spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပညာရေးအတွက် နယ်စပ်ကိုကျော်ဖြတ်လာတဲ့ CDM ဆရာမလေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မိုးအကုန်ဆောင်းအကူး ရာသီပြောင်းကာလ ထိုင်နိုင်ငံနယ်စပ်ဖြစ်တဲ့ တောတောင်တွေကြားက ကျေးလက်ရွာရဲ့ မနက်စောစော အချိန်မှာ မြူတွေဆိုင်းပြီး ရာသီဥတုဟာ အေးချမ်းသာယာနေပါတယ်။

မနက် ၈ နာရီထိုးပြီးတာနဲ့ ရေမိုးချိုး၊ အလှပြင် ၊ မနက်စာစားပြီးလို့ ကျောင်းသွားဖို့ အဆင့်သင့်ဖြစ်နေတဲ့ ကျောင်းသူလေးမော်ထျိုးမြာဟာ ဘေးလွယ်အိတ်လွယ်၊ လက်ထဲမှာ ထမင်းချိုင့်နဲ့ အိမ်ကနေ ထွက်လာခဲ့ပါတယ်။

ကျောင်းအတူသွားဖို့ သူမရဲ့ အတန်းဖော် သူငယ်ချင်းကို ဝင်ခေါ်ရင်း နှစ်ယောက်သား လမ်းမအတိုင်း မိနစ်၂၀ခန့် လမ်းလျှောက်လာ ခဲ့ကြပါတယ်။

သူတို့တွေကတော့ ကရင်နီပြည်တွင်းက စစ်ရှောင်ကျောင်းသားလူငယ်တွေဖြစ်ကြပြီး ထိုင်းနယ်စပ် တစ်နေရာမှာ ကျောင်းလာတက်နေတဲ့ သူတွေပဲ ဖြစ်ကြပါတယ်။

ထိုင်းနယ်စပ်တစ်နေရာမှာ ဆယ်သဲဖောင်ဒေးရှင်း ( STF) လက်အောက်ရှိ ဒီးကူပညာရေးစင်တာ (Deeku Education Center) ရဲ့ Pre -GED Program ကို ဖွင့်လှစ်ပေးပြီး ပုံမှန်ကျောင်း အချိန်ပြည့် မတက်နိုင်သူတွေ၊ စစ်ပွဲကြောင့် လူမှုအခက်အခဲကြောင့် ပုံမှန်ဖွင့်နေတဲ့ကျောင်းတွေမှာ မတက်နိုင်တဲ့ လူငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်။ GED (General Educational Development) ဆိုတာ အမေရိကန်အထက်တန်း ပညာရေးတစ်ခုဆိုလည်း မမှားပါဘူး။

Pre -GED Program အမှတ်စဉ် (၁) မှာ ပညာသင်ကြားခွင့်ရတဲ့ ကျောင်းသားလူငယ် (၂၆) ဦးရှိပြီး အများစုက ပြည်တွင်းမှ စစ်ရှောင်ကျောင်းသားလူငယ်တွေဖြစ်ကြပါတယ်။ အဲဒီကျောင်းသားလူငယ် တွေထဲမှာမှ အသက် ၂၁ နှစ် အရွယ် မော်ထျိုးမြာ အပါအဝင် ဖြစ်ပါတယ်။

မော်ထျိုးမြာဟာ Pre -GED Program ကို တက်ရောက်နိုင်ဖို့အတွက် ပြည်တွင်းစစ်ရှောင်တစ်နေရာ ကနေ ထိုင်းနယ်စပ်ကို ခြေလျှင်နဲ့ လျှောက်လာခဲ့ရတယ်လို့ ဆိုပါတယ်။ သူမဟာ ပညာရေးကို စိတ်ပါဝင်စား သင်ယူလိုသူတစ်ဦးဖြစ်ပြီး လမ်းခရီးကြမ်းကို မမှုဘဲ သူမပညာသင်ယူလိုတဲ့ စိတ်ဆန္ဒဟာ ပြင်းပြနေပါတယ်။

