spot_img
Monday, March 27, 2023
spot_img

“နွေဦးရာသီ နှင့် ကရင်နီစစ်ရှောင်တွေရဲ့ ရေအပူ”

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

နွေဦးအချိန်ကာလဟာ ရွက်ဟောင်းကြွေတာမို့ ကြည်နူးဖွယ်ရာ ရာသီချိန်ကာလတစ်ခုဖြစ်ပေမဲ့ ကရင်နီစစ်ရှောင်ပြည်သူတွေအတွက်ကတော့ ရေရှားပါးမှု ကပ်ဘေးကို ဆိုးဝါးစွာ ကြုံတွေ့ဦးရမယ့် အချိန်ကာလတစ်ခု ဖြစ်နေဆဲပါ။

စစ်ရှောင်နေရင်း စားဝတ်နေရေးရှာဖွေရတာတစ်ခု လက်နက်ကြီး၊ လေယာဥ်ရန်ကို ကြောက်ရတာကတစ်ဖက်၊ ရေရှားပါးမှုဒါဏ်ကို ခံရတာတစ်ဖက်နဲ့ စစ်ရှောင်ပြည်သူတွေရဲ့ ဘဝတွေဟာ တစ်ပူပေါ်နှစ်ပူဆင့်ပင် မကတော့ပါဘူး။

စစ်ကောင်စီတပ်ဟာ လက်နက်ကြီးတွေ နေ့ညမပြတ် ရမ်းတန်းပစ်ခတ်တာတွေကြောင့် ရေချောင်း၊ ရေကန်ရှိတဲ့နေရာတွေအထိပါ ကျရောက်ပေါက်ကွဲတာတွေ ဖြစ်ပွားနေပါတယ်။ ဒါကြောင့်လည်း စစ်ရှောင်ပြည်သူတွေဟာ ရေချောင်း၊ ရေကန်အနီးမှာ မနေထိုင်ရဲတော့ပဲ ဘေးလွတ်ရာလို့ ယူဆကြတဲ့ တောင်တန်းတွေ တောအုပ်တွေကြားမှာသာ သွားရောက်ခိုလှုံ နေထိုင်ကြရတာပါ။

“အဝတ်လျှော်ပြီး ရေကိုခြေလက်ဆေးတယ် ဆန်ဆေးရေကို မျက်နှာသစ်ရတယ်”

ဒီစကားဟာ ဒီးမော့ဆိုအနောက်ခြမ်းရဲ့ တစ်နေရာမှာ ခိုလှုံနေတဲ့ အသက် ၅၀ ကျော်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်မူ ရဲ့ နွေဦးကာလအတွင်း နေ့စဉ်ဘဝကို ဖြတ်သန်းနေရတဲ့ အခြေအနေကို ဖွင့်ဟပြောပြလာတာပဲ ဖြစ်ပါတယ်။

“ထမင်းအသက်ခုနှစ်ရက် ရေအသက်တစ်မနက်” ဆိုတဲ့ ဆိုရိုးစကားတွေ ရှိပေမယ့် အိုးအိမ်စွန့်ခွာပြီး တောတောင်ထဲ တိမ်းရှောင်နေရတဲ့ ကရင်နီလူထုအတွက်တော့ နွေဦးကာလရောက်လာတာနဲ့အမျှ ရေအတွက် ထပ်ဆင့်ပူပန်ကြရတော့တာပါပဲ။

ဒါကြောင့် စစ်ရှောင်တွေဟာ မိမိအသက်ရှင်ဖို့အတွက် ရေကို ငွေနဲ့ လဲလှယ်အသုံးပြုနေကြရပါတယ်။ ကရင်နီပြည်စစ်ရှောင်အများစုဟာ ရေကိုဝယ်သုံးနေရတဲ့အတွက် မိမိတို့ စုဆောင်းရရှိသမျှငွေတွေဟာ နွေဦးကာလ ရေနဲ့လဲလှယ်ဖို့အတွက်သာ အသုံးပြုနေကြရပါတယ်။

