spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နွေပူပူမှာ ထပ်ဆင့် သောကအပူမီးတွေ နဲ့ ကရင်နီစစ်ဘေးဒုက္ခသည်များ

နေ့လည်နေ့ခင်းတွေမှာ ရေထွက်နည်းတဲ့အတွက် စစ်ရှောင်တွေ မနက် ၆နာရီကတည်းက အဝတ်လျှော်၊ရေချိုးနေရ။

ကန္တာရဝတီတိုင်း(မ်)

မှုန်ရီမှုန်ဝါးချိန် မနက် ၄နာရီအချိန်ကစ ရေပုံးတွေကိုယ်စီယူကာ ရေထွက်ပေါက်ငယ်လေးဆီ ဦးတည်သွားနေကြတဲ့ လူတစ်စုကို မြင်တွေ့နေရပါတယ်။ ရေထွက်ပေါက်ငယ်လေး တစ်ဝိုက်မှာတော့ ဓာတ်မီးကိုယ်စီကိုင်ကာ ရေလာခပ်တဲ့သူတွေနဲ့ ရေခပ်ပြီး ပြန်သွားကြတဲ့သူတွေဟာ မြင်ကွင်းမှာ ရှုပ်ယှက်ခတ်နေပါတယ်။

သူတို့တွေကတော့ ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ ဒေါနိုးကူးစစ်ရှောင်စခန်းမှာ နေထိုင်တဲ့ စစ်ရှောင်တွေဖြစ်ကြပြီး ချက်ပြုတ်သောက်သုံးဖို့ ရေကိုမနက်အစောကြီး လာခပ်နေကြတာဖြစ်ပါတယ်။

ရေထွက်ပေါက်ကို ရောက်တာနဲ့ “ ရေရှိသေးလား။ ဒီရက်စောလိုက်တာ” ဆိုပြီး အချင်းချင်း တီးတိုးမေးမြန်းပြောဆိုကြတဲ့စကားသံက မနက်ခင်းတိုင်းပါပဲ။

ဒေါနိုးကူးစစ်ရှောင်စခန်းမှာ နေထိုင်သူတွေဟာ နွေရာသီရဲ့ ရေရှားပါးမှုဒဏ်ကို ခံစားနေရတာ ပြီးခဲ့တဲ့ မတ်လပိုင်းကတည်းကပါ။

နေ့လည်နေ့ခင်းတွေမှာ ရေထွက်နည်းတဲ့အတွက် စစ်ရှောင်တွေ မနက် ၆နာရီကတည်းက အဝတ်လျှော်၊ရေချိုးနေရ။

“ ကျမတို့ မိုးမလင်းခင်ကတည်းက ရေသွားခပ်ရတယ်။ မိုးလင်းမှ သွားခပ်ရင် ရေမရှိတော့ဘူး။ ရေခမ်းကုန်တယ်။ အဲဒါကြောင့် ကျမတို့ မိုးချုပ်တဲ့အချိန်ကတည်းက သွားခပ်ထားရတယ်။ မိုးမလင်းသေးရင် ရေက ပိုထွက်တဲ့အတွက် ကျမတို့ သွားခပ်တယ်။ ဒီလောက်ရှိတဲ့ ပုံး တစ်ပုံး၊ နှစ်ပုံးလောက်ကို သွားခပ်တယ်။” လို့ ၃ ဂါလံခန့်ဝင်ဆန့်တဲ့ ရေပုံးကို ကိုင်ထားတဲ့ စစ်ရှောင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

တောင်ထိပ်နားမှာရှိတဲ့ စစ်ရှောင်အိမ်တွေကနေ ၁၅ မိနစ်လောက်သွားရတဲ့ တောင်အောက်မှာ ရေထွက်ပေါက်ငယ်လေးတစ်ခု ရှိနေပါတယ်။ မနက်မိုးမလင်းခင်မှာ သောက်သုံးဖို့အတွက် ကြည်လင်တဲ့ရေကိုရရှိဖို့ ရေတွင်းငယ် သုံးခုရှိတဲ့ အဲဒီရေထွက်ပေါက်မှာ လာရောက်ခပ်ယူကြတာဖြစ်ပါတယ်။