“ကိုယ်ပညာဆက်ပြီးလေ့လာချင်တယ်။ အဲအတွက်ကြောင့် ဒီဖက်ကို လာခဲ့ရတယ်။ အခက်အခဲတော့ တော်တော်လေးရှိတယ်။ စစချင်းလာတုန်းကဆို ဒီခရီးလမ်းမှာဆို ၄ ရက်လောက် လမ်းလျှောက် လာရတယ်။ ပြီးရင်ကိုယ့်ရိက္ခာနဲ့ကိုယ်ပဲ။” လို့ မော်ထျိုးမြာက သူမရဲ့ ကျော်ဖြတ်လာခဲ့ရတဲ့ လမ်းခရီးအခက်အခဲတွေကို ပြောပြပါတယ်။

မော်ထျိုးမြာဟာ စစ်အာဏာမသိမ်းခင်အတွင်းမှာ ပညာရေးကောလိပ်ကျောင်းဆင်းတစ်ဦးဖြစ်ပြီး မူလတန်းပြ တာဝန်နဲ့ အ.ထ.က မယ်စဲမှာ တာဝန် ၇ လ တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။ သူမဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းတာကို လက်မခံနိုင်တဲ့အတွက် ငြိမ်းချမ်းစွာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ပါတယ်။

ကရင်နီပြည်အတွင်း ၂၀၂၁ ခုနှစ် မေ လ ၂၁ ရက်နေ့မှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တဲ့အတွက် ပြည်သူတချို့ စစ်ဘေး ရှောင်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ မော်ထျိုးမြာဟာ စစ်ရှောင်ရင်း သူမတတ်ကျွမ်းထားတဲ့ ပညာနဲ့ စစ်ဘေးရှောင် ကိုယ်ထူကိုယ်ထကျောင်းတွေမှာ စစ်ရှောင်ကလေးတွေကို စာသင်ကြားပေးခဲ့ပါတယ်။

“ဒီအာဏာသိမ်းပြီး ၃, ၄ လ မှာပေါ့ ကိုယ့်ရဲ့ရပ်ရွာမှာလည်း စစ်တွေဖြစ်တယ်။ ရွာအထိ စစ်တွေကူးလာတယ် အဲအတွက်ကြောင့်မို့လို့ နေလို့မရတော့ဘူး ရွာမှာက အခုထိပဲ ။ အဲကနေစပြီး အခုထိ ကိုယ်လဲ စစ်ဘေးရှောင်ခဲ့ရတယ်။ ပြီးရင် စစ်ရှောင်စခန်းတွေမှာ စာသင်ပေးခဲ့တယ်”

သူမဟာ ဒီမော့ဆိုအနောက်ဖက်ခြမ်းက ကျေးရွာတစ်ရွာမှာ နေထိုင်သူဖြစ်ပြီး လက်ရှိအချိန်မှာ သူမတို့ရဲ့ ရွာကိုလည်းစစ်ကောင်စီက မီးရှို့ဖျက်စီးခဲ့သလို ကျေးရွာအတွင်းမှာ မြေမြှပ်မိုင်းတွေနဲ့လည်း ထောင်ထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ သူမရဲ့မိသားစုဝင်တွေက ရှမ်းပြည်တစ်နေရာမှာ စစ်ရှောင်နေရပြီး သူမကတော့ ထိုင်းနိုင်ငံနယ်စပ်တစ်နေရာမှာ ပညာသင်ယူရင်း မိသားစုနဲ့ အွန်လိုင်းမှာပဲ အဆက်အသွယ်လုပ်ရတယ်လို့ ဆိုပါတယ်။

Pre -GED Program ကျောင်းမှာ တက်ရောက်ခဲ့တာ အခုဆိုရင် (၃) လ ရှိပြီဖြစ်ပြီး တစ်နှစ်ပြီးရင်တော့ GED ဝင်ရောက်ဖြေဆိုရမှာဖြစ်ပါတယ်။ အောင်လက်မှတ်ရရင် Scholarship နဲ့ နိုင်ငံတကာတက္ကသိုလ် ကို ဆက်လက်ပညာသင်ယူပြီး ပြည်နယ်အတွက် တထောင့်တနေရာကနေ အကျိုးဖြစ်စေမယ့် လုပ်ငန်းတွေ လုပ်ချင်တယ်လို့ မော်ထျိုးမြာက သူမရဲ့ အနာဂတ်မျှော်မှန်းချက်ကို ပြောပါတယ်။

