spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပင်လုံအကြောင်းပြန်ပေးပါ

Author

Date

Category

ဘိုထီး (ငွေတောင်ပြည်) ရေးသားသည်။

လူတစ်ဦးစီတိုင်းဟာ လေကိုရူပြီး အသက်ရှင်ကြရပါတယ်။ လေမရှိရင် လူတွေ အသက်ရှင်နိုင်ကြမှာ မဟုတ်ပါဘူး။ ထိုနည်းတူပဲ တိုင်းရင်းသားလူမျိုးစုများဟာ လွတ်လပ်ရေးနှင့်ပဲ အသက်ရှင်ကြရပါတယ်။

လွတ်လပ်ရေးမရရင် တိုင်းရင်းသားများ အသက်မရှင်နိုင်ကြပါဘူး။ ဒီနေ့ဒီအချိန်ထိ တိုင်းရင်းသားများဟာ လွတ်လပ်ရေးမရနိုင်သေးတာကြောင့် အသက်မရှင်သေးတဲ့ဘဝမှာ ရောက်ရှိနေကြရပါတယ်။

လွတ်လပ်ရေးဆိုတာ ရေမြေဒေသ ၊ ပထဝီနယ်ပယ်တစ်ခုထဲမှာ ကိုယ့်လူမျိုး ၊ ကိုယ့်ယဉ်ကျေးမှု ၊ ကိုယ့်ရဲ့ရိုးရာဓလေ့အစဉ်အလာအောက်မှာ ငြိမ်းချမ်းစွာသွားလာ စားသောက်ခွင့်ရရှိတာကို ဆိုလိုတာဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း(၆၀)ကျော်ကတည်းက ဒီနေ့ထိ တိုင်းရင်းသားများဟာ အဲ့ဒီအအခြေအနေ ၊ အဲ့ဒီအခွင့်အရေးကို မရနိုင်သေးပါဘူး။ စည်းကမ်းဖောက်ဖျက်လို့ ထီးနန်းပျောက်ခဲ့ရတယ်ဆိုတဲ့ စကားရှိပေမဲ့ ဒီနေ့ထိတိုင်းရင်းသားများ အခွင့်အရေးမရနိုင်တာပဲဖြစ်ပါတယ်။

အာဏာလိုလားသူတွေရဲ့ဖိနှိပ်မှုတွေဟာ တိုင်းရင်းသားတို့ရဲ့ သမိုင်းအစဉ်အလာကို စိန်ခေါ်နေသလို ဖြစ်စေခဲ့ပါတယ်။ ဒီလိုမထင်မှတ်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရတာဟာ တိုင်းရင်းသားများအတွက် သီချင်းတစ်ပုဒ်လား ဒါမှမဟုတ် ကဗျာတစ်ပုဒ်ပဲလား ဆိုတာ ဒေသခံတိုင်းရင်းသားများကိုယ်တိုင် ဝေခွဲလို့မရနိုင်သေးပါဘူး။ တိုင်းရင်းသားလူမျိုးစုများဟာ ရှေးပဝီသဏီကတည်းက လွတ်လပ်စွာ နေထိုင်လာခဲ့ကြတဲ့ လူမျိုးစုများဖြစ်ကြပါတယ်။

ကိုယ့်ရွာသူကြီးနှင့်ကိုယ် ၊ ကိုယ့်လယ်ယာမြေ ၊ ကိုယ့်တောတောင်သဘာဝနှင့်ကိုယ်။ ကိုယ့်ကံကြမ္မာကိုယ်စိုးပိုင်တဲ့ လူမျိုးစုတွေ ဖြစ်ခဲ့ကြပါတယ်။ ချင်းတောင်တန်းနှင့် ကချင်တောင်တန်းများ၊ ရှမ်းပြည်ထောင်စု သီးခြားလွတ်လပ်သော ကရင်နီပြည်နယ် စတဲ့ဒေသတွေဟာ နိုင်ငံ့အလယ်မှာ ကိုယ့်သိက္ခာနဲ့ဝင့်ထည်စွာ ရပ်တည်နိုင်ခဲ့တဲ့ ဒေသဖြစ်ပါတယ်။