မနက် နေရောင်ခြည်စထွက်လာတဲ့ ၅နာရီခွဲဝန်းကျင်မှာတော့ လျှော်ဖွတ်ဖို့နဲ့ ရေချိုးဖို့ လူတွေ ထပ်မံရောက်လာခဲ့ပါတယ်။ နေ့ခင်းပိုင်းနဲ့ ညနေပိုင်းတွေမှာ ရေထွက်ပေါက်မှာရှိတဲ့ ရေတွင်းဟာ ရေထွက်နည်းနေသလို၊ ရေမကြည်လင်တော့တာကြောင့် မနက်အစောကြီး ရေသွားခပ်ကြတာဖြစ်ပါတယ်။

ဒေါနိုးကူးစစ်ရှောင်စခန်းမှာ လက်ရှိ လူဦးရေ ၄ ထောင်ဝန်းကျင်နေထိုင်ပြီး သူတို့အတွက် သောက်သုံးရေ ရရှိဖို့က အဓိကဖြစ်ပြီး၊ ရရှိလာတဲ့ ရေကိုလည်း ချွေတာသုံးစွဲနေရတာပါ။

သောက်သုံးရေ နှစ်ပုံးရရှိဖို့ မနက် ၆နာရီကနေ ၇ နာရီအထိ ‌စောင့်ပြီး ခပ်ယူနေရတဲ့ စစ်ရှောင်တစ်ဦး။

“မနက် ၃ နာရီ ၄ နာရီကတည်းက သွားခပ်တယ်။ ကျမက အသက်ကြီးတော့ သွားမခပ်နိုင်တော့ဘူး။ ချွေတာ သုံးနေရတယ်။ ဒီလောက်လေးတစ်ပုံးကို တစ်နေကုန်သုံးနေရတယ်။ ချက်ပြုတ်ပြီး ဆေးကြောရင် ရေကို မသွန်ပဲ အကြမ်း၊ အချောတွေနဲ့ ဆေးတာမျိုးတွေ လုပ်ရတယ်။ နည်းနည်းလေးပဲ သုံးရတယ်။” လို့ ဒေါ်ညေးမြာက သူမရေခပ်နေကြ ရေပုံးလေးကို ညွှန်းရင်း ပြောပြပါတယ်။

သောက်သုံးဖို့ ကြည်လင်တဲ့ရေ နှစ်ပုံးကို ရနိုင်ဖို့အတွက် ရေထွက်ပေါက်မှာ တစ်နာရီကြာအောင် စောင့်ပြီး ရေခပ်ယူနေရသူတွေလည်း ရှိနေပါတယ်။ ဒီလိုရေရှားပါးချိန်မှာ ဆိုင်ကယ်ရှိတဲ့သူတွေက ဆိုင်ကယ်နဲ့ သွားသယ်ယူလို့ ရနိုင်ပေမယ့်၊ ဆိုင်ကယ်မရှိသူတွေကတော့ ခြေလျင်နဲ့ပဲ တောင်တက်၊ တောင်ဆင်းသွားခပ်ရပါတယ်။

စစ်ရှောင်တချို့ကတော့ ချက်ပြုတ်သောက်သုံးဖို့အတွက်သာ ရေတွေကို ခပ်ယူနိုင်ကြပြီး အိပ်သာသုံးဖို့အတွက် မခပ်ယူနိုင်ကြပါဘူး။

