spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နေ့စဉ်ကြုံတွေ့နေတဲ့ စိတ်ဖိစီးမှုကို ဘယ်လိုကျော်ဖြတ်မလဲ?

Author

Date

Category

စိတ်ဖိစီးမှု (Stress) က လူတစ်ဦးတစ်ယောက်ရဲ့ ကျန်းမာရေးကို ဒုက္ခအမျိုးမျိုး ပေးတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်မျိုးဆိုပေမဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေပါ ခံစားရစေနိုင်ပါတယ်။

လူမှုရေး နဲ့ စီးပွားရေးမညီမျှမှုတွေ မြင့်တက်လာတာ၊ ကမ္ဘာ့ကပ်ရောဂါတွေ၊ ရှည်ကြာတဲ့ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေနဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေတွေက ပြည်သူတစ်ရပ်လုံးကို ခြိမ်းခြောက်လျက်ရှိနေပါတယ်။

အထူးသဖြင့် ဒီလိုကာလမှာ အနာဂတ်မျှော်လင့်ချက်တွေ၊ ဘဝရှေ့ရေး မသေချာ မရေရာမှုတွေနဲ့ ကြုံတွေ့နေရတဲ့ ကရင်နီပြည် စစ်ဘေးရှောင် ပြည်သူအများစုဟာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ပင်ပန်းမှုဒဏ်ကို နေ့စဉ်နဲ့အမျှ ခံစားနေကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် ရည်ရွယ်ပြီး ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေလျှော့ရာမှာ အသုံးဝင်မယ့် နည်းလမ်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

မိမိကိုယ်ကို ကြင်နာပါ

မိမိကိုယ်ကိုယ် သူတစ်ပါးနဲ့ နှိုင်းယှဉ်ပြီး “သူက အဲလိုလုပ်နိုင်ပြီ။ ငါက ဘာမှ မဖြစ်လာနိုင်သေးဘူး” စတဲ့အတွေးကို ရှောင်ကြဉ်ရမှာဖြစ်ပြီး ကိုယ့်အတိုင်းအတာနဲ့ကိုယ် ဆက်လျှောက်ရမယ့် လမ်းခရီးကိုစိတ်ရှည်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ခု အနေနဲ့ ဒီလိုပဋိပက္ခ ကာလမှာ အတိဒုက္ခရောက်နေကြရတာဟာ ကိုယ်တစ်ဦးတစ်ယောက်ထဲ၊ ကိုယ့်မိသားစုတစ်စုထဲ မဟုတ်ဘူးလို့ နှလုံးသွင်းရမှာဖြစ်ပါတယ်။

အတိတ်ကအောင်မြင်မှုတွေကို ပြန်လည်အောက်မေ့ပါ

လူတိုင်းမှာ ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက် အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရဖူးပြီး အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ဖူးကြစမြဲပါပဲ။ အခုလည်းစိတ်ဖိစီးမှုကို ကြုံတွေ့ရတဲ့အခါမှာ အတိတ်က ကျော်ဖြတ်လာခဲ့တဲ့ နည်းလမ်းဟောင်းတွေကလည်း စိတ်ဖိစီးမှုကို ကောင်းမွန်စွာ ကျော်လွှားနိုင်မယ့် နည်းလမ်းကောင်း ဖြစ်လာနိုင်ပါတယ်။

အသိပညာ၊အတတ်ပညာအသစ်သင်ယူပါ

အသိပညာ၊ အတတ်ပညာသင်ယူပါ လို့ပြောတဲ့အခါမှာ ငွေးကြေးပေးပြီး သင်တန်းတစ်ခုခုတက်ရောက်ရမှ မဟုတ်ပါဘူး။ နေ့တိုင်းနေထိုင်ခဲ့တဲ့ ပုံစံကနေရုန်းထွက်ပြီး တခုခုရည်မှန်းချက်ထား ကြိုးစားသင်ယူလိုစိတ် မွေးမြူရမှာဖြစ်ပါတယ်။ ဘာသာစကားအသစ်ကို လေ့လာတာဖြစ်ဖြစ်၊ ဂီတပညာသင်ယူတာဖြစ်ဖြစ် ကိုယ်ဝါဿနာပါတဲ့ အရာကို အချိန်ပေးလေ့လာသင်ယူခြင်းဖြင့် စိတ်ဖိစီးမှုကို လျှေ့ချစေနိုင်ပါတယ်။

မနိုင်ဝန်ကို မထမ်းပါနဲ့

လက်ရှိအချိန်မှာ လူတိုင်းနီးပါး ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာတွေကို စိတ်သွားရင်တောင် လူလိုက်လို့ မရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ အထူးသဖြင့် ဒီလိုကာလမှာ ကိုယ့်ထက် အတိဒုက္ခရောက်နဲ့သူကို ကူညီချင်စိတ်တွေ၊ ပေးကမ်းလိုစိတ်တွေဟာ ရှိကောင်းရှိပေမယ့် ကိုယ်ကိုယ်တိုင်က မပြည့်စုံတဲ့အခါမှာ မိမိကိုယ်မိမိ အပြစ်တင်မိတတ်ပါတယ်။ ဒါကြောင့် ကိုယ်မတတ်နိုင်တဲ့အရာကို ထပ်ခါထပ်ခါတွေးမိတဲ့ အကျင့်ကို ပြင်ရမှာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုစကားပြောပါ

ကိုယ့်ကိုယ်ကို စကားပြောပါ လို့ပြောတဲ့အခါ ကြောင်တောင်တောင် ဖြစ်နိုင်တယ်လို့ ထင်ကောင်း ထင်မိပါလိမ့်မယ်။ ဒါပေမဲ့ ဒီနည်းလမ်းက ကိုယ့်အခြေအနေထဲကနေ ကိုယ့်ကိုယ်ကို ဆွဲထုတ်နိုင်ပြီး တစ်ခြားရှုတောင့်ကနေ မြင်ကြည့်ပြောကြည့်တဲ့အခါ အမြင်တွေကို ပြောင်းလဲစေသလို အတွေးသစ်ကိုလည်း ရစေနိုင်ပါတယ်။ “တစ်ခြားသူတစ်ယောက်က ကိုယ့်လိုအခက်အခဲတွေ ကြုံတွေ့ရမယ်ဆိုရင် ကိုယ်က သူ့ကိုဘယ်လိုအကြံပေးမလဲ၊ ဘယ်လိုစကားပြောမလဲ” ဆိုတာကို ကိုယ့်ကိုယ်ကို မေးကြည့်လို့ရပါတယ်။

မိမိကိုယ်ကို ပိုဂရုစိုက်ပါ

မိမိကိုယ်ကို မိမိဂရုစိုက်တာဟာ စိတ်ကျန်းမာရေးအပြင် ခန္ဓာကိုယ်ကျန်းမာရေးကို များစွာအထောက်အကူ ဖြစ်စေပါတယ်။ မိမိကိုယ်ကို ဂရုစိုက်တဲ့နေရာမှာ စားချိန်၊ အိမ်ချိန်မှန်ဖို့ ကျင့်ယူရမှာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို သက်သာစေဖို့ ကိုယ်ယုံကြည်ရာမှာ ဘုရားတရားလုပ်တာ၊ တရားထိုင်တာ၊ ယောဂကျင့်တာ ၊ လေ့ကျင့်ခန်းလုပ်တာတွေလည်း ပြုလုပ်နိုင်ပါတယ်။

လိုအပ်ရင် တစ်ခြားသူထံ (ဒါမှမဟုတ်) ပညာရှင်ထံသို့ အကူအညီတောင်းခံပါ

လူအများစုက စိတ်ဖိစီးမှု ကြုံလာတဲ့အခါတွေမှာ တစ်ဦးတစ်ယောက်ထဲ သီးသန့်နေချင်ကြပါတယ်။ ဒါပေမဲ့ စိတ်ဖိစီးမှုကြုံလာရတဲ့အခါမှာ ပတ်ဝန်းကျင်ရဲ့ ထောက်ပံ့မှုက အရေးကြီးပါတယ်။ ဒါကြောင့် မိတ်ဆွေ၊ အပေါင်းအသင်း၊ မိသားစုဝင်တွေနဲ့ နွေးနွေးထွေးထွေးနေရမှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ခက်ခဲနေရင်၊ မသေချာ မရေရာမှုတွေကို ရင်ဆိုင်ကျော်ဖြတ်တဲ့အခါမှာ ခက်ခဲနေရင် စိတ်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးရမှာဖြစ်ပါတယ်။ စိတ်ဒဏ်ရာနဲ့ ပတ်သက်ပြီး လိုအပ်နေလို့ အကူအညီတောင်းခံတာဟာ ရှက်ရွံ့သိမ်ငယ်စရာကိစ္စ မဟုတ်ပါဘူး။

လူတိုင်းလူတိုင်းမှာ ကိုယ်ကျန်းမာရေးရှိသလို စိတ်ကျန်းမာဖို့လဲ အရေးကြီးပါတယ်။ စိတ်ကျန်းမာ ကိုယ်ကျန်းမာမှ ကိုယ်ရဲ့နေ့စဉ်ဘဝကို ကောင်းမွန်စွာဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ လက်ရှိကာလဟာ အဖက်ဖက်မှအပြောင်းအလဲများလွန်းတာကြောင့် ကိုယ်အပါအဝင်နဲ့ ကိုယ်ချစ်ခင်ရသူတွေမှာ ကူကယ် ရာမဲ့၊ မျှော်လင့်ချက်မဲ့ ခံစားမှုတွေ ဖြစ်ပေါ်ကြုံတွေ့ ခံစားလာရရင် ကျွမ်းကျင်ပညာရှင်တွေနဲ့ စကား ပြောဆိုပြီး အကူအညီရယူကြဖို့ အကြံပေးတိုက်တွန်းလိုက်ပါတယ်။

ကိုးကား – NUG MOH Facebook page

spot_img
spot_img

Recent posts