ဒေါ်မူတို့ မိသားစုနေထိုင်တဲ့ စစ်ရှောင်စခန်းမှာတော့ ဘုံရေကန်တစ်ခု ပြုလုပ်ထားပေမယ့် အလှူရှင်တွေ လာရောက်လှူဒါန်းမှု အချိန်မှန် မပြုလုပ်နိုင်တာကြောင့် ကိုယ်တိုင်ဝယ်သုံးနေရတယ်လို့ သူမက ပြောပါတယ်။

“ဝယ်ရစရာလိုတယ် ဘာလို့ဆို သူများလှူတာက နည်းနည်းဘဲလေ အဲ့နည်းနည်းလေးကို မျှပြီးသုံးရတယ်။ မလောက်ရင် ကိုယ့်ကိုပြန်ဝယ်တာပေါ့။ ဝင်ငွေလဲမရှိပါဘူး။ ဒါပေမဲ့ ရေဆိုတာ အရေးကြီးလို့ ရှိတာလေးထဲက ဖဲ့ပြီးဝယ်ရတယ်” လို့ သူမက ဆိုပါတယ်။

လေးနှစ်သားနဲ့အတူ စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ ဒေါ်မူဟာ တစ်လတစ်ကြိမ် လစဥ် ရေဝယ်ရတဲ့အတွက် ချွေတာသုံးစွဲနေရတယ်လို့ ဆက်ပြောပါတယ်။ ဒေါ်မူ ဝယ်သုံးတဲ့ရေကတော့ ဂါလံတစ်သောင်းဆံ့တဲ့ ကားတစ်စီးကို လေးသောင်းကျပ်နဲ့ သုံးအိမ်စုပြီး ဝယ်ယူသုံးစွဲနေကြရတယ်လို့ ဆိုပါတယ်။

ဒေါ်မူကတော့ သူမ ဝယ်ယူသုံးစွဲတဲ့ ရေကို ချက်ပြုတ်စားသောက်ဖို့အတွက်သာ အသုံးပြုပြီး ရေချိုး၊ အဝတ်လျှော်ဖို့အတွက်ဆိုရင်တော့ နေအိမ်နဲ့ ၄ မိုင်ခန့်ဝေးတဲ့ ရေချောင်းတစ်ခုမှာ သွားရောက်သုံးစွဲနေတယ်လို့ ဆိုပါတယ်။ ခရီးဝေးတာကြောင့်လည်း သူမတို့ သားအမိဟာ တစ်ပတ်ကို တစ်ကြိမ်သာ သွားရောက်လျှော်ဖွတ်ကြတယ်လို့ ပြောပါတယ်။

အဲ့ဒီရေချောင်းတစ်လျှောက်မှာဆိုရင်လည်း မနက်စောစောကနေ ညနေအထိ အဝတ်လျှော်သူတွေ၊ ရေချိုးသူတွေနဲ့ ပြည့်နှက်နေတယ်လို့ ဒေါ်မူက ပြောပါတယ်။

ဒေါ်မူနဲ့ တခြားသော စစ်ရှောင်ပြည်သူတွေ သွားရောက်လျှော်ဖွတ်၊ ရေချိုးတဲ့ ရေချောင်းဟာလည်း ရာသီဥတုပူပြင်းလာတာနဲ့အမျှ ရေတွေလည်း တဖြည်းဖြည်း နည်းပါးလာတယ်လို့ ဆိုပါတယ်။

နွေဦးရာသီမှာ စားဝတ်နေရေးအတွက် စိုက်ပျိုးရေးတွေ ပြုလုပ်ပြီး ရေကိုမျှဝေသုံးစွဲရတာကြောင့် အသက် ၅၅ နှစ်အရွယ် ဦးဇယ်မားနို ကြည့်ရှူ့ထိန်းသိမ်းပေးနေတဲ့ ရေကန်ဟာလည်း ရေတွေ တဖြည်းဖြည်းနည်းပါးလာနေပါပြီ။

