ပန်းပဲလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့ မိသားစုလေး

မူဂျာမီလှိုင်

တိန်……တိန်…..တိန်……..

မီးခဲ ရဲရဲထဲကနေ သံပူကိုဆွဲထုတ်ပြီး ၁၅ပေါင်လောက်ရှိတဲ့ တူနဲ့ တတိန်တိန် ထုရိုက်နေပါတယ်။ မနက်အစောတည်းက မနက်စာချက်ပြုတ်ပြီး ကျန်ခဲ့တဲ့ မီးသွေးခဲတွေကို စုပြီးပန်းပဲဖိုကို မီးမွှေးလိုက်တဲ့ ဦးအောင်လွင်ဟာ မနက်အစောကြီးကတည်းက သူ့ရဲ့လုပ်ငန်းတွေကို စတင်ခဲ့ပါတယ်။

အရင်က လျှပ်စစ်မီးတွေ၊ မီးမွှေးဖို့အကူကိရိယာတွေ မပေါ်ခင်တုန်းက ဦးအောင်လွင်တို့ဟာ ဝါးပြောင်းတစ်ခုနဲ့ပဲ ပန်းပဲဖိုကို နေ့စဉ်မီးမွှေးနေခဲ့တာပါ။ နောက်ပိုင်း လက်နဲ့လှည့်ရုံနဲ့ မီးကူမွှေးပေးတဲ့ ကိရိယာတွေပေါ်လာတော့ ဝါးပြောင်းတွေကို မသုံးကြတော့ပါဘူး။

လက်ရှိ ဦးအောင်လွင်တို့နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအရှေ့ဘက်ကမ်းရှိ လွယ်ပေါကျေးရွာဟာ မိုးဗြဲရေကာတာရဲ့ အောက်ဘက်မှာပဲရှိနေပေမယ့် အခုချိန်ထိ လျှပ်စစ်မီးမရသေးပါဘူး။ ဒါပေမယ့် လျှပ်စစ်မီးမရသေးပေမယ့် ဆိုလာပြားတွေကိုသုံးပြီး ခလုတ်ဖွင့်လိုက်တာနဲ့ ပန်ကာက သူ့ဘာသူလည်နေတဲ့ စနစ်ကိုအသုံးပြုနေကြပါတယ်။

̏ ဒါကတော့ အချိန်သိပ်မကုန်ဘူး၊ ဟိုဝါးတွေနဲ့တော့ အချိန်ပိုကုန်တာပေါ့ ˝ လို့ ဦးအောင်လွင်က မီးသွေးတွေကို ထပ်ထည့်ရင်း ပြောပြနေပါတယ်။

ဒီအချိန်မှာ ဦးအောင်လွင်ရဲ့ အမျိုးသမီးကတော့ လသားအရွယ်ကလေးငယ်လေးကို သိပ်ပြီး ခင်ပွန်းကိုကူဖို့ ဘေးနားလာထိုင်ပါတယ်။ အခြားကလေးတွေကတော့ ကျောင်းတက်တဲ့အရွယ်ရောက်ကုန်ပါပြီ။

ဦးအောင်လွင်ဟာ မနေ့တည်းက လက်စမသတ်ရသေးတဲ့ သံတစ်ခုကို မီးဖိုထဲထိုးထည့်ပါတယ်။ ၅မိနစ်လောက်အကြာမှာတော့ ရဲနီနေတဲ့ မီးခဲထဲကနေ သံကိုဆွဲထုတ်လိုက်ပြီး သံတုံးပေါ်တင်ထုလိုက်ပါတယ်။