ဘိုးဘေးစဉ်ဆက်လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့တဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းလည်း ခိုင်မြဲခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၆၂ ဟာ တိုင်းရင်းသားများ ကြမ္မာဂြိုလ်ဆိုး၊ ထမ်းပိုးဝန်ပိနှင့် ကြုံခဲ့ရတဲ့ အချိန်ကာလ တစ်ခုဖြစ်ခဲ့ရပါတယ်။ အင်အားကြီးအုပ်စုတစ်စုဟာ တိုင်းရင်းသားဒေသကို အာဏာရှင်လက်အောက်ရောက်အောင် သွတ်သွင်းဖို့မျက်စိကျလာခဲ့ပါတယ်။

မြန်မာ့လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းပြည်တာဝန်ကို ယူခဲ့တဲ့ အိမ်စောင့်အစိုးရရဲ့ လုပ်ဆောင်ချက်များဟာ ၁၉၆၂ အာဏာသိမ်းမှုအတွက် ခြေကုပ်စခန်းယူတာသာ ဖြစ်ပါတယ်။ တနည်းအားဖြင့် တိုင်းရင်းသားဒေသတစ်ခုလုံး ရွှေမှန်ကင်း အစစ်ကနေ ထင်းဖြစ်ခဲ့ရတဲ့ အခြေအနေကို ရောက်အောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တာသာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိတဲ့ ၁၉၄၈ ဇန်နဝါရီလ ၄ရက်နေ့မှာ တာဝန်ရှိသူများဟာ လွတ်လပ်ရေးကြေငြာစာတမ်းကို အောက်ပါအတိုင်း ထုတ်ပြန်ကြေငြာခဲ့ကြပါတယ်။ ငါတို့သည် တစ်မျိုး တစ်ဘာသာ တစ်စိတ်တစ်ဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလားဟူ၍လည်းကောင်း ၊ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ် ဟူ၍လည်းကောင်း တူညီသောတရား ၊ တူညီသောအခွင့်အရေး ၊ တူညီသောအဆင့်အတန်း အားဖြင့် ကမ္ဘာအရှည် တည်စိမ့်သောငှာ ၊ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော ဟူ၍လည်းကောင်း ၊ လွတ်လပ်ရေးကို ငါတို့ချစ်မြတ်နိုးသည်နှင့်အညီ တပါးသူ၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစားမည်။

ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့် အညီဟူ၍လည်းကောင်း ဖော်ပြပါရှိပါသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့အခြေအနေအားလုံးဟာ လွတ်လပ်ရေးကြေငြာစာတမ်းနှင့် ရင်ဘတ်ချင်းမကပ်နိုင်တော့ပါဘူး။

အင်အားကြီးအုပ်စုတစ်စုကသာ ပန်းမွေ့ရာ ရွှေကော်ဇောနှင့် ချောမောပြေပြစ်တဲ့ လမ်းကို လျှောက်နိုင်ခဲ့ကြပေမဲ့ တိုင်းရင်းသားတို့ရဲ့ဘဝဟာ ဓါးတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်ကူးရတဲ့ ဘဝမှာရှိနေဆဲပဲဖြစ်ပါတယ်။

မြန်မာ့မြေပေါ်ကနေ ဗြိတိသျှအစိုးရကို တိုက်ထုတ်ရခြင်းရဲ့ ရည်ရွယ်ချက်က နှစ်ခုရှိပါတယ်။ ပထမတစ်ခုက မြန်မာတစ်နိုင်ငံလုံးကို လူတစ်ခုကသာ အုပ်ချုပ်ဖို့ဖြစ်ပြီး နောက်ရည်ရွယ်ချက်တစ်ခုကတော့ မြန်မာပြည်သူတစ်ရပ်လုံး လွတ်လပ်ရေးရဖို့ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လွတ်လပ်ရေတိုက်ပွဲဝင် ရဲဘော်သုံးကျိတ်ဟာ အာဏာလိုလားတဲ့ အုပ်စုနှင့် လွတ်လပ်ရေးလိုလားတဲ့ အုပ်စုဆိုပြီး အုပ်စုနှစ်စုနှင့် ဖွဲ့စည်းထားတဲ့ အုပ်စုကို အာဏာလိုလားတဲ့ အုပ်စုက အလှဲထိုး အနိင်ယူ ခဲ့တဲ့နေ့တစ်နေ့လို့ ပြောရင်လည်းမမှားပါဘူး အာဏာရရှိဖို့အတွက် လွတ်လပ်ရေး လိုလားတဲ့အုပ်စုကို အနိုင်ယူခဲ့တဲ့အစီအစဉ်ဟာ လွတ်လပ်ရေးမရခင် တစ်နှစ်ကတည်းက စီစဉ်ထားပြီးသားဖြစ်ပါတယ်။

