spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နွေဦးဂုရုလေးများ ပညာရေးစင်တာရဲ့ ပထမဆုံးအကြိမ် ဖွင့်တဲ့ နှစ်လတာ ပညာရေးအစီအစဉ် သင်တန်းဆင်း

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆို မြို့နယ်အတွင်းမှာ နွေဦးဂုရုလေးများ ပညာရေးစင်တာကနေ ဒေသခံ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဖွင့်လှစ်ခဲ့တဲ့ နှစ်လတာ ပညာရေးအစီအစဉ် သင်တန်းကို မတ်လ ၃၁ ရက်နေ့မှာ သင်တန်းဆင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ အထက်တန်းကျောင်းအရွယ် တွေနဲ့ စစ်ရှောင်လူငယ်တွေကို အဓိကခေါ်ယူသင်ကြားပေးခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ကြောင့်နဲ့ အာဏာသိမ်းမှုကြောင့် နှစ်နှစ်လောက် ကျောင်းမတက်ခဲ့ကြရတာဖြစ်တဲ့အတွက် လက်ရှိ သင်ကြားဖွင့်လှစ်ပေးတဲ့ သင်တန်းမှာတော့ အကျိုးရှိမယ်လို့ မျှော်လင့်တယ်လို့ သင်တန်းပို့ချပေးတဲ့ ဆရာမတစ်ဦးက ဆိုပါတယ်။

“အားရမှုတော့ တော်တော်ရှိတယ်။ အစပိုင်း ဆိုလို့ရှိရင် သူတို့က နည်းနည်းရှက်ကြတယ်။ ကြောက်ကြတယ်။ စကားဆို မပြောရဲကြဘူး အေးအေးလေးပဲပေါ့နော။ နောက်ပိုင်းကြတော့ သူတို့က လူကြားတိုးရဲလာတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုတွေရှိလာတယ်။ သူတို့လုပ်နိုင်မယ်ထင်တဲ့ အရာတွေလည်း သူတို့ကိုယ်တိုင်လုပ်ဖို့ လုပ်နေပြီပေါ့နော။ ဘယ်လိုပုံစံမျိုးလည်းဆိုရင် အခုက ရွာတွေမှာ ကိုယ့်ရဲ့ ညီငယ်၊ ညီမငယ်တွေကို စာသင်ပေးဖို့ သူတို့က လုပ်ဖို့ အစီအစဉ်ဆွဲနေကြတယ်ပေါ့နော။ ကျမတို့ဖက်ကလည်း ကူညီပေးဖို့ လုပ်နေတယ်ပေါ့နော။ “ ဆရာမ တစ်ဦးက ပြောပါတယ်။

သင်တန်းနှစ်လတာအတွင်းမှာ ကရင်နီစာပေ၊ သမိုင်းကြောင်း၊ လက်မှုပညာ၊ ပန်းချီ၊ ဂီတ၊ အင်္ဂလိပ် ဘာသာ စတာတွေကို သင်ကြားပို့ချခဲ့တာဖြစ်ပါတယ်။

“ ဒီပညာရပ်က ကိုယ့်အတွက် အများကြီး အရေးကြီးတယ်ပေါ့။ အင်္ဂလိပ်ဆိုလည်း နိုင်ငံတကာသုံး စာဖြစ်တယ်။ နိုင်ငံတကာသုံးတဲ့ ဘာသာစကား ပြီးတော့ ကိုယ့်ဘဝအတွက်လည်း အများကြီး အကျိုးရှိတယ်ပေါ့။ တခုခုဆို အရင်တုန်းကဆိုရင် သမီးတို့ဆို ရှေ့မထွက်ရဲကြဘူး။ အဲ့တာ အခုက ရှေ့ထွက်ရဲလာပြီ။ အရင်တုန်းက ရှေ့မထွက်ရဲတဲ့ လူတော်တော်များများရှိခဲ့တယ်။ အခု သူတို့ကိုယ် သူတို့ ယုံကြည်မှုရှိလာပြီ။ “ လို့ သင်တန်းတက်ရောက်ခဲ့တဲ့ ကျောင်းသူတစ်ဦးက ပြောပါတယ်။

သင်တန်းပြီးသွားတဲ့ လူငယ်တွေအနေနဲ့လည်း ကျေးရွာတွေမှာ ပြန်လည်ပြီး ကလေးတွေကို စာပြန်သင်ကြားပို့ချတာတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ လက်မှုလုပ်ငန်းတွေ၊ ထမင်း၊ဟင်းချက်တာတွေ ဆိုရင် အိမ်မှာဆို အဲ့လောက်အထိ မလုပ်ကူဘူးပေါ့။ ဒီရောက်မှ အဖွဲ့နဲ့အတူတူလုပ်ရတာတွေ။ အစ ဆိုရင် အများနဲ့ မနေတတ်ဘူး အခုကျတော့အများနဲ့ နေတတ်လာပြီ။ English Speakingပိုင်းတွေ နည်းနည်းတိုးတက်လာပြီ။ အလုပ်အပိုင်းတွေ၊ စီမံခန့်ခွဲမှု အပိုင်းတွေပေါ့။ “ လို့ ကျောင်းသားတစ်ဦးက ပြောပါတယ်။

နှစ်လတာပညာရေး အစီအစဉ်ကို ဇန်နဝါရီ ၂၄ရက်နေ့မှာ စတင်ဖွင့်ခဲ့တာဖြစ်ပြီး သင်တန်းသား ၅၄ ဦးဝန်းကျင်နဲ့ ဆရာ ၄ ဦးတို့ သင်ကြားပေးတာ ဖြစ်ပါတယ်။ နောက်ထပ် ဆက်လက် ဖွင့်လှစ်သွားဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

နွေဦးဂုရုလေးများအဖွဲ့ကို ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်းမှာ လူငယ် ၆ ဦးကနေ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိမှာတော့ ကျန်းမာရေး၊ ပညာရေး၊ စစ်ရှောင်ကူညီရေး၊ ထောက်ပို့ စတဲ့လုပ်ငန်းတွေကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ကရင်နီပြည်တွင်း ပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ်။

spot_img
spot_img