spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နှစ်လတာ ပညာရေးအစီအစဥ်ကို နွေဦးဂုရုလေးများပညာရေးစင်တာက ဖွင့်လှစ်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့တစ်နေရာမှာ နှစ်လတာ ပညာရေးအစီအစဉ်ကို နွေဦးဂုရုလေးများပညာရေးစင်တာကနေ ဒေသခံ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။

နွေဦးဂုရုလေးများပညာရေးစင်တာကနေ မိခင်ဘာသာဖြစ်တဲ့ ကရင်နီစာပေ နဲ့အတူ ရိုးရာဓလေ့ ကိုသိရှိစေရန်အပြင်၊ နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာကို သင်ကြားပေးနေပါတယ်။

လူငယ်တွေအတွက် ရည်ရွယ်ချက်၊ ပန်းတိုင်ကိုသိရှိပြီး အခွင့်အလမ်းတွေကို ရှာဖွေတတ်စေလိုတဲ့ ရည်ရွယ်တွေနဲ့ ဖွင့်လှစ်ရခြင်းဖြစ်တယ်လို့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“သူတို့ရဲ့မိခင်ဘာသာစကား သူတို့ရဲ့ရိုးရာဓလေ့ သူတို့ရဲ့မိခင်တပ်မတော် ကိုလည်း သေသေချာချာလေး ဂဃနဏ သိလာစေချင်တဲ့ရည်ရွယ်ချက်လေးပေါ့နော။ နံပါတ်(၂)တစ်ချက်ကတော့ နိုင်ငံတကာသုံး ဘာသာစကားတစ်ခုဖြစ်တဲ့ အင်္ဂလိပ်စာကို အဓိက အခြေခံ၊ ရေးတတ်မယ်၊ ပြောတတ်မယ်ဆိုတဲ့ ရည်ရွယ်ချက် ကျနော်တို့ထည့်ထားတယ်။ ပြီးတော့ နံပါတ်(၃)တစ်ချက်ကတော့ သူတို့ကိုယ်သူတို့လူငယ်တွေပေါ့နော၊ သူတို့ကိုယ်သူတို့သိရှိလာစေရမယ်။ သူတို့ပန်းတိုင် သူတို့ရဲ့ရည်ရွယ်ချက်ကို သိရှိစေရမယ်။ သိရှိပြီးနောက်မှာ သူတို့ပန်းတိုင် သူတို့ရည်ရွယ်ချက်ဆီကို သူတို့ဘာသာ သူတို့တက်လှမ်းနိုင်မယ့် အခွင့်အလမ်းလေး ကျနော်တို့ ရောက်ခိုင်းစေချင်တယ်။ ကျနော်တို့ကအခွင့်အရေးကိုဖန်တီးပေးမယ်။ အခွင့်အလမ်းတွေကတော့ သူတို့ဘာသာသူတို့ ဆက်ပြီးတော့ ရှာဖွေတတ်တဲ့ လူငယ်လေးတွေဖြစ်ဖို့၊ အဓိက အဲ့ ၃ချက်နဲ့ ကျနော်တို့ရပ်တည်ပြီးတော့ နွေဦးဂုရုလေးများပညာရေးစင်တာကို ဖွင့်လှစ်ရခြင်းဖြစ်တယ်ပေါ့နော။”လို့ နွေဦးဂုရုလေးများအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အခြေခံပညာအထက်တန်းကျောင်းအဆင့်တွေဖြစ်တဲ့ ၉တန်း၊ ၁၀တန်းအရွယ်အပြင် ၁၀တန်းအောင် စစ်ရှောင်လူငယ်တွေကို အဓိကထားခေါ်ယူသင်ကြားပေးတာဖြစ်ပြီး အသက်အရွယ်အားဖြင့် အသက် ၁၄နှစ်ကနေ ၁၇နှစ်အရွယ်တွေ ဖြစ်ကြပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာက ၂၀၂၁ခုနှစ် မေလ ၂၁ရက်နေ့မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်ထိ တိုက်ပွဲတွေမရပ်သေးတာကြောင့် ဒေသခံတွေ နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။
ဒါ့အပြင် ကျောင်းပညာရေးလည်းမရှိတဲ့အတွက် ဒေသခံလူငယ်တွေကို တစ်ဖက်တစ်လှမ်းက ပညာတွေသင်ကြားပေးတဲ့အနေနဲ့ နွေဦးဂုရုလေးများအဖွဲ့ကနေ ပညာရေးစင်တာကို ဖွင့်လှစ်နိုင်ဖို့အတွက် ၅လဝန်းကျင် အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