̏ ဒီအလုပ်ကို ဦးလေးက အသက် ၁၃နှစ်တည်းက လုပ်လာတာလေ၊ ခြံအလုပ်လိုပဲ နေ့တိုင်းလုပ်တယ်˝ လို့ ဦးအောင်လွင်တစ်ယောက် တူထုရင်းပြောနေပါတယ်။ ဒီအချိန်မှာ အဒေါ်ကတော့ သံပူကို မီးညှပ်နဲ့ ထိန်းပေးထားရပါတယ်။ သံကို အချက် ၂ဝလောက် ထုပြီးတာနဲ့ မီးထဲကိုတစ်ခါပြန်ထည့်ရပါတယ်။ ဒီလိုပဲ သံကိုမီးခဲထဲထည့်လိုက်၊ ဆွဲထုတ်ပြီး တူနဲ့ထုလိုက် သုံးလေးခေါက်လောက် လုပ်ပြီးရင် သံချောင်းဟာ ဓားနဲ့နည်းနည်းလေး တူလာပါပြီ။

“ဒီအလုပ်ကို အသက် ၁၃ နှစ်ကတည်းကလုပ်တယ်လေ။ ခြံအလုပ်လိုဘဲ ရက်တိုင်းလုပ်ရတယ်လေ” လို့ ဦးလေးက တူထုရင်း ပြောပါတယ်။ အဒေါ်ကတော့ သံကို မီးညှပ်နဲ့ကိုင်ပေးရပါတယ်။ သံကိုအချက် ၂ဝ လောက်ထုပြီး မီးထဲပြန်ထည့်လိုက်ပါတယ်။ ပန်းပဲလုပ်ငန်းဟာ ဦးလေးရဲ့ ဘိုးဘွားစဉ်ဆက်ကတည်းက ညီအစ်ကိုတွေ စုပေါင်း လုပ်လာခဲ့ကြပါတယ်။ နောက်ပိုင်း အိမ်ထောင်ကိုယ်စီ ထူထောင်လာကြတော့ အလုပ်ကို ခွဲပြီးလုပ်လာခဲ့ကြပါတယ်။

ဒါပေမယ့် အလုပ်တွေ အရမ်းကြပ်လာရင်တော့ ညီအစ်ကိုတွေ ဝိုင်းကူကြပါတယ်။ သံကို ထုလိုက်၊ မီးထဲပြန်ထည့်လိုက် သုံးလေးခေါက်လုပ်ပြီးတော့ ဓားမတစ်လက်နဲ့ ပိုတူလာပါတယ်။

ဓားကောင်းတစ်လက်ဖြစ်လာဖို့ သုံးလေးခါလောက် အပူပေးပြီး ထုရိုက်ရပါတယ်။ မီးအပူပေးတဲ့နေရာမှာ အပူများသွားရင် သံကပျော့သွားပြီး ဘာမှလုပ်လို့မရတော့ပါဘူး။ အဒေါ်ကလည်း ဦးလေးနဲ့ပဲ ဝိုင်းကူလုပ်နေပါတယ်။ ̏ ဦးလေးက ထုရင် သူကကိုင်ပေးတာ၊ အဲ့ဒါပြီးရင် သူ့အလုပ်ကပြီးပြီလေ˝ လို့ ဦးလေးက နဖူးပေါ်ကနေ ကျလာတဲ့ချွေးတွေကို အကျႌနဲ့သုတ်ရင်း၊ သူရဲ့ ချစ်ဇနီးလေးကို ပြုံးပြီးပြောနေပါတယ်။

အဒေါ်ကတော့ ဦးလေးပြောနေတာတွေကို သိပ်ပြီးကြားပုံမပေါ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ အဒေါ်ဟာ မီးဖွားပြီးနောက်ပိုင်း သူမရဲ့ အကြားအာရုံချို့ယွင်းခဲ့ပါတယ်။

နေ့လည်ရောက်တွေ ဦးလေးနဲ့ စကားစမြည်ပြောရင်း အလုပ်လုပ်လာတာ ဓားက ရှစ်လက်တောင် ပြီးနေပါပြီ။ ဒီလိုနဲ့ ဦးလေးလည်း လုပ်လက်စအလုပ်တွေကို ခဏနားပြီး ရေနွေးကြမ်းကို ထန်းလျက်နဲ့ ထိုင်သောက်နေပါတယ်။

