spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နောက်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေရဲ့ အပူ

ကန္တာရဝတီတိုင်း(မ်)

“ဘာမှလည်း မလုပ်ပေးတတ်ဘူး။ သူအန္တရယ်ကင်းပါစေလို့ပဲ ညတိုင်းညတိုင်း ဆုတောင်းပေးနေတယ်။”

ရှေ့တန်းမှာ တာဝန်ထမ်းဆောင်ဖို့ သွားနေတဲ့ ခင်ပွန်း ဖြစ်သူအတွက် စိတ်ပူတယ်လို့ ဒေါ်ဒါးမယ်က ပြောပြသွားတာဖြစ်ပါတယ်။ လက်ရှိမှာ သူမက စစ်ရှောင်စခန်း တစ်ခုမှာ နှစ်နှစ်ခွဲအရွယ်သမီးနဲ့ နှစ်ယောက်တည်း နေနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်ဒါးမယ်ရဲ့ ခင်ပွန်းဟာ ကရင်နီတပ်မတော် (KA) ထဲဝင်ရောက်ပြီး တာဝန်ထမ်းဆောင်နေပါတယ်။

“ပထမဆုံးတော့ ကျမလည်း သဘောမကျခဲ့ဘူး။ မကြိုက်ဘူး ဒါပေမယ့် ကျမပြောလို့ မရဘူးပေါ့။ မလုပ်နဲ့လို့ ပြောပေမယ့် သူက ဘာဖြစ်လို့မလုပ်ရမှာလဲ သူများတွေလည်း လုပ်နေတာပဲ။ ပြည်သူတွေအားလုံးလည်း အကုန် တော်လှန်နေကြတယ်။ ဘာလို့ တစ်ယောက်တည်း နေနေရမှာလဲ အဲ့လိုပေါ့ သူကျမကိုပြောတယ်။ မလုပ်နဲ့ပေါ့ သူများတချို့တွေလည်း မလုပ်ကြပါဘူးလို့ပြောတာ သူက အဲ့လိုမျိုး မလုပ်ဘဲနေနေကြရင် ငါတို့ တိုင်းပြည် ဘယ်လိုဖွံ့ဖြိုး တိုးတက်နိုင်မှာလဲပေါ့။ သူအဲ့လို အမြဲပြောနေတော့ ကျမလည်း ပြန်စဉ်းစားကြည့်တာပေါ့နော။ သူအဲ့လောက်ထိ စိတ်ဓါတ်ပြင်းထန်နေရင်လည်း လုပ်လည်း လုပ်ပါစေပေါ့ အဲ့လိုပဲတွေးလိုက်တယ်။ “

စစ်အာဏာသိမ်းပြီးနောက်မှာ ကရင်နီလူငယ်တွေဟာဆိုရင် စစ်အာဏာချေမှုန်းဖို့အတွက် ရရာလက်နက်စွဲကိုင် တော်လှန်ခဲ့ကြပြီး အခုဆိုရင် ၆လ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ကြတဲ့ လူငယ်တွေဟာဆိုရင် ဒေသခံလက်နက်ကိုင်ဖြစ်တဲ့ KNDF၊ PDFနဲ့ ကရင်နီတပ်မတော်(KA) အဖွဲ့အစည်းတွေ ထဲကိုဝင်ရောက်ပြီး တော်လှန်နေကြတာဖြစ်ပါတယ်။

ကရင်နီပြည်နယ်မှာဆိုရင် ၆လအတွင်း စစ်ကောင်စီနဲ့ ကရင်နီဒေသခံလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၁၀၀ ဝန်းကျင်ဖြစ်ပွားခဲ့ပြီဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်နေကြတဲ့ လူတွေအထဲမှာ ဒေါ်ဒါးမယ်ရဲ့ ခင်ပွန်းဖြစ်သူလည်း ပါဝင်ပါတယ်။ သူကတော့ ကရင်နီတပ်မတော် (KA)က ဖွင့်တဲ့ အပတ်စဉ်(၇၁) သင်တန်း ၃လတက်ရောက်ခဲ့ပါတယ်။ စစ်အာဏာကို တိုက်ထုတ်ဖို့ လက်နက်ကိုင်တော်လှန်တဲ့ လမ်းစဉ်ကို ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။

တာဝန်ထမ်းဆောင်ရင် ခရီးတွေသွားရလို့ မိသားစုနဲ့ ခွဲရမှာ သိပေမယ့် တစ်ချိန်မှာ ပြန်တွေ့ရမယ်တွေးထားတယ်လို့ ဒေါ်ဒါးမယ်ရဲ့ ခင်ပွန်းက ပြောပါတယ်။

” ပျော်တာပေါ့။ သူတို့နဲ့ သုံးလခွဲနေရတာ အရမ်းကြီးတော့ မကြာဘူး။ ဒါပေမယ့် တာဝန်ထမ်းဆောင်ရင် ခရီးတွေ ထွက်ရမယ်ဆိုတာ သိတယ်။ ဒါပေမယ့် သူတို့နဲ့ တချိန်ချိန်တော့ ပြန်တွေ့ကြရမယ်လို့ အဲ့လိုပဲတွေးတယ်။ “

