့အတွက် ဒေသခံတချို့ နေရပ်ပြန်နေကြတာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ အတွင်း မိုးဗြဲကနေ နန်းမယ်ခုံတကြော စစ်ကောင်စီ စစ်ကြောင်းထိုးလာတဲ့ အချိန်ကစပြီး ကျေးရွာမှာ နေထိုင်လို့မရတော့ဘဲ ရွာလုံးကျွတ် စစ်ဘေးရှောင်ခဲ့ကြရတာ လက်ရှိအချိန်ထိဖြစ်ပါတယ်။
မိုင်းနင်းမိသူ ဦးဖဲဘူးရဲ့ ရုပ်အလောင်းကို ၁၇ရက်နေ့မှာ သင်္ဂြိုလ်ခဲ့တယ်လို့ ဆိုပါတယ်။ ဦးဖဲဘူးမှာ ၈နှစ်အရွယ် သမီးတစ်ယောက်နဲ့ ၄နှစ်အရွယ် သားတစ်ယောက်ရှိပါတယ်။ သူ့ရဲ့ ဇနီးဟာလည်း လွန်ခဲ့တဲ့ လေးနှစ်မှာ သေဆုံးသွားခဲ့ပါတယ်။