ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်အတွင်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ ဖယ်ခုံ၊ မိုးဗြဲ ဒေသခံတွေ နဲ့ ၂/ နိုင်ငံသားစိစစ်ရေးကတ်ပြား (ကယားပြည်နယ်သား) ကိုင်ဆောင်တဲ့ ကရင်နီဒေသခံတွေကို စစ်ဆေးမှု ပိုမိုတင်းကြပ်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ ပင်လောင်းဂိတ်၊ အောင်ပန်း- ကလော- လွိုင်ကော် လမ်းခွဲပေါ့။ စစ်တာတော့ တအားစစ်တယ်။ လူငယ်တွေ ပိုစစ်တာ အဓိကက။ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်၊ ဒီးမော့ဆို မှတ်ပုံတင်ကိုင်တဲ့သူကို ပိုစစ်တာပေါ့။ တချို့ကျတော့လည်း ကြောက်ကြောက်လန့်လန့်နဲ့ မဖြေတတ် မဆိုတတ်တော့လည်း တမျိုးပေါ့နော။ နှိပ်ကွပ်တဲ့သဘောမျိုး။ ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆို၊ လွိုင်ကော်တို့ဖက်က လူငယ်တွေဆိုလို့ရှိရင်တော့။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ခရီးသွားလာတဲ့ ကရင်နီဒေသခံတွေဟာ ယခင် နေထိုင်တဲ့ ရပ်ကွက်ထောက်ခံစာ ပါမှ ဂိတ်ကိုပေးဖြတ်ကြောင်း၊ ထောက်ခံစာပါရှိပေမဲ့ ၂/ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်တာကြောင့် စစ်ဆေးမှုပိုတင်းကြပ်နေတယ်လို့ သိရပါတယ်။
ယခင် စစ်အစိုးရလက်ထက် ၂၀၁၀ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်ဝင်ကြောင်း စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း စစ်ဆေးရေးဂိတ်တွေမှာ ပိုမိုတင်းကြပ်လာတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။
ပင်လောင်းမြို့နယ်အတွင်းက ပင်လောင်း၊ တီကျစ်၊ အောင်ပန်း စစ်ဆေးရေးဂိတ်တွေမှာ သွားလာကြတဲ့ ပြည်သူတွေကို စစ်ဆေးမှု ပိုမိုတင်းကြပ်လာသလို သယ်ယူလာတဲ့ စားနပ်ရိက္ခာ၊ စက်သုံးဆီ၊ အိမ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းသွားတာလည်းရှိတယ်လို့ ဒေသခံပြောဆိုချက်အရ သိရပါတယ်။