“ဒီလက်မှတ်ရပြီဆိုရင် နိုင်ငံခြား တက္ကသိုလ်တွေ ဆက်တက်လို့ရတယ်။ ဘယ်မှာအသုံးချမလဲဆိုတော့ လက်မှတ်တွေရပြီးရင် နိုင်ငံခြားတက္ကသိုက်တွေ ဆက်တက်မယ်။ Scholarship လျှောက်လို့ ချက်ခြင်းမရခဲ့ရင်တောင်မှ ကိုယ့်ရဲ့ ဒီလူမှုအဖွဲ့အစည်းတွေမှာပေါ့ ကိုယ်တက်နိုင်သလောက် သိသလောက် တတ်သလောက် ပြန်ပြီးတော့မှ ဝေမျှဖို့ ရှိပါတယ်။” လို့ ပြောပါတယ်။

Pre -GED Program မှာ GED ဘာသာရပ်တွေဖြစ်ကြတဲ့ အင်္ဂလိပ်၊ သင်္ချာ၊ Social Study၊ Science ကို အဓိကသင်ကြားသွားမှာဖြစ်ပြီး နေ့စဉ်လူမှုဘဝအတွက် လူမှုဆက်ဆံရေး၊ ၂၁ရာစုပညာရေးမှာ အသုံးပြုလာကြတဲ့ စဉ်းစားတွေးခေါ်မှုအပိုင်း၊ ကရင်နီသမိုင်းကြောင်း၊ စာပေ၊ ယဉ်ကျေးမှုအပြင် ထိုင်းဘာသာစကားကိုလည်း သင်ကြားပေးနေပါတယ်။

“အဓိက ကတော့ ကျမတို့ ဒီကရင်နီပြည်နယ်ထဲက ဒီနယ်စပ်ကို ရောက်လာတဲ့လူငယ်တွေအတွက် ပေါ့နော် ကျောင်းသားလူငယ်တွေက ပြည်တွင်းမှာ ကျမတို့ ကျောင်းတွေအားလုံး ပိတ်ထားရတဲ့ အနေအထား ရှိနေတဲ့ အခါကျတော့ ဒီနိုင်ငံရေး အခြေအနေအရ ကြည့်မယ်ဆိုရင်လည်း ရေတို အတွင်းမှာ ပြီးဆုံးနိုင်မယ့် အလားအလာတော့ မရှိဘူး။ အဲဒါကြောင့်မလို့ သူတို့ရဲ့ ပညာရေး ဆက်လက် ရရှိနိုင်ဖို့အတွက်ပေါ့နော် အခွင့်အရေး လာရောက်ရှာဖွေတဲ့ ကျောင်းသားလူငယ်တွေအတွက် ကျမတို့ အဓိက ဦးစားပေးပြီးတော့မှ သင်ကြားပေးတာ ရှိတယ်။ ” လို့ ဆယ်သဲဖောင်ဒေးရှင်း ဒါရိုက်တာ ဆရာမမော်မိမာက ပြောပါတယ်။

ကိုဗစ်ကာလ အလွန်နဲ့ စစ်ကောင်စီအာဏာသိမ်းလိုက်တဲ့အတွက် လူငယ်တော်တော်များများဟာ လက်ရှိအချိန်အထိ ပညာသင်ကြားခွင့်မရတာ (၃) နှစ်နီးပါး ရှိနေပြီဖြစ်ပါတယ်။ တစ်ချို့ကျောင်းသား တွေက CDM မှာ ပါဝင်ကြပြီး ကိုယ်ထူကိုယ်ထကျောင်းတွေမှာ ပညာသင်ယူနေကြပါတယ်။ အနည်းငယ်သော ကျောင်းသားကျောင်းသူတွေသာ စစ်ကောင်စီ လက်အောက်ခံ ပညာရေးကို သင်ယူနေကြတာကိုတွေ့ရပါတယ်။

