spot_imgspot_imgspot_imgspot_img
Friday, April 25, 2025
spot_imgspot_imgspot_imgspot_img

ပင်လောင်းကို ထပ်မံရောက်လာတဲ့ ဖယ်ခုံစစ်ရှောင် ၂၀၀ ဝန်းကျင်အတွက် နေရာထိုင်ခင်းလိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံမြို့တွင်း တိုက်ပွဲတွေကြောင့် ရှမ်းပြည်၊ ပင်လောင်းမြို့နယ်ထဲကို အသစ်ထပ်မံရောက်ရှိနေတဲ့ ဖယ်ခုံစစ်ရှောင်၂၀၀ ဝန်းကျင်အတွက် နေရာထိုင်ခင်းတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့ အတွင်း ဖယ်ခုံမြို့ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်း ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက်မှာ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အဆိုပါ စစ်ရှောင်တွေဟာ ပင်လောင်းမြို့ဘက်ကို တိမ်းရှောင်လာခဲ့တာဖြစ်ပါတယ်။

“ကျနော်ကို ကူညီတောင်းနေကြတယ် ပစ္စည်းတွေပဲဗျာ။ စောင်၊ မိုးကာ၊ ဆန်၊ အဝတ်အစား အဲ့ဒါတွေက အဓိက လိုအပ်တယ်ဗျာ။ ဘာကိုဘာမှပါမလာကြတာလေး။ “ လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်ရှောင်တွေမှာ နေရာထိုင်ခင်း မရှိတဲ့အတွက် မြေကြီးပေါ်မှာ အိပ်စက်ရတယ်လို့ သူကဆက်ပြောပါတယ်။

“မြေကြီးပေါ်မှာပဲ အိပ်နေတုန်း။ အကာလဲမလုံဘူး ကာထားတာတွေလဲ ငှားထားရတာတွေပဲဆိုတော့ တချို့ဆို ပိုင်ရှင်တွေပြန်တောင်းနေပြီး ပြန်ပေးလိုက်ရင်လဲ နေဖို့ မရှိတော့ အခက်တော်တော်တွေ့နေကြတယ်“ လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်မှာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သလို နီးစပ်တဲ့ ဖယ်ခုံမြို့နယ်အတွင်းမှာလည်း တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။ လက်ရှိ စစ်ကောာင်စီတပ်က ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာအုပ်စုကနေ ပင်လောင်းမြို့နယ်၊ ဗန်းမောက်ကျေးရွာအထိ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်ကို ပိတ်ထားတဲ့အတွက် ဖယ်ခုံမြို့ထဲ ကျန်နေဆဲဖြစ်တဲ့ ဒေသခံတွေ ပိတ်မိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လမ်းပိတ်ထားတာ နှစ်ပတ်ကျော်နေပြီပေါ့နော်။ ခုက ထွက်လို့မရတော့ဘူး လမ်းတွေ ပိတ်ကုန်တယ်ပေါ့နော်” လို့ ဖယ်ခုံ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ယခုရက်ပိုင်းအတွင်း ဖယ်ခုံမြို့ထဲကို နေ့စဉ်ရက်ဆက် လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့မှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာအုပ်စု၊ လုံကာကျေးရွာ ဘုန်းကြီးကျောင်း ပျက်စီးခဲ့သလို အမျိုးသားတစ်ဦးလည်း ထိခိုက်သေဆုံးတာရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

spot_img
spot_img
spot_img

Recent posts