spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပင်ပန်း ဆင်းရဲမှုတွေကြား ရုန်းကန်နေတဲ့ ရွာသစ်မြို့က စစ်ဘေး‌ရှောင်ဒေသခံများ

Author

Date

Category

မူဖိလစ်စတာ / ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်ရဲ့ အမြင့်ဆုံးတောင်လို့ ဒေသခံတွေ သတ်မှတ်ပြောဆိုကြတဲ့ ‘ ပရယ်စိုးလဲ ‘ တောင်တန်းကြီးရဲ့ မလှမ်းမကမ်းမှာ ရွာသစ်မြို့က ဒေသခံ ၃၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေထိုင်ကြပါတယ်။ ရွာသစ်ဒေသခံတွေဟာ ကြည်လင်စိမ်းစိုတဲ့ချောင်းလေးရဲ့ တဖက်ကမ်းမှာ နေထိုင်ကြတာပါ။

ချောင်းရဲ့ တဖက်တချက်စီမှ ကြီးမားတဲ့သစ်ပင်ကြီးနှစ်ပင်ရဲ့ပင်စည်မှာ ကြိုးကိုသွယ်တန်းထားပြီး ဝါးလုံးကြီးတွေနဲ့ ပြုလုပ်ထားတဲ့ဝါးလုံးဖောင်ကို ချိတ်သွယ်ထားပါတယ်။ သူတို့ဟာ ဖောင်ကြီးပေါ်မှာ လူ၊ ဆိုင်ကယ် တို့ကိုတင်ပြီး ကမ်းတဖက်ကို ကူးခပ်သွားလာကြပါတယ်။ ဖောင်ပေါ်ကကြိုးကိုသုံးပြီး ၇နှစ် ၈နှစ်အရွယ် ကလေးငယ်လေးတွေကစ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းကို ကူးပေးနေပါတယ်။

ဝါးလုံးဖောင်ကိုစီးပြီး တဖက်ကမ်းအရောက်မှာတော့ ဝါးသဲပြားကိုယ်စီနဲ့ ကာရံခင်းကျင်းထားတဲ့ တဲအိမ်လေးတွေကို မြင်တွေ့ရပါတယ်။ စျေးဆိုင်သေးသေးလေးတဆိုင်ရှေ့မှာတော့ ပိဿာချိန်စက်ပေါ်ကို မုန့်နဲ့ လူသုံးကုန်ပစ္စည်းတွေတင်ပြီး အလေးချိန် ချိန်နေတဲ့ ဒေသခံတဦးကို တွေ့မြင်လိုက်ရပါတယ်။

မုန့်တွေ၊ လူသုံးကုန်ပစ္စည်းတွေကို အချိန်နဲ့ ရောင်းချနေတာတော့ မဟုတ်ပါဘူး။ နေရာရွေ့ပြောင်းဖို့အတွက် ပြင်နေရင်း အထမ်းသမားကို ပိဿာချိန်ပေါ်မူတည်ပြီး အခကြေးငွေပေးဖို့ ချိန်နေတာ ဖြစ်ပါတယ်။ လက်ရှိ ရှိနေတဲ့ စစ်ရှောင်စခန်းကနေ နေရင်းရပ်ရွာတွေဆီကို သယ်ယူဖို့အတွက်ပြင်နေတာဖြစ်ပါတယ်။

ဦးငယ်လေးကတော့ ပစ္စည်းသယ်ယူပို့ဆောင်‌ပေးကာ အခကြေးငွေရယူသူတဦးပါ။ သူကတော့ စားဝတ်နေရေး အတွက် ကာမိအောင်လို့ ဒီလိုပင်ပန်းတဲ့ အလုပ်ကို လုပ်နေရတာဖြစ်တယ်လို့ ပြောပါတယ်။

အိမ်ပြန်ဖို့ပြင်ဆင်နေရင်း ဝင်ငွေရအောင်လို့ အသိမိတ်ဆွေတယောက်ရဲ့ ပစ္စည်းကို အခ‌ကြေးယူရင်း သယ်ပြန်ပေးဖို့ လုပ်နေတာပါ။

“ ဒီဖက်မှာက သူများပစ္စည်းတွေသယ်တော့ တခါတလေဆို ကိုယ့်ဟာနဲ့ကိုယ်သယ်တော့ အဲ့လောက်ထိမဟုတ်ဘူးပေါ့။ ဒါမဲ့ သူများဟာ သယ်ရင်တော့ တပိဿာကို ၅၀၀၀ လို့ တောင်းတယ်။ အဲ့ဒါ သူများပေးတယ်ပေါ့” လို့ ဦးငယ်လေးက ပြောပြပါတယ်။

ဦးငယ်လေးကတော့ ရွာသစ်မြို့ရဲ့ မြို့ခံတဦးပါ။ နေရပ်ဖြစ်တဲ့ ရွာသစ်မြို့မှာ စစ်ကောင်စီတပ်တွေမရှိတော့တဲ့အတွက် နေရပ်ပြန်ဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ်။

