spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နှစ်သစ်ကူး ၁ရက်နေ့မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လွိုင်ကော်မြို့တွင်းကို လက်နက်ကြီးနဲ့အကြိမ်ရေ ၁၀၀ကျော် ပစ်ခတ်၊ နေအိမ်တချို့မီးလောင်

ကန္တာရဝတီတိုင်း(မ်)

နှစ်သစ်ကူးနေ့ဖြစ်တဲ့ ၂၀၂၄ ဇန်နဝါရီလ ၁ရက်နေ့မှာ ကရင်နီပြည် လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီရဲ့ခလရ ၂၅၀ တပ်ကနေ ၁၂၀/၁၂၂ မမ လက်နက်ကြီးတွေနဲ့ အကြိမ်ရေ ၁၀၀ကျော် ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တချို့ မီးလောင်မှုရှိတယ်လို့ ကရင်နီပြည် တပ်မတော်(KA)ရဲ့စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“၁ ရက်နေ့ ၁၂ နာရီကျော်ထိ လွိုင်ကော်မှာ လက်နက်ပစ်တာ အကြိမ် ၁၀၀ မကဘူး။ လက်နက်ကြီး နဲ့ အထိုင်တပ်မှန်သမျှကို ရမ်းသမ်းပစ်ခတ်တာ (၄၅) မိနစ်ကြာတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး။ မနက်စောစော ကတည်း က ၂၅၀ တပ်ကနေ အကြီးနဲ့ ဆက်တိုက်ပစ်တယ်။ လွိုင်ကော် မြို့ထဲက ချိကယ်၊ ထေးသမ ရပ်ကွက်ထဲပစ်တာ။ မီးထပ်လောင်နေတယ်။”လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုပါတယ်။

နှစ်သစ်ကူးနေ့မှာ မြို့တွင်းက စစ်ရေးအခြေအနေတွေ ငြိမ်သက်နေပေမဲ့ စစ်ကောင်စီဘက်က တဖက်သတ် ရမ်းသန်းပစ်ခတ်တာတွေ ဖြစ်တယ်လို့ လွိုင်ကော် PDF မှ အရာရှိတစ်ဦးကလည်း အခုလို ပြောပါတယ်။

“တိုက်ပွဲတွေအားလုံးကတော့ ပုံမှန်ပဲ။ ငြိမ်နေပါတယ်။ တစ်ခါတစ်လေ ထ ပစ်တာတော့ ရှိပါတယ်။ ပွဲကြီးကြီးမားမားတော့ မရှိဘူးပေါ့နော် လွိုင်ကော်မှာကလေ။” လို့ လွိုင်ကော် PDF မှ အရာရှိတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၂၅ရက်နေ့ (ခရစ္စမတ်နေ့)မှာလည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လွိုင်ကော်မြို့တွင်းကို စစ်ကောင်စီကနေ ပေါင် ၅၀၀ ဗုံးသီး အပါအဝင် လေယာဉ်ဗုံးကြဲမှုပေါင်း ၃၄ ကြိမ်အထိ ပြုလုပ်ခဲ့ပါတယ်။

လက်နက်ကြီး အကြိမ်ရေများစွာ ပစ်ခတ်မှု နဲ့ လေကြောင်းသုံး ဗုံးကြဲမှုတွေကြောင့် လွိုင်ကော်မြို့ပေါ်က ပြည်သူနေအိမ်တွေ ထိခိုက်မှု များလာသလို မီးလောင်ပြာကျမှုလည်း များစွာရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

၂၀၂၃ခုနှစ် နိုဝင်ဘာလမှာ စတင်ခဲ့တဲ့ (၁၁.၁၁) မြို့ပြစစ်ဆင်ရေးဟာ လွိုင်ကော် မြို့တွင်းမှာ တိုက်ပွဲဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီကနေ လမ်းသွားပြည်သူတချို့ကို ပစ်ခတ်မှုရှိနေတာကြောင့် မြို့အဝင်အထွက်မပြုလုပ်ကြဖို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

spot_img
spot_img