ခင်ပွန်းဖြစ်သူကတော့ လက်ရှိ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေပါတယ်။ ကရင်နီတပ်မတော် (KA)သင်တန်းတက်ရောက်စဉ်ကာလမှာရော၊ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အချိန်မှာရော ခွဲနေရတဲ့အတွက် သမီးဖြစ်သူကလည်း သူ့အဖေကို သတိရတာတွေ၊ ခဏခဏမေးတာတွေ ရှိတယ်လို့ ပြောပါတယ်။

” ငိုတာတော့ မရှိဘူး။ နေခဲ့နော အဖေခဏသွားစရာရှိလို့ အဖေပြန်လာခဲ့မယ်နော။ သူ့အဖေ သူ့ကိုအဲ့လိုပြောတာ အင်း လို့သူ့အဖေကို ပြန်ပြောတာပဲ။ “

ဒေါ်ဒါးမယ်ရဲ့ ခင်ပွန်းဟာ တာဝန်ထမ်းဆောင်နေရတဲ့အတွက် မိသားစုကို အရင်ကလို အချိန်အများကြီးမပေးနိုင်တော့ပါဘူး။

သူမတစ်ယောက်တည်း သမီးကိုစောင့်ရှောက်နေရတာအပြင် အိမ်အလုပ်တွေကို တစ်ယောက်တည်းလုပ်နေရတဲ့အတွက် ပင်ပန်းတာတော့ရှိတယ်လို့ ဆိုပါတယ်။

” သူရဲဘော်မလုပ်ခင် တုန်းကဆိုရင် ရှာဖွေစားသောက်ကြတာလည်း လုံလုံလောက်လောက်ရှိတယ်ပေါ့။ သွားစရာရှိရင် သူသွားပေးမယ် အဲ့လိုပေါ့ ကျမအတွက် နည်းနည်းပိုအဆင်ပြေမယ်ပေါ့။ အခုက သူမရှိတော့ ဘာပဲဖြစ်ဖြစ် ကျမအကုန်လုပ်ရတယ်။ ထင်းသွားသယ်တာဖြစ်ဖြစ် ရေခပ်တာဖြစ်ဖြစ် ကျမတစ်ယောက်လည်း လုပ်နေရတော့ မောတယ် ပင်ပန်းတယ်။ စားဖို့သောက်ဖို့တို့လည်း သူရှာမပေးနိုင်တော့ဘူးဆိုတော့ စားသောက်ဖို့လည်း အခက်အခဲရှိတယ်။ “

အခုလို လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်တဲ့သူတွေရဲ့ မိသားစုဝင်တွေဟာဆိုရင် နေရပ်ကို မပြန်ရဲတာတွေ၊ အသက်အန္တာရာယ်စိုးရိမ်ရတာတွေရှိနေကြပါတယ်။

ကရင်နီပြည်နယ်မှာဆိုရင် တော်လှန်ရေးမှာ လက်နက်ကိုင်တော်လှန်နေကြတဲ့ သူတွေလည်း အများအပြားရှိနေပါတယ်။ တော်လှန်ရေးမှာပါဝင်ပြီး နောက်မှာကျန်ရစ်ခဲ့ရတဲ့ မိသားစုဝင်တွေအနေနဲ့ အားတင်းထားကြရမယ်လို့ ဒေါ်ဒါးမယ်က အခုလိုဆိုပါတယ်။

” သားသမီးတွေ၊ ခင်ပွန်းတွေ ရှေ့တန်းမှာ တိုက်ပွဲဝင်နေလို့ ကျန်နေခဲ့ရ တဲ့သူတွေလည်းရှိတယ် ကျမလည်း ပါတယ်ပေါ့။ ဒါပေမယ့် ကျမတို့ အားလုံး အားတင်းထားကြရမယ်ပေါ့။ ကျမတို့ သားသမီး၊ ခင်ပွန်း သူတို့က တိုင်းပြည်အတွက် တိုက်ပွဲဝင်နေကြရတယ်။ ကျမတို့ကလည်း အိမ်မှုကိစ္စတွေလုပ်ကြရတယ်။ ဘာပဲဖြစ်ဖြစ် ကျမတို့ အားလုံး အားတင်းထားကြရမယ်ပေါ့။ “

ဒေါ်ဒါးမယ်ကတော့ အရေးတော်ပုံအောင်မယ့် တစ်နေ့ ကို မျှော်လင့်နေပါတယ်။

” အရေးတော်ပုံ အောင်တဲ့အခါကျရင် မိသားစုအတူတူ ပြန်နေရမယ်လို့ အဲ့လို ပဲ မျှော်လင့်တယ်။ “

spot_img
spot_img