ရွာသစ်ကို သွားလာတဲ့ ပြည်ထောင်စုလမ်းမကြီးကို တိုက်ပွဲအခြေအနေအရ သွားလာလို့မရတာကြောင့်
ဆန်၊ အဝတ်အထည်၊ စောင်၊ လူသုံးကုန် စတာတွေကို လူနဲ့သာ သယ်ယူကြရပါတယ်။

ဆိုင်ကယ်တစီး သယ်ယူမယ်ဆိုရင် သယ်ယူခ ၅သိန်းအထိရှိနေပြီး၊ ကုန်ပစ္စည်းတွေကတော့ တပိဿာကို ၅၀၀၀ကျပ် စသည်ဖြင့် အသီးသီးရရှိတယ်လို့ ဆိုပါတယ်။

သယ်ယူဖို့အတွက် ဆိုင်ကယ်ကို အပိုင်းပိုင်း ဖြုတ်ပြီး လူငါးယောက်က သယ်ယူရတာပါ။ ဆိုင်ကယ်အပိုင်းအစ သေးသေးလေး တွေကို မပျောက်အောင် ဂရုတစိုက် သယ်ယူရတယ်လို့ ပြောပါတယ်။

အပူလွန်ကဲတဲ့ ရာသီဖြစ်တာကြောင့် လမ်းခရီးမှာ တောင်တက်၊ တောင်ဆင်း ၂ရက်ကြာ သယ်ယူရတာပါ။ ချွေးတရွဲရွဲနဲ့ စိုနေတဲ့ အင်္ကျီနဲ့ မျက်နှာပေါ်က စီးကျနေတဲ့ ချွေးကို သုတ်နေရပေမဲ့ ဝင်ငွေရဖို့ ဘယ်အလုပ်မဆို လုပ်ရမှာပဲလို့ ဦးငယ်လေးက ပြောပါတယ်။

“ ဒီဖက်မှာကျတော့ အနောက်ဖက်ခြမ်းထိပြန်ရတော့ ကုန်သယ်ရတာ တအားခက်ခဲတယ်လေး။ အဲ့ကြောင့်မို့လို့ ဝင်ငွေလည်းမရှိ အဲ့လိုမျိုးပဲ သယ်ပြီးမှ ရှာစားရတာပေါ့” လို့ ဦးငယ်လေး က ပြောပါတယ်။

ရွာသစ်မြို့မှာ စစ်ကောင်စီ စစ်ကြောင်းမထိုးလာခင်ထိ ဒေသခံတွေက ကိုယ်ပိုင်လုပ်ငန်း ကိုယ်စီနဲ့ အဆင်ပြေခဲ့ပါတယ်။ စစ်ဘေးရှောင်ရပြီးနောက်ပိုင်း ထမင်းအိုးမှောက်သွားသလိုပဲ စားဝတ်နေရေးအတွက် စိုးရိမ်လာကြတယ်လို့ ရွာသစ် ဒေသခံတွေက ဆိုကြပါတယ်။

တိုက်ပွဲဖြစ်တော့ ရှားတောဘက်ကို စစ်ရှောင်လာကြတဲ့အချိန်မှာ အင်မတန်မြင့်မားတဲ့ ‘ပရယ်ဆိုးလဲ’ တောင်တန်းကြီးကို ဖြတ်ကျော်လာရတာကြောင့် ‌ခြေဖဝါးမှာလည်း အရည်ကြည်ဖုထွက်လာကြတယ်လို့ ဒေသခံတွေ ပြောကြပါတယ်။ ရှိုးဝါးဖိနပ်ကို စီး ၊ လက်က ကလေးငယ်ကို ပိုးချီ၊ ကျန်လက်တဖက်က ပစ္စည်းထုပ် ထမ်းရင်း တောင်တန်းကြီးကို ဖြတ်ကျော်လာခဲ့ရတယ်လို့ ပြောလာသူကတော့ ရွာသစ်မြို့ခံ အမျိုးသမီးတဦးပါ။

လမ်းခရီးမှာ သွားတလှည့်၊ နားတလှည့် နဲ့ ခြေဦးတည့်ရာသွားခဲ့ရပြီး ခိုနားတဲ့နေရာရောက်ခဲ့ရင်လည်း ဘာစားရမလဲဆိုတဲ့အတွေးကတော့ အဆက်မပြတ်ဝင်လာခဲ့တယ်လို့ သူက ပြန်ပြောပြပါတယ်။

” စစ်ခွေးတွေ ဝင်လာပြီဆို ငါတို့အိုး၊ ငါတို့အိမ်လည်း ကျန်ခဲ့တယ်ပေါ့နော။ ငါတို့အခုသွားလိုက်ရင် ငါတို့မှာ အဝတ်တထည် ကိုယ်တခုပဲ။ နောက်ငါတို့ဘယ်ထိပြေးရမလဲ။ ငါတို့ဘယ်အချိန်ထိရှောင်ရမလဲ။ ပြီးတော့ ငါတို့ဘာစားမလဲ ဘာသောက်မလဲ။ အဲ့လို ဝမ်းနည်းတဲ့စိတ်ပေါ့နော့။ အဲ့လိုပဲတွေးပြီးတော့လာခဲ့ရတာပေါ့။ အကုန်လုံးမျက်နှာတွေဆို တယောက်မှ မရွှင်လန်းကြပါဘူး။ အဲ့လို အတွေးကိုယ်စီနဲ့ပေါ့။ အခုပါလာတာ ဆန်တပြည် ၁၆ ဗူးပဲပါလာတာ ဒါကုန်ရင် ငါတို့ဘာစားမလဲ အမျိုးမျိုးတွေးရတယ်လေးနေ” လို့ ရွာသစ်မြို့ခံ အမျိုးသမီးတစ်ဦးက စစ်ပြေးခဲ့ရတဲ့အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။

