spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပင်လောင်း-ဆောင်းပြောင်း လမ်းမကြီး ပိတ်ထားတာကြောင့် ခရီးသွားပြည်သူတွေ အခက်ကြုံ

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ််၊ တောင်ပိုင်း ပင်လောင်း-ဆောင်းပြောင်းဖက်ကို သွားလာတဲ့လမ်း ပိတ်ထားတာကြောင့် ခရီးသွားလာပြည်သူတွေ အခက်ကြုံနေကြတယ်လို့ သိရပါတယ်။ လတ်တလောမှာ ပင်လောင်းနဲ့ ဆောင်းပြောင်းအနီးအနားမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက လုံခြုံရေးအရ သွားလာခွင့်တွေကို ပိတ်ပင်ထားတာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“သွားလာမလုပ်ရတာ ဒီ ၄/၅ရက်မှ ပိုဆိုးသွားတာပေါ့နော်။ လမ်းပိတ်ထားတာ ဒုက္ခရောက်တာပေါ့။ ပြည်သူတွေကတော့ ပိတ်မိတဲ့ဟာတွေ ဗန်းမောက်ဖက်ကနေ ဒီဖက် ရွှေ့လာတဲ့ဟာကနေ တစ်ခါ ဗန်းမောက်ဖက်ပြန်ပြေး။ အစတုန်းကတော့ ဗန်းမောက်တို့ မိုင်းဖြတ်တို့ ဖယ်ခုံတို့က အဲ့ဖက်မှာ ရွှေ့လာတာလေ။ ”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

လမ်းပိတ်ထားတာကြောင့် ကျေးရွာထဲပိတ်မိနေတဲ့ ပြည်သူတချို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လမ်းပိတ်ထားတဲ့အတွက် ခရီးသွားလာတဲ့ ပြည်သူတွေအနေနဲ့ ခရီးကြန့်ကြာမှုတွေဖြစ်စေတယ်လို့ ခရီးသွားလာတဲ့ အမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။

“ခက်ခဲမှာပဲလေ ဒါပေမဲ့ တိုက်ပွဲဖြစ်လို့ ပိတ်တာ။ တစ်ဖက်ကနေ ကြည့်ရင်တော့ တိုက်ပွဲအန္တရာယ်ကနေ ကာကွယ်ရာရောက်တယ်ပေါ့။ တစ်ဖက်မှာကြတော့ သွားလာဖို့လိုအပ်လာရင် အဲ့လမ်းပိတ်တာက အတားအဆီးတစ်ခုဖြစ်စေတာပေါ့။ ခရီးပိုကြာသွားတာပေါ့ အရင်ကထက်စာရင်။” လို့ ခရီးသွားလာတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဖယ်ခုံ-ပင်လောင်းနယ်စပ်က ကျေးရွာတွေမှာ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်‌နေ့ကစပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး နှစ်ဖက် ထိခိုက်၊ ကျဆုံးမှု အခြေအနေကို တော်လှန်ရေးတပ်ဖွဲ့ကနေ တစုံတရာ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

spot_img
spot_img