spot_img
Tuesday, January 31, 2023
spot_img

ပန်းပဲလုပ်ငန်းနဲ့ ဒုက္ခသည်စခန်းမှာ ဆက်နေအုံးမယ်

spot_imgspot_imgspot_imgspot_img
ဦးစေးရယ်၏ လုပ်ငန်းခွင် နေရာကို တွေ့ရစဉ်(ဓါတ်ပုံ-ဖရဲ့ရယ်)

ဖရဲ့ရယ်

မနက်မိုးမလင်းသေးဘူး ဒုံး ဒုံး ဒိုင်း ဒိုင်း စတဲ့ ထုထောင်းနေတဲ့ အသံကြားနေရပါပြီ။

ဝါးထံရံနဲ့ အိမ်အောက်က မီးထိုးထားတဲ့ အလင်းရောင်ဖျော့တော့တော့အောက်မှာ သံစိုင်သံခဲ ထုရိုက်သံက ဒီအချိန်မှာ ပုံမှန်ထွက်ပေါ်လေ့ရှိတယ်။  မနက်မိုးမလင်းခင် အသံတစ်ခုဖြစ်ပါတယ်။

မိသားစုတွေ အိမ်နီးနားချင်းတွေ အာရုဏ်လင်း အိပ်ကောင်းချိန်မှာ အသက် ၇ဝ အဖိုးအရွယ်ရှိပြီ ဖြစ်တဲ့ ဦးစေးရယ် သူ့အိမ်အောက်မှာ ပန်းပဲလုပ်ငန်း စတင်နေပါပြီ။

အသက်ကြီးပေမယ့်လည်း အိပ်ရေးပျက်ခံပြီးမိသားစုအတွက် မနက်တိုင်း မိုးမလင်းခင်ကနေ ညနေစောင်းအထိ တစ်နေကုန်ထိုင်ပြီး ထုလိုက် ရိုက်လိုက်နဲ့ လက်မလည်အောင် လုပ်ရပါတယ်။

သူရဲ့ မူလဇာတိက ကယား(ကရင်နီ) ပြည်နယ်၊ ရှားတောမြို ့နယ်၊ သံလွင်မြစ်နှင့် ပွန်ချောင်းအကြားမှာရှိနေတဲ့ ဒေါလယ်ခူရွာကဖြစ်ပါတယ်။

ပြည်တွင်းစစ်ကြောင်းစစ်ဘေးရှောင်ဖြစ် ၁၉၉၆ ခုနှစ်မှာထိုင်း-မြန်မာနယ်စပ် ကရင်နီဒုက္ခသည် အမှတ်(၁) စခန်းသို့ ထွက်ပြေးသိမ်းရှောင်ခဲ့ရင်း ယခုသူ စခန်းထဲမှာ ပန်းပဲလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းနေ ရတာဖြစ်တယ်။

ပြည်တွင်းမှာနေထိုင်ခဲ့တဲ့ ကာလမှာနေ့စဉ် စားသောက်နိုင်ဖို့နှင့် တောင်ယာလုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။

စစ်ဘေးဒဏ်မှာ နှိပ်စက်ခံခဲ့ရတဲ့ဝေဒနာတွေ မခံစားခဲ့နိုင်တော့တဲ့အဆုံး ဒုက္ခသည်စခန်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါလို့ ဦးစေးရယ်က ပြောပါတယ်။

အခုချိန်မှာတော့ သူ့မိသားစုတွေကို ကရင်နီဒုက္ခသည် အမှတ် (၁) စခန်းမှာပန်းပဲလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းနေရပါတယ်။

ဒုက္ခသည်စခန်းကို စရောက်ကတည်းက လစဉ်ထောက်ပံ့ပေးတဲ့ ရိက္ခာနဲ့ မလုံလောက်တဲ့အတွက် ဒီအလုပ်လုပ်ခဲ့တယ်လို့ လို့ ဦးစေးရယ်က ပြောပြပါတယ်။

သားသမီး ၅ ယောက်နှင့် အမျိုးသမီးအပါဆို မိသားစု ရ ဦး ရှိတဲ့ ဦးစေးရယ်တို့ မိသားစုတစ်စုလုံးက သူတစ်ယောက်တည်း ကျွေးမွေးပြုစုလာခဲ့ရတာပါ။

“ကိုယ်ကအိမ်ထောင်ဦးစီးဖြစ်နေတော့ သူတို့အားလုံးအတွက် ကျွန်တော် တစ်ယောက်တည်းပဲ ရှာကျွေးပေးနေတော့ အရမ်းဒုက္ခပင်ပန်းပါတယ်။”လို့ သူက ညီးတယ်။