၁၉၄၇ ပင်လုံမှာ ရေးထိုးတဲ့ ပင်လုံစာချုပ်ဟာ လွတ်လပ်ရေးရဲ့ အခွင့်အရေးကို အာဏာလိုလားတဲ့ အုပ်စုကသာ ပိုင်ဆိုင်နိုင်ဖို့အတွက် တိုင်းရင်းသား ခေါင်းဆောင်တွေ အသုံးပြုခဲ့တဲ့ စာချုပ်ပဲဖြစ်ပါတယ်။ ပင်လုံစာချုပ်ရေးထိုးတဲ့နေ့မှာ အာဏာလိုလားတဲ့ အုပ်စုထဲက ခေါင်းဆောင်တစ်ဦးတစ်ယောက်မျှ ပါဝင်လက်မှတ် ရေးထိုးခြင်းမရှိတာဟာ တိုင်းရင်းသားခေါင်းဆောင်တွေကို အသုံးပြုတယ်ဆိုတဲ့ အထောက်အထားကို ပိုပြီး ခိုင်လုံစေပါတယ်။

၂၀၀၈ အခြေခံဥပဒေဟာ ၈၈ အရေးအခင်းကြောင့် ပေါ်ပေါက်လာခဲ့တဲ့ အခြေခံဥပဒေတစ်ခုဖြစ်ပေမဲ့ ၁၉၇၄ အခြေခံဥပဒေဟာ တိုင်းရင်းသား အခွင့်အရေးမရရှိအောင် အဓိကရည်ရွယ် ရေးဆွဲထားတဲ့ အခြေခံဥပဒေဖြစ်ပါတယ်။ အာဏာလိုလား တဲ့အုပ်စုဟာ တိုင်းရင်းသားအခွင့်အရေးကို အဓိကရည်ရွယ်ရေးဆွဲထားတဲ့ ၁၉၄၇ အခြေခံဥပဒေကို မလိုလားကြပါဘူး။

ဒါကြောင့် ၁၉၄၇ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အာဏာတည်မြဲဖို့အတွက် ၁၉၇၄အခြေခံဥပဒေကို ပြန်လည်ရေးဆွဲတာဖြစ်ပါတယ်။ ကရင်နီပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသအားလုံး၏ အခွင့်အရေးအတွက် ၁၉၄၇ အခြေခံဥပဒေအခန်း(၁) အပိုဒ်(၂)မှာ အောက်ပါအတိုင်းရေးသားဖော်ပြထားပါတယ်။

၂။ (က) ယခင်က မြန်မာဘုရင်ခံမှတဆင့် ဗြိတိသျှဘုရင်မင်းမြတ် စီရင်အုပ်ချုပ်တော်မူခဲ့သော နယ်မြေအားလုံးနှင့် (ခ)ကရင်နီနယ်များ ပါဝင်ကြသည့် မြန်မာတစ်နိုင်ငံလုံးသည် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်ရမည်လို့ ဖော်ပြပါရှိပါတယ်။ သီးခြားလွတ်လပ်တဲ့ ကရင်နီနယ်ရဲ့ အခွင့်အရေးနှင့် ပတ်သက်ပြီး ၁၉၄၇ အခြေခံဥပဒေ အခန်း(၁) အပိုဒ်(၇)မှာ အောက်ပါအတိုင်း ရေးသာဖော်ပြထားပါတယ်။ ကန္တရဝတီ ၊ ဘောလခဲ နှင့် ကြယ်ဖိုးကြီးတို့ ပါဝင်သည့်ကရင်နယ်များဟု ယခင်ခေါ်တွင်ခဲ့သော နယ်မြေများကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတွင် ပြည်ထောင်စုအဖွဲ့ဝင်တစ်ခုအဖြစ် ဖွဲ့စည်းရမည်။ ထိုပြည်ထောင်စုအဖွဲ့ဝင်ကို ဤမှနောင်အဖို့တွင် ကရင်နီပြည်နယ် ဟုခေါ်ရမည်လို့ ဖော်ပြပါရှိပါတယ်။ ပြည်ထောင်စုစစ်စစ် ပေါ်လာဖို့ ရေးဆွဲထားတဲ့ ၁၉၄၇ အခြေခံဥပဒေရဲ့ နိဒါန်းမှာ ဥပဒေရဲ့ရည်ရွယ်ချက်ကို အောက်ပါအတိုင်း ရေးသားဖော်ပြထားပါတယ်။