နေ့လည်ကျောင်းဆင်းတော့ ကလေးတွေလည်း ထမင်းစားပြန်လာကြပါတယ်။ ဦးလေးမှာ သမီးတွေပဲရှိပါတယ်။ ဒါကြောင့် သူ့သမီးတွေကိုကြည့်ပြီး ဦးလေးက ̏ မိန်းကလေးတွေပဲရှိတာ၊ ဒီအလုပ်တွေကို သူတို့လည်းမလုပ်တတ်ဘူးလေ˝ လို့ ပြောပါတယ်။

ဦးလေးဓားနဲ့ ထုတဲ့သံတွေက ဆယ်ဘီးကားတို့မှာရှိတဲ့ ကားလေးကြိုး သံတွေနဲ့ လုပ်တာဖြစ်တဲ့အတွက်ကြောင့် ပိုပြီးခိုင်ခံ့ပါတယ်။ ဒါကြောင့် ဦးလေးရဲ့ ဓားကိုလူကြိုက်များကြပါတယ်။ လူတွေက သူတို့လိုချင်တဲ့ပုံစံတွေကို အော်ဒါမှာတတ်ကြပါတယ်။

ကလေးတွေ ကျောင်းကိုပြန်သွားတော့ ဦးလေးလည်း သူ့ရဲ့အလုပ်တွေကို ပြန်စလိုက်ပါတယ်။ အချောသတ်ဖို့ပဲ ကျန်တော့တဲ့အတွက် အဒေါ်မပါလည်း တစ်ယောက်တည်းလုပ်လို့ ရသွားပါပြီ။ ဓားတွေကို အချောသပ်ပြီးသွားတော့ ၁ဝလက်မလောက်ရှိတဲ့ တံစဉ်းနဲ့သုံးမိနစ်လောက် သွေးပေးနေပါတယ်။ ဓားသွေးနေရင်းနဲ့ ဦးလေးက ̏ မီးမရဘူးကော၊ မီးရရင်ဘိုင်ဘာစက်နဲ့ သွေးရမှာ အဲ့ဒါကပိုမြန်တယ်လေ။˝ လို့ ပြောနေပါတယ်။

ဓားကိုတံစဉ်းနဲ့သွေးပြီး ရေဆေးအခြောက်ခံလိုက်တာ ဓားမကြီးကောင်းကောင်းတစ်လက် ထွက်လာပါပြီ။ တစ်ရက်တစ်ရက်ကို ဓားမကြီး ရှစ်လက်လောက်ထိ ထုပြီးပါတယ်။ ဓားမအဟောင်းကို ပြန်ပြုပြင်ရင်တော့ ရှစ်လက်ထက်မက ပိုပြီးပါတယ်။

ထုပြီးသွားတဲ့ ဓား(ဓားချွန်၊ ဓားမ၊ အလှဓား)တွေကို ၅ရက်ခြားတစ်ခါဖြစ်တဲ့ ဖယ်ခုံဈေးမှာ ပုံမှန်သွားပို့ရပါတယ်။ ဦးလေးက နေ့စဉ်ဒီအလုပ်တွေကို ပုံမှန်လုပ်နေပါတယ်။ ဦးလေးတို့မိသားစုမှာ လယ်တစ်ကွက်ရှိပေမယ့် ဒီနှစ်ပိုင်းမှာ မိုးများတော့ ရေကြီးပြီးမြှုပ်သွားတာ ဘာမှမစားရတော့ပါဘူး။ 
နွေရာသီမှာတော့ မနက်ခင်းပိုင်းနဲ့ ညနေပိုင်းတွေမှာပဲ အလုပ်တွေပိုလုပ်ဖြစ်ပါတယ်။ နေ့လည်ပိုင်းမှာတော့ အရမ်းပူလို့ မီးဘေးမှာ မနေနိုင်ပါဘူး။ ဆောင်းရာသီဆိုရင်တော့ တနေကုန်နီးပါး အလုပ်လုပ်ဖြစ်ပါတယ်။ ဥပုဒ်နေ့နဲ့ ရွာထဲကသာရေးနာရေးတွေလောက်ပဲ အလုပ်နားဖြစ်သွားကြပါတယ်။