“ရေပုံးတွေလည်း အများကြီးမရှိဘူး။ ရေသွားခပ်မယ့်နေရာကလည်းဝေးတယ်။ အဲဒီတော့ ချက်ပြုတ်စားသောက်ဖို့အတွက်ပဲ ရေသွားခပ်ထားတယ်။ အိပ်သာကတော့ရှိတယ်။ ဒါပေမယ့် ရေတွေလိုတဲ့အတွက် အိပ်သာတွေဘာတွေ တက်ဖို့ဆိုရင် ပေါက်ပြားတွေယူပြီး ဒီအနီးအနားတောတွေထဲ သွားလိုက်တယ်။” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ရှောင်စခန်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ကရင်နီပြည်တွင်း တိုက်ပွဲစဖြစ်ချိန်ကစပြီး စစ်ရှောင်စခန်းအဖြစ် လာရောက်နေထိုင်ကြတာ ဖြစ်ပါတယ်။ ယခင်နှစ်တွေမှာတော့ လူဦးရေ ၂ ထောင်ကျော်အထိရှိခဲ့ပြီး၊ ၂၀၂၃ ခုနှစ် မတ်လကစပြီး ဒီးမော့ဆိုအရှေ့ဘက်ခြမ်း တိုက်ပွဲပြင်းထန်ချိန်မှာ ဒေါနိုးကူးစစ်ရှောင်စခန်းကို လူဦးရေ တစ်ထောင်ကျော် ထပ်တိုးလာတာဖြစ်ပါတယ်။

မိုးရာသီကာလမှာ ရေကို ရရှိနိုင်ပေမယ့် နွေရာသီမှာတော့ သောက်သုံးဖို့ရေကိုတောင် ရဖို့ခက်ခဲတယ်လို့ စစ်ရှောင်စခန်း အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ စောခါးထယ်က ပြောပါတယ်။

“ရေကတော့ မိုးတွင်းပိုင်းဆိုလို့ရှိရင် ချောင်းထဲမှာ မိုးရေနဲ့ ကျနော်တို့ ချောင်းထဲမှာ ခပ်ပြီးသုံးစွဲတယ်ပေါ့နော။ ဒါပေမယ့် လောလောဆယ် ဒီချောင်းကလည်း ချောင်းအသေကြီးဖြစ်နေတယ်။ ချောင်းအရှင် မဖြစ်နေတဲ့အခါကျတော့ နွေရာသီမှာ ကျနော်တို့ တော်တော်လေး ဒုက္ခရောက်နေတာ။ အဲဒီတုန်းကဆိုလို့ရှိရင် ကျနော်တို့ လူဦးရေက နှစ်ထောင်ဝန်းကျင်လောက်ပဲ ရှိတယ်ပေါ့နော။ အခုထပ်ထွက်လာတဲ့ လူဦးရေ ပမာဏနဲ့ဆိုရင် ကျနော်တို့ ဘယ်လိုမှ cover မလုပ်နိုင်ဘူး။ ပြီးလို့ရှိရင် ဒီရာသီမှာက ရေကလည်း ခမ်းနေပြီဆိုတော့ ရေက အဆင်မပြေဘူးဖြစ်နေတယ်။” လို့ စစ်ရှောင်စခန်း အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ စောခါးထယ်က ပြောပါတယ်။

စစ်ရှောင်စခန်းကနေ တစ်နာရီကျော် လမ်းလျှောက်သွားရတဲ့ ရေထွက်ပေါက်တစ်နေရာမှာ စစ်ရှောင်တွေ ရေသွားရောက်ခပ်ယူနေကြစဉ်။( ဓါတ်ပုံ – လဲသျိုး)

ရပ်ကွက် ၅ ခုနဲ့ ဖွဲ့စည်းထားတဲ့ ဒေါနိုးကူးစစ်ရှောင်စခန်းမှာ စခန်းအုပ်ချုပ်ရေးကော်မတီတွေကနေ သောက်သုံးဖို့အတွက် ရပ်ကွက်တွေထဲကို ရေလှောင်ခံပုံးကြီးတွေနဲ့ ရေစုထားပြီး အလှည့်ကျရေပေးဝေခဲ့ပေမယ့်၊ ဒီတစ်လအတွင်းမှာ ရေလွှတ်ပေးနိုင်ခြင်းမရှိတော့ဘဲ စစ်ရှောင်တွေဟာ ဝေးလံတဲ့နေရာအထိ ရေသွားရောက်ခပ်ယူနေကြရတာဖြစ်ပါတယ်။

spot_img
spot_img