အဲ့ဒီအချိန်တုန်းကတော့ တစုံတယောက်ဆီက အပြုံးတချက်မြင်ရဖို့ အင်မတန် ခဲယဥ်းခဲ့တဲ့ ကာလတခုဖြစ်ခဲ့တယ်လို့လည်း သူမကပြောပါတယ်။

စခန်းချနားဖို့နေရာတခုကို တွေ့တဲ့အခါ သက်ပြင်းချနိုင်ကြပေမဲ့ စားဝတ်နေရေးအတွက် အစွမ်းကုန် ရုန်းကန်ကြရပါတော့တယ်။ အနီးအနားက တောတောင်တွေမှာ သားကောင် လိုက်ရင်း ဟင်းစားရှာထွက်ကြရတယ်လို့ ဆိုပါတယ်။ တောလိုက်အပြန်မှာတော့ စစ်ဘေးရှောင်အများစုဟာ ပုတ်သင်ညိုနဲ့ ပုံစံတူတဲ့ ပဒတ်(ပုတတ်)ကောင်ကို ယူလာကြပါတယ်။ သူမတို့နေတဲ့ စစ်ရှောင်စခန်းနေရာမှာတော့ တောကောင်ကလွဲလို့ ကျန်တဲ့အသားကို တော်ရုံ မစားရဘူးလို့ သူက ပြောပြပါတယ်။

စစ်ရှောင်ကာလ ၁၀ လတာ ကြာမြင့်လာတဲ့ ရွာသစ်မြို့ခံတွေအတွက် အလှူရှင် ရရှိမှု နည်းပါးသလို စားဝတ်နေရေးမပြေလည်မှုကလည်း ပိုတိုးလာတယ်လို့ ဆိုပါတယ်။ စားဝတ်နေရေးအခက်အခဲ ပိုမိုကြုံတွေ့လာတာကြောင့်၊ ရွာသစ် ဒေသခံတွေဟာ ၂ ရက်ခရီးကြာတဲ့အိမ်အပြန်လမ်းနဲ့ အိမ်ကိုပြန်ပြီး နှမ်း၊ စပါး စိုက်ပျိုးဖို့ ရွေးချယ်ကြပါတော့တယ်။

“လွမ်းတာပေါ့ ကိုယ့်ရွာကိုလွမ်းတာပေါ့။ ဒီမှာပဲနေဆို ကြာကြာဆို အဆင်မပြေဘူးလေးနော။ ဘယ်အလှူရှင်မှလည်းကိုယ့်ကို လာမပေးနိုင်တော့ဘူးဆိုတော့ ဘာနဲ့စားမလဲ။ ကျမတို့ အကြာကြီးဆက်နေမယ်ဆို။ ကိုယ့်ရွာပြန်မယ်ဆိုလို့ရှိရင် ဥပမာ ပြန်ခွင့်ရတယ်၊ ပြန်လို့လုပ်စားလို့ရတယ်ဆို ပြန်လုပ်ရင်တော့ ကိုယ်လုပ်ရင် စပါးလေးလား၊ နှမ်းလေးလား၊ ငရုတ်သီးလေးလား ။ ဒီမှာဆို ငရုတ်သီးတတောင့်ကစ ဝယ်စားရတာရော။ ဝယ်စားတော့ အဆင်မပြေဘူးလေး။ ပြန်ရမယ်ဆိုလို့ရှိရင်တော့ ကောင်းတာပေါ့နော။ ကိုယ်ပြန်လုပ်ရင်တော့ ကိုယ်လုပ်နိုင်သလောက်လည်း ကိုယ်စားရမယ်လို့တော့ ထင်တာပေါ့နော” လို့ ရွာသစ်မြို့ခံတဦးက ပြောပါတယ်။

အခုတော့ နေရပ်မှာ တိုက်ပွဲသံတွေ စဲသွားတဲ့ ရွာသစ်ဒေသခံတွေဟာ နေရပ်ကို ပြန်နိုင်ဖို့ မျှော်လင့်နေကြပြီး မြို့ခံတချို့တွေကတော့ တောင်ယာလုပ်ငန်း လုပ်ကိုင်ဖို့အတွက် ကြိုတင်ပြန်သွားသူတွေလည်း ရှိနေပါတယ်။

လက်ရှိ တောတောင်ထဲမှာ ရွာသစ်ဒေသခံတွေ နေထိုင်ကြတဲ့ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၁၀၀ ခန့် ရှိပါတယ်။

spot_img
spot_img

Recent posts