“တစ်ရက်နှစ်ရက်လောက်နားရင် စားဖို့ကခက်သွားပြီလေ”လို့ ဦးလေးက ပြောပါတယ်။ စက်ပစ္စည်းတွေ ထွန်းကားနေပေမယ့် တောင်သူလယ်သမားတွေအတွက်ကတော့ ဓားမ၊ ဓားရှည်၊ ပေါက်ပြားစတဲ့ အခြေခံပစ္စည်းတွေက လိုအပ်နေဆဲပဲဖြစ်ပါတယ်။ ဒါတွေကြောင့်နဲ့ပဲ ဦးလေးလည်း အလုပ်ရှိသွားပါတယ်။ ညနေစောင်းတော့ အားလုံးကိုအချောသပ်၊ လက်စသပ်လိုက်ပြီး အလုပ်သိမ်းလိုက်ပါတယ်။ အဒေါ်ကလည်း မိသားစုစားဖို့ ထမင်းဟင်းတွေအကုန် ချက်ပြုတ်လို့ပြီးသွားပါပြီ။

လက်ရှိမှာ ဒီပန်းပဲလုပ်ငန်းကသာ သူတို့ရဲ့ မိသားစုရဲ့ စားဝတ်နေရေးကို ဖြေရှင်းပေးနေတာမို့ နောင်လည်း ဒီအလုပ်ကိုပဲ ဦးလေးက ဆက်လက်လုပ်ကိုင်ဖြစ်သွားမှာပါ။

̏စက်မှုလယ်ယာတွေ စက်ပစ္စည်းတွေ ဘယ်လောက်ဘဲထွန်းကားနေ ကျွန်တော်တို့က ရောင်းရတယ်” လို့ကျေကျေနပ်နပ်နဲ့ ဦးလေးကပြောနေပါတယ်။

Comments

comments

Next Post

တပ်သိမ်းထားသည့် ငွေတောင်ရွာဟောင်းမြေပြန်ရဖို့ ဒေသခံများတောင်းဆိုကြ

Wed Dec 19 , 2018
ဖဲဘူး ခမရ ၁၀၂ တပ်သိမ်းထားသော ငွေတောင်ရွာဟောင်းမြေနေရာပြန်ရဖို့ အတွက် ငွေတောင် ဒေသခံတွေနဲ့ မြေပိုင်ရှင်တွေက သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ၁၉၉၁ ခုနှစ်က တပ်လုံခြုံရေးအတွက် ၁၀၂ တပ်က ထံမံသိမ်းထားတဲ့မြေနေရာ ၃၁ ဧကကျော်ကို ပြန်ရဖို့ တောင်းဆိုကြတာပဲဖြစ်ပါတယ်။ “ကျနော်တို့ တတွေ ဒီမှာပြန်နေထိုင်ဖို့ ပေါ့။ ဘေးမှာနေဖို့ မရှိတော့တဲ့အတွက် ကျနော်တို့ ရဲ့ ဒီမြေနေရာလေးကို ပြန်ပေးဖို့၊ ဒီနေရာကိုပြန်ပေးခြင်းအတွက်လည်း သူတို့အတွက် တစုံတရာထိခိုက် နစ်နာမှု မရှိနိုင်ပါဘူး။ ကျနော်တို့ကလည်း ကျနော်တို့ အတွက် မိမိတို့ ရဲ့ ဘိုးဘွားပိုင် မြေကို ကိုယ့်ဟာကိုယ် အေးအေးချမ်းချမ်းပြန်လည်နေထိုင်ချင်တာ ဒါအများပြည်သူရဲ့ ဆနဒ […]