“တချို့လဲ ကိုယ့်စားဝတ်နေရေးအခက်အခဲရှိတဲ့အခါကျတော့ မြေပဲလုပ်တယ်။ လုပ်တော့ ရေကနည်းနည်းတော့ အခက်အခဲရှိလာတယ်။ ဒါပေမဲ့ ကျနော်တို့ ရွာပြည်သူလူထုနဲ့ ပြန်လိုက်မှ ဟိုရေအရင်းအမြစ်ကနေပြီးမှ ပြန်အဆင်ပြေလာတယ်။ တချို့က မြေပဲခင်းထဲ သွင်းသွားတော့ ချောင်းအဆုံးပိုင်းမှာ ရေအားနည်းသွားတယ်” လို့ သူက ဆိုပါတယ်။

ဦးဇယ်မားနို ကတော့ ရေကန်ထဲ ကျွဲနွားမဝင်ဖို့နဲ့ ရေထုညစ်ညမ်းမှုမဖြစ်ဖို့ ရေကန်ကို ကြည့်ရှူ့ထိန်းသိမ်းထားတာပါ။ အဲ့ဒီရေကန်ကိုလည်း စစ်ရှောင်လူထုတွေ နေ့စဉ် အသုံးပြုနေရတာပါ။ ဒီရေကန်ဟာ အရင်နှစ်တွေမှာတော့ သုံးစွဲဖို့ ရေလုံလောက်မှု ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်မှာ စစ်ရှောင်တွေ ပိုမိုများပြားလာပြီး အသုံးပြုတွေ များပြားလာတာကြောင့် ရေခန်းလုနီးပါးဖြစ်နေပြီလို့ သိရပါတယ်။

စစ်ရှောင်စခန်းတွေ များပြားလာပြီး လမ်းပန်းဆက်သွယ်ရေး မကောင်းတာတွေ၊ စက်သုံးဆီ စျေးတက်တာတွေကြောင့် ရေပို့တဲ့နေရာမှာ အခက်အခဲတွေရှိလာတယ်လို့ ဒီးမော့ဆိုအနောက်ခြမ်မှ စစ်ရှောင်တွေအတွက် ရေအလှူလုပ်နေသူတစ်ဦးက ဆိုပါတယ်။

“လမ်းပန်းဆက်သွယ်ရေးတွေက အရမ်းကြမ်းတမ်းတဲ့ခါကျ ကျတော်တို့ကားလဲ ခနခနပျက်တယ်။ အဓိကလိုအပ်တာကတော့ သွားဖို့လာဖို့ ဒီဇယ်ကအရမ်းလိုအပ်နေတယ်။ ထောက်ပံ့ပေးမဲ့ အလှုရှင်တွေမရှိတော့ တခါတလေ စစ်ဘေးရှောင်တွေက တစ်ယောက်နည်းနည်းစုပြီးမှ ကျနော်တို့ကို ဆီဖိုးပြန်ပေးရတာမျိုးတွေလဲရှိတယ်” လို့ သူက ပြောပါတယ်။

ဒီနှစ်မှာလဲ ကရင်နီစစ်ရှောင်ပြည်သူတွေဟာ ရေရရှိဖို့ စုဆောင်းထားတဲ့ငွေတွေနဲ့ လဲလှယ်အသုံးပြုရင်း ခက်ခဲကြမ်းတမ်းတဲ့ ရေအပူနဲ့ နွေဦးကာလကို ဖြတ်သန်းကြရဦးမှာပါပဲ။

spot_imgspot_imgspot_imgspot_img

More from the blog

စစ်ရှောင်လူထုတွေ ပါဝင်ကျင်းပကြတဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်

ကန္တာရဝတီတိုင်း(မ်) ကရင်နီလူမျိုးတို့ရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို မတ်လ ၂၂ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ကျေးရွာဒေသခံတွေနဲ့ စစ်ရှောင်တွေစုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။ ကျေးရွာကော်မတီတစ်ဦးဖြစ်တဲ့ ဒေါ်ပုက ပွဲတော်ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။ “ ရည်ရွယ်ချက်က သူ့ရဲ့ရိုးရာဓလေ့က ဟိုးဘိုးဘွားဘီဘေခေတ်ကတည်းက လုပ်လာခဲ့တဲ့ ရိုးရာဓလေ့တစ်ခုပေါ့။ အဲ့ဒါသူက သူ့ရဲ့ရိုးရာက ဘာကြောင့်လုပ်ရလည်းဆိုရင်တော့...

