spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပညာရေးနှင့် တော်လှန်ရေးကြားမှာ ဝေခွဲမရဖြစ်နေသော ကရင်နီလူငယ်များ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီအာဏာသိမ်းအပြီး ဖြစ်ပေါ်လာတဲ့ တော်လှန်ရေးကာလဟာ အချိန်ကြာရှည်လာတာကြောင့် တော်လှန်ရေးမှာပါဝင်နေကြတဲ့ ကရင်နီလူငယ်တွေအနေနဲ့ သူတို့ရဲ့ ရှေ့ဆက်ဘဝလမ်းကြောင်းအတွက် ပညာရေးကို တဖန်ပြန်လည်စဉ်းစားလာနေကြပါတယ်။

အသက်အရွယ်အရ ကျောင်းတက်ရမယ့်အချိန်မှာ စစ်အာဏာရှင်ကို ခုခံတော်လှန်ခဲ့ကြတဲ့ ဆက်ကျော်သက် အရွယ် လူငယ်တွေဟာ အဆက်ပြတ်သွားခဲ့တဲ့ သူတို့ရဲ့ ပညာရေးကို တဖန်ပြန်ဆက်ဖို့ ကြိုးစားလာကြပါတယ်။

ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်စစ်ရှောင်စခန်းတွေက ကျောင်းတွေကို တက်ရောက်ဖို့ ကြိုးစားလာနေ ပါတယ်။ အဆိုပါ ကျောင်းတွေဟာ ကရင်နီ ပညာရေးဌာန လက်အောက်ကနေ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေဖြစ်ပြီး အခြေခံပညာရေးအဆင့် ကျောင်းတွေရှိသလို၊ အဆင့်မြင့်ပညာရေးသင်ကျောင်းတွေကိုလည်း ဖွင့်လှစ်ထားတာပါ။

အသက် ၁၈ နှစ်သာ ရှိနေသေးဖြစ်တဲ့ “မာရီ” ဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ တော်လှန်ရေးမှာ ပညာရေးအပိုင်းကနေ သင်ကြားရေးဆရာမအဖြစ်နဲ့ ပါဝင်ကူညီခဲ့သူပါ။ ၁နှစ်ကျော်လောက် ဒီအလုပ်လုပ်ကိုင်ခဲ့တဲ့သူမဟာ၊ အခုချိန်မှာ အဆက်ပြတ်သွားတဲ့ သူမရဲ့ပညာရေးကို ဆက်လက်သင်ယူချင်နေပါတယ်။

နယ်စပ်ဒေသရှိ အဆင့်မြင့်ပညာရေးကျောင်းများ ဘွဲ့နှင်းသဘင် အပ်နှင်းစဉ်။

“ ကျမကျောင်းတက်ဖို့ တွန်းအားဖြစ်စေတဲ့အရာက အဓိကက ကျမဒီဖက်ကို နွေဦးဂုရုလေးများ ပညာရေးစင်တာမှာ teacher volunteer အနေနဲ့လုပ်တယ်။ ဒါပေမယ့်ကျမက တခြားလူကိုမျှဝေပေးနိုင်ဖို့ အရည်အချင်းအများကြီး လိုသေးတယ်။ ဒီအချက်ကြောင့်လည်း ကျမကျောင်းဆက်တက်ချင်တယ်ပေါ့နော။ ကျောင်းဆက်တက်ချင်တယ် ဆက်လေ့လာမယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း လိုအပ်တဲ့အရည်အချင်းတွေ ထပ်ဖြည့်သွားမယ်။ ” လို့ မာရီ ကပြောပါတယ်။

မာရီ အနေနဲ့ ကျောင်းဆက်တက်ဖို့အတွက် အဆင့်မြင့်ပညာရေးသင်ကျောင်းတွေ ရှိတဲ့ စစ်ဘေးရှောင်စခန်းကို ရောက်ရှိလာပေမဲ့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဘက်မှာ ကျန်နေခဲ့တဲ့ သူ့ရဲ့တပည့်တွေကိုလည်း ပညာဆက်လက်သင်ကြားပေးချင်တဲ့ စိတ်တွေကြောင့် စိတ်နှစ်ခွဖြစ်နေပါတယ်။

“ တစ်ခုက ကျမက ပြည်တွင်းအရမ်းလွမ်းတယ်ပေါ့နော။ အဲ့ဒီနယ်ပယ်မှာ လှုပ်ရှားခဲ့တဲ့အတွက် ဒီအရမ်းခက်ခဲနေတဲ့အချိန်ကာလမှာ စိတ်က အဲ့ဒီဖက်ဘဲရောက်နေတယ်။ အဲ့တာကြောင့်မလို့ ဆက်တက်ရင်ကောင်းမလား၊ ပြန်သွားရင်ကောင်းမလား ဆိုတဲ့စိတ်နဲ့ပေါ့နော ဖြစ်မိတယ်။ ” လို့ မာရီက ဆက်ပြောပါတယ်။

မာရီ လိုပဲ ကျောင်းဆက်တက်ချင်တဲ့လူငယ်တွေ၊ ကျောင်းတက်ဖို့ လိုအပ်နေတဲ့ လူငယ်တွေဟာ ကရင်နီပြည်တွင်းမှာ အများအပြား ကျန်ရှိနေသေးတာဖြစ်ပါတယ်။

