![](https://www.kantarawaddytimes.org/wp-content/uploads/2018/08/38471718_149456642601902_5647069979133083648_n.jpg)
ခွန်းကလိုင်းဖရီး
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ သပြေကုန်းအုပ်စု၊ တောင်ကျကျေးရွာ၏ တောင်သူများ စိုက်ပျိုးထားသည့် ငှက်ပျောပင်များကို မြန်မာ့သစ်ထုတ်လုပ်ရေးပိုင် ဆင်များက ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ပျက်စီးမှုအတွက် ခြံပိုင်ရှင်များက သီးနှံလျှော်ကြေး ယနေ့အထိ မရရှိသေးပေ။
တောင်ကျကျေးရွာအနီးတွင်ရှိသော မြန်မာ့သစ်ထုတ်လုပ်ရေးစခန်း၏ ဆင်များက ဒေသခံတောင်သူ (၆) ဦး စိုက်ပျိုးထားသည့် ငှက်ပျောစိုက်ပျိုးခင်းများထဲသို့ ဇူလိုင်လ ၅ ရက်နေ့တွင် ဝင်ရောက်ဖျက်စီးခဲ့ခြင်းဖြစ်သည်။
![](https://www.kantarawaddytimes.org/wp-content/uploads/2018/08/38481166_149456162601950_6938962048319488000_n.jpg)
ဆင်များဝင်ရောက်မှုကြောင့် စိုက်ပျိုးထားသည့် ဌက်ပျောပင်အရုံ ၅ဝ ခန့်ပျက်စီးခဲ့ပြီး ခြံပိုင်ရှင်များက သက်ဆိုင်ရာ တာဝန်ရှိသူထံ အကြောင်းကြားထားပြီး တစ်လနီးပါးရှိလာပြီဖြစ်သော်လည်း အကြောင်းမထူးသေးကြောင်း ခြံရှင် ဦးစောမြတ်လှိုင်က ပြောသည်။
“ကျွန်တော် ဖုန်းဆက်ခေါ်လိုက်လို့ ဆင်ဦးစီးတော့ လာတယ်။ သူလာကြည့်ပြီးတော့ သူအလွယ်ပြောသွားတာက ၁ဝ ရက်လောက်တော့ စောင့်ပေးပေါ့။ အခုက ၁ဝ ရက်မပြောနဲ့ တစ်လလည်းကျော်သွားပြီ။ လုံးလုံးလည်း လာလည်းမကြည့်ဘူး။ ပြောလည်းမပြောဘူး။ အဲဒါနဲ့ ကျနော်လည်း တင်းသွားတယ်” ဟု ၎င်းက ပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးမှ ဌက်ပျောပင်များကို ဆင်များဝင်ရောက်ဖျက်စီးပါက တစ်ပင်ကို ကျပ် ၁၀၀ဝ နှုန်းသတ်မှတ်ထားပြီး ယခုကဲ့သို့ ပျက်စီးသွားသည့် ဌက်ပျောပင်များအတွက် လျှော်ကြေး ပြန်ရရှိလိုကြခြင်းဖြစ်သည်။
![](https://www.kantarawaddytimes.org/wp-content/uploads/2018/08/38521501_149457605935139_7096210679450828800_n.jpg)
ဦးစောမြတ်လှိုင်က “အခိုင်အနေနဲ့ရော ဒီတိုင်းဖျက်စီးတာတွေရောပေါ့။ သူ့ရဲ့ တန်ရာတန်ကြေးလောက် သဘောမျိုးဆိုရင် နည်းနည်းဖြေသာသေးတာပေါ့။ အခုက ယာခင်းလည်း အဖျက်ခံရသေးတယ်။ လာလည်းမကြည့်တော့ နည်းနည်းတော့ စိတ်တိုတာပေါ့” ဟု ဆိုသည်။
မြန်မာ့သစ်ထုတ်ရေးစခန်းမှ ၎င်းတို့၏ ဆင်များကို စည်းကမ်းတကျထားစေချင်ကြောင်း ငှက်ပျောခြံပိုင်ရှင် တောင်သူများက ဆန္ဒရှိနေသည်။
၎င်းဒေသရှိ တောင်သူများ၏ စိုက်ပျိုးခင်းများထဲသို့ ဆင်များ မကြာခဏဝင်ရောက်ဖျက်ဆီးတတ်ပြီး ယခင်နှစ်ကလည်း ဆင်များဝင်ရောက်ဖျက်စီးမှုကြောင့် တောင်သူများ၏ နနွင်းခင်း၊ စပါးခင်းနှင့် ယာတဲများ ပျက်စီးမှုများ ရှိခဲ့သည်။