ဝါးပင်တွေရှားပါးလာတာကြောင့် စစ်ရှောင်တွေရဲ့ ဝါးတဲအိမ်တွေကို အသစ်ပြန်လည်ပြုပြင်ဖို့ ခက်ခဲနေ

ကန္တာရဝတီတိုင်း(မ်) ထိုင်း-ကရင်နီနယ်စပ် စစ်ရှောင်စခန်းတစ်နေရာမှာ စစ်ရှောင်နေအိမ်တွေ ဝါးပိုးထိုးပြီး အသစ်ပြန်လည်ပြုပြင်ဖို့ လိုအပ်နေပြီး တစ်ဖက်မှာလည်း ပြန်လည်ပြုပြင်ဖို့ အခက်အခဲ များစွာရှိတယ်လို့ ပြန်လည်ပြုပြင်လိုတဲ့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ အဆိုပါ စစ်ရှောင်စခန်းဟာ ယခင်က သစ်ဝါးတွေကို နီးနီးနားနားမှာတင် ခုတ်ယူနိုင်ပေမဲ့ စစ်ရှောင်ဦးရေ တဖြည်းဖြည်းများလာတာကြောင့် နေအိမ်ဆောက်လုပ်နိုင်ဖို့ သစ်ဝါးတွေဟာလည်း ရှားပါးလာတယ်လို့ ဆိုပါတယ်။ “အရင်တုန်းကခုတ်တာက...

နယ်စပ်ဒေသမှာ ဖွင့်လှစ်တဲ့ Pre-GED program ကို အဆင့်မြင့်တိုးချဲ့သွားဖို့ရှိ

ကန္တာရဝတီတိုင်း(မ်) ထိုင်း-ကရင်နီနယ်စပ်တစ်နေရာမှာဖွင့်လှစ်ထားတဲ့ Pre-GED program အပတ်စဉ် (၁) ဆင်းပွဲကို ဒီကနေ့ မတ်လ ၂၁ ရက်နေ့မှာပြုလုပ်ခဲ့ပြီး လာမယ့် စာသင်နှစ်တွေမှာ အဲဒီ programကို အဆင့်မြင့် တိုးချဲ့သွားဖို့ရှိတယ်လို့ ဆယ်သဲဖောင်ဒေးရှင်းဒါရိုက်တာ ဆရာမမော်မိမာက ပြောပါတယ်။ “ ကျမတို့ လက်ရှိမှာက ထိုင်း ပညာရေးဌာနတွေနဲ့ ချိတ်ဆက်ထားတာ...

KNDF ဥက္ကဌ ခွန်းဘီထူးနဲ့ တွေ့ဆုံမေးမြန်းခြင်း

ကန္တာရဝတီတိုင်း(မ်) မတ်လအတွင်း ပြင်းထန်တဲ့ ထိုးစစ်တွေကြောင့် တိုက်ပွဲတွေ ဖြစ်ပွားတဲ့ ကရင်နီပြည်အတွင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ စစ်ရေးအခြေအနေ၊ တိုက်ပွဲကြောင့် ထပ်ဆင့်ထွက်ပြေးတိမ်းရှောင်ကြရတဲ့ စစ်ရှောင်လူထုတွေရဲ့ လတ်တလောရင်ဆိုင်ကြုံတွေ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကန္တာရဝတီတိုင်း(မ်) မှ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ ဥက္ကဌ ခွန်းဘီထူးနဲ့ တွေ့ဆုံမေးမြန်းမှုကို တင်ဆက်ပေးလိုက်ပါတယ်။ https://youtu.be/8DLngFbR4J4