လက်ရှိ ကရင်နီပြည်တွင်းမှာ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် စာသင်ကျောင်းတွေ မဖွင့်လှစ်နိုင်တော့ပါဘူး။ စာသင်ဖို့ထက် အသက်ရှင်သန်ရေးအတွက် တိုက်ပွဲတွေနဲ့ လွတ်နိုင်မယ့်နေရာတွေဆီကို ထပ်ဆင့်၊ ထပ်ဆင့် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ဖို့အတွက် မိမိတို့ပညာရေးကို ရပ်တန့်ထားခဲ့ရတဲ့ လူငယ်တွေဟာ သူတို့ရဲ့ပညာရေး အခွင့်အလမ်းတွေကို ဆက်လက်သင်ယူနိုင်ဖို့ အခွင့်အရေး နည်းပါးနေပါတယ်။

တဖက်မှာလည်း ပညာသင်ယူရေးအခွင့်အလမ်းတွေ ပိုများတယ်လို့ ယူဆရတဲ့ နယ်စပ်စစ်ဘေးရှောင်စခန်းတွေဆီကို သွားရောက်နိုင်ဖို့အတွက်လည်း အခက်အခဲတွေလည်း ရှိနေပြန်ပါတယ်။

တော်လှန်ရေးမှာပါဝင်နေတဲ့ ကျောင်းသားလူငယ်တစ်ဦးကလည်း “ နယ်စပ်မှာတော့ သူတို့တက်ချင်မှာဘဲ။ ဒါပေမဲ့  ဘာတွေတက်ရမှာလဲ၊ ဘာကျောင်းတွေရှိလဲ။ ပြီးတော့ ဘယ်လိုသွားလာရမှာလဲ၊ သူတို့မှာလည်း ကျနော့်လိုမျိုး မိဘဆွေမျိုးမရှိ၊ အသိမရှိလို့ အဲ့လိုဖြစ်တာကြောင့်သူတို့လည်း အဲ့လိုတွေ အခက်အခဲတွေ့ရမယ်လို့ ကျနော် ယုံကြည်ပါတယ်။ အဲ့လိုမြင်ရတယ်ပေါ့နော။ “

စစ်ရှောင်စခန်းတစ်ခုမှာ စာတွေနဲ့ အဆက်မပြတ်သွားဖို့ ဖွင့်လှစ်ထားတဲ့ နွေရာသီ အင်္ဂလိပ်စာသင်တန်း။

တော်လှန်ရေးမှာ တစ်ဖက်တစ်လမ်းကနေ ပါဝင်နေကြတဲ့ လူငယ်တွေဟာ ဆက်လက်ပြီး ပညာသင်ယူလိုကြတဲ့ ဆန္ဒရှိကြပေမယ့်၊ ပညာဆက်လက်သင်ယူမယ့် ဆုံးဖြတ်ချက်ချဖို့ကိုတော့ ဝန်လေးနေကြတယ်လို့ မာရီက ကန္တာရဝတီတိုင်း(မ်)ကိုပြောပါတယ်။

“ ကျမအမြင်တော့ အားလုံးလိုလိုတော့ ပညာသင်ယူချင်မယ်လို့ထင်တယ်။ ပြီးတော့ သူတို့အနေနဲ့ခါကျတော့ သူတို့စိတ်က သူတို့ကိုလွန်ဆွဲထားလိမ့်မယ်။ ကျောင်းတက်ချင်တယ် ဒီဖက်မှာလည်းအရမ်းလုပ်ချင်တယ်ပေါ့နော။ စိတ်က ကိုယ်လုပ်ခဲ့ဖူးတဲ့အရာမှာ ကိုယ်သံယောဇဉ်ရှိသလို ဒီတော်လှန်ရေးအောင်ဖို့ဆိုတဲ့ စိတ်နဲ့ပေါ့နော သူတို့အဲ့ဒီအပိုင်းကို ဆက်ပြီးတော့ ဖိချင်တယ်။ “ လို့ မာရီကပြောပါတယ်။

ယခုနှစ်အစောပိုင်းက တိုက်ပွဲတွေပိုမိုပြင်းထန်လာတာကြောင့် နယ်စပ် စစ်ရှောင်စခန်းဆီကို ဒုက္ခသည်တွေ ပိုမိုရောက်ရှိလာနေကြပြီး၊ အဲဒီ ဒုက္ခသည်တွေထဲမှာ ကျောင်းနေအရွယ်လူငယ်တွေပါဝင်လာမှု များတယ်လို့သိရပါတယ်။ အဆိုပါလူငယ်တွေ ပညာဆက်လက်သင်ကြားနိုင်ဖို့ အတွက် ကရင်နီပညာရေးဌာနမှ ကြိုးစားပြင်ဆင်ပေးနေတယ်လို့ သိရပါတယ်။

စစ်ရှောင်စခန်းတစ်ခုမှာ စာတွေနဲ့ အဆက်မပြတ်သွားဖို့ ဖွင့်လှစ်ထားတဲ့ နွေရာသီ အင်္ဂလိပ်စာသင်တန်း။
spot_img
spot_img

Recent posts