ဒုက္ခသည်စခန်းထဲမှာရှိတဲ့သူတွေကော ၊ စခန်းအပြင်မှာနေကြတဲ့သူတွေကော ဦးစေးရယ်ဆီကိုလာပြီး အလုပ်လာအပ်ကြတာဖြစ်ပါတယ်။

တချို့က ဓါး ၊ တချို့က ပေါက်ပြား ၊ ပုဆိန် စတာတွေကို ပြုလုပ်ပေးဖို့ အပ်နှံကြတယ်။

တစ်ရက်ကို ဝင်ငွေ ထိုင်း ဘတ်ငွေ ၁၂ဝ ၊ ကျပ်ငွေနဲ့ဆို ၄၀၀ဝ ၊ ၅၀၀ဝ ကျပ်ဝန်းကျင်ရတယ်။  ပုံမှန်တော့ မရှိတဲ့အတွက် မိသားစု စားဝတ်နေရေးအတွက်တော့ မဖူလုံနိုင်ပါဘူး။

ဒီလိုပညာနဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းလုပ်လာတာဆိုရင် ဦးစေးရယ် ဖိုးဘွားစဉ်ဆက်ကတည်းကဖြစ်တဲ့အတွက် မိဘအမွေဆိုလို့ ဒီပညာရပ်ပဲ ရခဲ့တယ်လို့ဆိုပါတယ်။

အကယ်၍ နိုင်ငံရေးပဋိပက္ခဖြစ်ပွားမရှိပဲ ငြိမ်းချမ်းသွားမယ်ဆိုရင် “ကျွန်တော်က ရွာဟောင်းမှာ ပြန်နေပြီး အေးအေးဆေးဆေး အလုပ်ပြန်လုပ်ချင်တယ်။   ရွာဟောင်းကနေ ထွက်ပြေးတိမ်းရှောင်တုန်းက ကိုယ်ပိုင်လယ်ယာတွေ၊ တန်ဖိုးပစ္စည်းတွေ ကျန်းရှိနေသေးတဲ့အတွက် အဲဒါကို ပြန်ပြီးလုပ်စားချင်တယ်။” လို့ သူက ပြောတယ်။

သားသမီးတွေကိုလည်း ပြည်တွင်းမှာ ကျန်ခဲ့တဲ့ လယ်ယာမြေတွေကိုပဲ အမွေအဖြစ် ဆက်ခံပြီး အဲဒီမှာပဲ ပြန်လည်အခြေချ အလုပ်လုပ်ကိုင် စေချင်ပါတယ်လို့ ဆိုပါတယ်။

ဦးစေးရယ်လိုပဲ ဒုက္ခသည်စခန်းမှာ နိုင်ငံတကာက ကူညီထောက်ပံ့မှုတွေ တစ်ဖက်တစ်လမ်းက လက်ခံရရှိတယ် ဆိုပေမယ့်လို့ မိသားစု စားဝတ်နေရေး ၊ ပညာရေး တို့ဖူလုံရေးအတွက် မိမိတို့ တတ်သိထားတဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်တွေနဲ့ တစ်ဖက်တစ်လမ်း ဝင်ငွေရှာနေကြတဲ့သူတွေလည်း ထက်ဝတ်ကျော်နီးပါး ရှိပါတယ်။

ပန်းပဲလုပ်ငန်း၊ ရက်ကန်းလုပ်ငန်းနဲ့ နီးစပ်ရာ နေ့စားလုပ်ငန်းတွေမှာ သူတို့ရဲ့ အပိုဝင်ငွေအတွက် အားစိုက်ထုတ်ရတယ်။

နိုင်ငံရေးတည်ငြိမ်လို့ ပြန်လာမယ်ဆိုရင်လည်း အိုးအိမ်တွေကအစ ဘာမှမရှိတော့တဲ့အတွက်    ကူညီထောက်ပံ့မှုရှိမှသာလျှင် ပြည်တွင်းပြန်ချိန်မှာ ပြန်လည်အစပျိုးဖို့ စတင်နိုင်မယ်လို့ ဒုက္ခသည်အများစုရဲ့က ဆန္ဒက ရှိနေတယ်။

အခုလက်ရှိအခြေအနေအရတော့ “တကယ်လို့ ပြည်တွင်းမပြန်နိုင်သေးသရွေ့တော ့ပန်းပဲလုပ်ငန်းပဲ ဆက်လုပ်သွားမှာပါ။”လို့ ဦးစေရယ်က ပြောတယ်။

Related Stories