spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နေအိမ်သန့်ရှင်းရေးပြန်လုပ်တဲ့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ဘယ်ခြေတစ်ဖက်ဆုံးရှုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဘူးငံရယ်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ရက်နေ့က နေအိမ်သန့်ရှင်းရေးပြန်လုပ်တဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဆုံးရှုံးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

“သူတို့ပြန်မယ် သန့်ရှင်းရေးပြန်လုပ်မယ် ဆိုပြီးတော့မှ မနက်ပိုင်းမှာ မိုင်းနင်းမိသွားတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ိရိမ်ရဘူး။ ဒါပေမဲ့ ခြေတောက် တစ်ဖက်တော့ ဆုံးရှုံးရတယ်ပေါ့နော”လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

မိုင်းနင်းမိတဲ့အမျိုးသမီးဟာ အသက် ၅၀အရွယ်ရှိပြီး စစ်ရှောင်နေတာ ၂နှစ်ကျော်ကြာရှိနေပြီလို့ သိရပါတယ်။ နေရပ်ဇာတိဖြစ်တဲ့ ဒေါဘူးငံရယ်ကျေးရွာမှာ နေအိမ်သန့်ရှင်းရေးပြန်လုပ်ရာမှ မိုင်းနင်းမိတာကြောင့် ဘယ်ခြေတစ်ဖက် ဖြတ်လိုက်ရပြီး လက်မှာလည်း မိုင်းစကြောင့် ဒဏ်ရာ အနည်းငယ်ရသွားခဲ့တယ်လို့ သိရပါတယ်။

ဒေါဘူးငံရယ်ကျေးရွာမှာ စစ်ကောင်စီက ၂နှစ်ကျော်ကြာတပ်စွဲနေထိုင်ခဲ့တာဖြစ်ပြီး ပြန်လည်ဆုတ်ခွာသွားတဲ့အချိန်မှာတော့ နေအိမ်ခြံ၀န်းအတွင်း မိုင်းထောင်ထားခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

” သူတို့ (စစ်ကောင်စီ) နေခဲ့တဲ့အိမ်တော်တော်များများမှာတော့ မိုင်းတွေ ထောင်ထားခဲ့မယ်လို့ ကျမထင်တယ်။ နေရာတိုင်းမှာတော့ မထောင်ထားလောက်ဘူးပေါ့နော။ ဒါပေမဲ့ သူတို့နေခဲ့တဲ့အိမ် ခြံ၀န်းထဲမှာတော့ မိုင်းတွေထောင်ထားခဲ့တာမျိုး ရှိမယ်လို့ ကျမထင်တယ်”လို့ ဒေသခံအမျိုးသမီးက ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းက ကျေးရွာ၊ ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်စွဲနေထိုင်တာ မရှိတော့ပေမဲ့ နေအိမ်ခြံဝန်း၊ ကျေးရွာချင်းဆက် လမ်းတွေမှာ မြေမြှုပ်မိုင်း အများအပြားထောင်ထားခဲ့တယ်လို့ သိရပါတယ်။ မြေမြှုပ်မိုင်းရှိနေပေမဲ့လည်း ဒေသခံတွေအနေနဲ့ မိမိတို့ နေအိမ်ကို ပြန်လာကြည့်သူလဲရှိတာကြောင့် သတိထားသွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းပြောဆိုထားတာရှိပါတယ်။

လတ်တလောမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ မိုင်းရှင်းလင်းဆောင်ရွက်နေတာရှိပြီး ဒေသခံတွေအနေနဲ့ နေရပ်မပြန်ကြဖို့ မေတ္တာရပ်ခံထားကြပါတယ်။

spot_img
spot_img

Recent posts