ပညာသင်ယူဖို့ လက်လှမ်းမမှီတဲ့ ကျောင်းသားလူငယ်တွေကို မော်ထျိုးမြာက စိတ်ဓာတ်မကျဖို့ အခု လိုအားပေးစကားဆိုပါတယ်။

“အဓိက က ပညာဆက်မလုပ်နိုင်တဲ့ လူတွေအတွက်ပေါ့ တစ်ချို့ဆို ရှိတယ် သူငယ်ချင်းတွေ သူတို့တော်တော် စိတ်ဓာတ်တော်တော်လေး ကျနေကြတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ရည်မှန်းချက်တွေ ပျောက်ဆုံးကုန်တာတွေရှိတယ် ။ အဲအတွက်ကြောင့်မို့လို့ စိတ်ဓာတ်မကျဘဲနဲ့ ကိုယ်တတ်နိုင်တဲ့ဖက်ကနေ ကြိုးစားပြီးတော့မှ အတူတူတော်လှန်ကြမယ် ပြီးရင် ပညာ ဆက်မလေ့လာနိုင်တော့တဲ့လူတွေဆိုလည်း ဒီလို Program တွေ Join ပြီးတော့မှ ကိုယ့်ရဲ့ ပညာရေးကို ဆက်ပြီးတော့မှ လေ့လာလို့ရတယ်။ ပြီးတော့ ကိုယ်တတ်တာလေးတွေ အချင်းချင်း ပြန်မျှဝေရင်းနဲ့ ကြိုးစားသွားဖို့ ပြောချင်ပါတယ်။” လို့ ပြောပါတယ်။

စစ်အာဏာမသိမ်းခင်နဲ့ စစ်အာဏာသိမ်းပြီးတဲ့အချိန်မှာ လူငယ်တစ်ယောက် အနေနဲ့ ရည်မှန်းချက်တွေ အပြောင်းအလဲဖြစ်သွားတယ်လို့ မော်ထျိုးမြာက ပြောပါတယ်။ စစ်ရှောင်နေတဲ့ ကျောင်းနေအရွယ် လူငယ်တွေတော်တော်များများဟာ ပညာသင်ယူဖို့ လက်လှမ်းမမှီတဲ့အတွက် အခုလို Pre -GED Program လိုမျိုး အခွင့်အလမ်းတွေ ဖန်တီးပေးစေချင်တယ်လို့ သူမက တောင်းဆိုလိုက်ပါတယ်။

“အဓိက ပြောချင်တာက ဒီကို Program မျိုးပေါ့ အဓိက လူငယ်တွေ စောစောက ပြောသလိုပဲ အာဏာသိမ်းလိုက်လို့ သူတို့ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။ လမ်းတွေပျောက်နေတယ် ။ အဲလိုလူငယ်တွေအတွက် အခွင့်အလမ်းတွေအများကြီး ဖွင့်ပေးဖို့ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်သူငယ်ချင်းတွေ အများစုလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ပြီးရင် ပညာဆက်ရှာရ အောင်လည်း သူတို့မှာ အခွင့်အလမ်းတွေ သိပ်မရှိဘူး ။အလုပ်တွေလုပ်မယ်ဆိုလည်း ဒီအခြေအနေနဲ့ အဆင်မပြေဘူးလေ။ အဲအတွက်ကြောင့် လူငယ်တွေရဲ့ အခွင့်အလမ်းတွေ ထပ်ပြီးတော့မှ ဖော်ဆောင်ပေးဖို့ ပြောချင်ပါတယ်”

ကရင်နီပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်အများအပြားဟာ အနာဂတ်ရည်မှန်းချက်တွေ ပျက်စီးခဲ့ကြရပါတယ်။

လက်ရှိမှာတော့ ကရင်နီပြည်တွင်း စစ်ကောင်စီကို နည်းမျိုးစုံကနေ တော်လှန်တိုက်ခိုက်နေကြတဲ့ သူအများစုဟာ လူငယ်တွေဖြစ်ပြီး သူတို့ရဲ့ အနာဂတ်ရည်မှန်းချက်တွေကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေကြရပါတယ်။

spot_img
spot_img

Recent posts