နှစ်လတာပညာရေးအစီအစဉ်က စခန်းသွင်းလေ့ကျင် သင်ကြားတဲ့ပုံစံဖြစ်ပြီး စစ်ရှောင်လူငယ် (၅၄)ဦးတက်ရောက်နေပြီး ဆရာ၊ ဆရာမ ၄ဦးကနေ ဦးဆောင်သင်ကြားပေးတာဖြစ်ပါတယ်။

လက်ရှိကျောင်းသားလူငယ်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အသုံးအဆောင်ပစ္စည်း လိုအပ်နေဆဲလို့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“စားနပ်ရိက္ခာပိုင်းကတော့ အဓိက အခက်အခဲ အကြီးမားဆုံးအခက်အခဲလို့ပြောလို့ရတယ်ပေါ့နော။ ၅၄ယောက်စာကို ကျနော်တို့ကအစအဆုံး စရိတ်ငြိမ်း Camp သွင်းပြီးတော့ ကျနော်တို့တာဝန်ယူပေးရတော့ ကျနော်တို့ ရိက္ခာကို တစ်ပတ် အနည်းဆုံးနှစ်ကြိမ် သုံးကြိမ်လောက် သွားပို့ရတဲ့အနေအထားမှာရှိတယ်။” လို့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စာသင်ချိန်တစ်ပတ်လျှင် တနင်္လာနေ့မှ သောကြာနေ့အထိ ၅ရက်ဖြစ်ပြီး၊ စနေနေ့မှာ ဧည့်သည်တော်တွေကို ဖိတ်ကြားပြီး လူငယ်တွေခွန်အားရစေမယ့် အသိပညာ၊ ဗဟုသုတတွေကို မျှဝေခိုင်းခြင်းအစီအစဉ် ပြုလုပ်မှာဖြစ်ပါတယ်။

ကရင်နီစာပေ၊ သမိုင်းကြောင်း၊ လက်မှုပညာ၊ ဂီတကို သင်ကြားပေးခြင်းအပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ အစုအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းတွေပါဝင်တယ်လို့ သိရပါတယ်။

“အဲ့တိုက်ပွဲတွေဖြစ်တဲ့ကြားထဲမှာမှ ကျနော်တို့ပညာရေးပရိုဂမ်တစ်ခုကို စတင်လိုက်တဲ့အချိန်မှာ စိန်ခေါ်မှုတွေလည်းအရမ်းများသလို အားပေးမှုတွေက မရလိုက်ဘူးပေါ့နော။ နည်းနည်းတော့ဝမ်းနည်းပေမယ့်လည်း ဒီအခြေနေကြီးမှာ ဖွင့်နိုင်တာကို ဂုဏ်ယူမိတယ်ပေါ့နော။နောက်ပိုင်းမှာ သေချာလေးချိတ်ဆက်ပြီးတော့ အားပေးမှုတွေ အများကြီးလိုအပ်တယ်။” လို့ အဖွဲ့ဝင်တစ်ဦးက ဆက်ပြောပါတယ်။

နွေဦးဂုရုလေးများ အဖွဲ့ကို ၂၀၂၁ခုနှစ်မှာ ဩဂုတ်လအတွင်းမှာ လူငယ် ၆ဦးကနေ စတင်စုစည်းဖွဲ့စည်းလိုက်တာဖြစ်ပြီး ပထမဆုံး ကိုဗစ်ရောဂါနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အစီအစဉ်ကို လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကျန်းမာရေး၊ ပညာရေး၊ စစ်ရှောင်ကူညီရေး၊ ထောက်ပို့ စတဲ့လုပ်ငန်းစဉ် ၄ခုကို အဖွဲ့ဝင် ၁၅ဦးဖြင့် ကရင်နီပြည်နယ်အတွင်းမှာ ပါဝင်လုပ်ရှားနေတယ်လို့ သိရပါတယ်။

spot_img
spot_img