spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပင်လောင်းမြို့နယ်ရောက် ဖယ်ခုံစစ်ရှောင် ၆ထောင်ဝန်းကျင်အတွက် အကူအညီလိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းကို တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဖယ်ခုံစစ်ဘေးရှောင် ၆ထောင်ဝန်းကျင်အတွက် အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

ပင်လောင်းမြို့နယ်အတွင်းက နမ့်ဖာမူ၊ ကုန်းပေါ်၊ ဟိုဖယ်၊ ဆောင်နမ် (တောင်၊ မြောက်) ကျေးရွာတွေမှာ ရောက်ရှိခိုလှုံနေတဲ့ ဖယ်ခုံစစ်ရှောင်တွေဟာ စားနပ်ရိက္ခာရရှိဖို့ နဲ့ နေရာထိုင်ခင်းလိုအပ်နေတယ်လို့ ဆိုပါတယ်။

“သူတို့က အခု အများအားဖြင့်တော့ စားနပ်ရိက္ခာပိုင်းက ခက်ခဲတာ မှန်တယ်ပေါ့နော်။ ဆိုတော့ တချို့ မိသားစုတွေကတော့ ဒီဆွေမျိုးသားချင်း ရှိတဲ့နေရာမှာ သွားကြပေမယ့် တချို့တွေမှာက ဒီ စစ်ရှောင်စခန်းတွေ ရှိတဲ့နေရာမှာ သွားနေတဲ့အခါ အများအားဖြင့် ကြုံရတာက စားနပ်ရိက္ခာ ပိုင်းရှိမယ် နောက်ပြီးတော့ နေရာထိုင်ခင်းအပိုင်းပေါ့” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ ဖယ်ခုံမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ စစ်ရှောင်အပါအဝင် မိုးဗြဲ-ဖယ်ခုံဒေသမှာ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က တစ်လေးလုံးစစ်ဆင်ရေး စတင်တဲ့အချိန်ကစပြီး တိုက်ပွဲမကြာခဏ ဖြစ်ပွားနေတာကြောင့် ထပ်မံတိမ်းရှောင်ရတဲ့ ဖယ်ခုံစစ်ရှောင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ပင်လောင်းရောက် ဖယ်ခုံစစ်ရှောင်တချို့ဟာ နီးစပ်ရာဆွေမျိုးအိမ်နဲ့ အိမ်ငှားရမ်းပြီး နေထိုင်ကြသူတွေရှိသလို စစ်ရှောင်စခန်းတွေမှာ အများစုနေထိုင်ကြတယ်လို့ ဆိုပါတယ်။ စစ်ရှောင်စခန်းတွေမှာ အလှူရှင်တွေ လာရောက်လှူဒါန်းတဲ့ ထောက်ပံ့မှုမရတာကြောင့် လက်ရှိ နေရာထိုင်ခင်းတွေမှာ ဂုန်နီအိတ်တွေကို ပိုင်းဖြတ်ပြီး အမိုးအကာပြုလုပ်ကာ နေထိုင်ကြသူတွေရှိနေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဒီ ပင်လောင်းဘက်မှာရှိတဲ့ စခန်းတွေမှာခါကျတော့ အထောက်အပံ့တွေက သိပ်ပြီးမရဘူးဗျာ။ ဘယ်လိုပြောရမလဲဆိုတော့ ဒီ တစ်ခြားသော အဖွဲ့အစည်းတွေလဲ သိပ်မဝင်နိုင်ဘူးဆိုတော့လေ ဒီ အမိုးအကာတွေ လိုအပ်တာတွေရှိတာပေါ့နော်။ အမိုးအကာတွေ သူတို့နေထိုင်တဲ့ဟာက မိုးကာတွေ ဂုန်နီအိတ်ဖြတ်ပြီးတော့ အခင်းတွေ လုပ်တာတွေရှိတယ်။ နောက်ပြီးတော့ တချို့တွေဟာ ထော်လာဂျီပေါ်မှာ ဂုန်နီအိတ်ဖြတ်ပြီးတော့မှ အမိုးအကာလုပ်ပြီးနေကြတာမျိုး အဲ့မျိုးတွေရှိတာပေါ့” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ကစပြီး ဖယ်ခုံမြို့နယ်မှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတာကြောင့် ဖယ်ခုံဒေသခံတွေဟာ နီးစပ်ရာ ပင်လောင်းမြို့၊ ညောင်ရွှေမြို့နဲ့ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းကို အများဆုံး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဖယ်ခုံဒေသခံတွေက ပြောပါတယ်။

spot_img
spot_img

Recent posts