နယ်စပ်ဒေသများနှင့် ကရင်နီနယ်များအပါအဝင် မြန်မာနိုင်ငံတော်၏ နိုင်ငံသားများဖြစ်ကြသော ကျွန်ပ်တို့သည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သော မြန်မာနိုင်ငံကို အခိုင်အခံ့ ၊ အညီအညွတ် တည်ထောင်ရန် သံန္ဒိဌာန်ချ၍၎င်း ၊ တရားမျတခြင်း ၊ လွတ်လပ်ခြင်း ၊ ညီမျခြင်းတည်းဟူသော လောကပါလတရားများကို အခြေပြုကာ လူသတ္တဝါခပ်သိမ်းတို့၏ ငြိမ်းချမ်းသာယာရေးကို ခိုင်မြဲတည်တံ့အောင် ထိန်းသိမ်းရန် သန္ဒိဌာန်ချ၍၎င်း ၊ လူမှုရေးတရားမျတမှု ၊ စီးပွားရေးတရားမျတမှု ၊ နိုင်ငံရေးတရားမျတမှု ၊ လွတ်လပ်စွာတွေးကြံနိုင်မှု၊ လွတ်လပ်စွာရေးသားဖော်ပြနိုင်မှု၊ လွတ်လပ်စွာ ယုံကြည်နိုင်မှု၊ လွတ်လပ်စွာကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘုရားကျောင်းကန်သို့ သွားလာဝတ်ပြုနိုင်မှု ၊ လွတ်လပ်စွာစည်းရုံးနိုင်မှု ၊ အဆင့်အတန်းညီမျှမှု ၊ အခွင့်အလမ်းညီမျှမှု၊ တရားဥပဒေအရာတွင်ညီမှုတို့ကို နိုင်ငံသားအားလုံးခံစားနိုင်စေခြင်းငါှ အခိုင်အမာဝန်ပြုရန် သန္ဒိဌာန်ချ၍၎င်း ၊ လို့ဖော်ပြပါရှိပါတယ်။ ၁၉၄၇ ဥပဒေဟာ အာဏာရှင်ဆန်တဲ့ တပြည်ထောင်စနစ်ကိုသာ ရည်ရွယ်ဖြစ်ပါတယ်။

အကူးအပြောင်းကာလကို တာဝန်ယူဦးဆောင်နေတဲ့ နိုင်ငံခေါင်းဆောင်များအနေနဲ့ တိုင်းရင်းသားတွေကို ဖက်ဒရယ်တည်ထောင်ခွင့်ပေးမှာလား၊ ဒါမှမဟုတ် လွန်ခဲ့တဲ့နှစ် ၆၀ ကျော်ကတည်း စရံငွေမပေးပဲ တိုင်းရင်းသာခေါင်းဆောင်ဆီက ယူသွားတဲ့ ပင်လုံကတိကဝတ်ကို ပြန်ပေးမှာလား ၊ နှစ်ခုစလုံးပြန်မပေးနိုင်ရင်တောင်မှ အနည်းဆုံး တစ်ခုလောက်တော့ ပြန်ပေးဖို့ရိုးသားစွာ တောင်းဆိုပါရစေ။

spot_img
spot_img

Recent posts