spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပန်းချီအိပ်မက်

မူဖိလစ်စတာ (ကန္တာရဝတီတိုင်း(မ်))

“ကျမနာမည်ကတော့ သက်သက်စိုးပါ။ အများစုကကျတော့ တချို့က သူငယ်ချင်းတွေကတော့ မသက်လို့ခေါ်တယ်။ တချို့ကကျတော့ သက်လို့ခေါ်တယ်။ တချို့ကကျတော့လည်း သက်စိုးလို့ ဒီတိုင်းပဲခေါ်ကြတယ်”

သူကတော့ ကရင်နီပြည်နယ်က အသက် ၂၁ နှစ်အရွယ်ရှိတဲ့ ပြောင်မြောက်တဲ့ပန်းချီလက်ရာပိုင်ရှင် အမျိုးသမီးတဦးပါ။ ဇာတိကတော့ ဒီးမော့ဆိုမြို့နယ်၊ အောင်သပြေကျေးရွာ ဖြစ်ပါတယ်။

မောင်နှမ ခြောက်ယောက်ရှိတဲ့ထဲမှာမှ ထူးထူးခြားခြား အနုပညာကိုရူးသွပ်နေသူ တဦးလည်းဖြစ်ပါတယ်။

မသက်က ၂၀၂၁ ခုနှစ်အတွင်းမှာပဲ တီဗီအစီအစဥ်တခုကနေတဆင့် ပန်းချီဆွဲခြင်းကို စတင်သတိထားမိလာပြီး၊ အဲဒီနောက်မှာပဲ အင်တာနက် (social media) ကတဆင့် ပန်းချီဆွဲနည်းကို စပြီး လေ့လာခဲ့တယ်လို့ဆိုပါတယ်။

“ပန်းချီဆွဲတာကကြတော့ အဓိကက social media ( အင်တာနက် )ကနေ စပြီးတော့ လေ့လာတာများတယ်ပေါ့နော။ ဥပမာ facebook တို့ youtube တို့က၊ အဓိက youtube ပေါ့ youtube ကများတယ်ပေါ့နော” လို့ မသက်က ပြောပါတယ်။

ခဲတံတချောင်းနဲ့ ပုံတွေကို ကြွအောင်ဆွဲလို့ရတယ် ဆိုတာကို သိပြီးတဲ့နောက် ပန်းချီပညာကို အားတက်သရော လေ့လာဖြစ်ခဲ့တာလို့ သူမကပြောပါတယ်။ အဲဒီတုန်းက သူမကအသက် ၁၉ နှစ်ပဲရှိပါသေးတယ်။

မသက်ရဲ့ မိဘတွေကတော့ အနုပညာနဲ့အလှမ်းဝေးတာဖြစ်လို့ သူမရဲ့ဝါသနာကို အလေးမထားခဲ့ကြပါဘူး။ ဒါ့ကြောင့်လည်းသူမက ပန်းချီပညာဆိုင်ရာ သင်တန်းတစုံတရာ တက်ရောက်ခဲ့ခြင်းမရှိပါဘူး။

“စလေ့လာတုန်းကတော့ အဓိက အခက်အခဲကျတော့ ကိုယ်ကပန်းချီပညာတွေကိုသင်တဲ့အခါမှာ သင်တန်းတက်ချင်တယ်ပေါ့။ အဲမှာသင်တန်းသွားတက်မယ် ဘာညာဆိုလို့ရှိရင် အိမ်ကခွင့်မပြုလို့မတက်ခဲ့ရတာ…” လို့ မသက်ကပြောပါတယ်။

မသက်ရဲ့မိဘတွေက သူမကို အစိုးရ၀န်ထမ်းဖြစ်စေချင်ခဲ့တာပါ။ ဒါပေမဲ့ သူမ၀ါသနာပါရာ အနုပညာကိုသာ ပံ့ပိုးမှုတစုံတရာမပါပဲ ရွေးချယ်လျှောက်လှမ်းခဲ့ပါတယ်။

ဒါ့ကြောင့်လည်း ပန်းချီဆွဲတဲ့နေရာမှာ အသုံးပြုရတဲ့ ပစ္စည်းကိရိယာကိုလည်း သူကိုယ်တိုင်ရုန်းကန်ပြီး ရှာဖွေခဲ့ရတယ်လို့ဆိုပါတယ်။

Youtube လို့ခေါ်တဲ့ လူမှုကွန်ယက်ကနေတဆင့် ပန်းချီဆွဲနည်းကို အချိန်တော်တော်ကြာ လေ့လာခဲ့ပြီး ခဲတံဖြင့်သာဆွဲရတဲ့ ခဲပန်းချီကို သူမကတနှစ်ကြာ ဆွဲခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပန်းချီအမျိုးအစားစုံစုံလင်လင် ဆွဲလာပါတယ်။

အခုချိန်မှာတော့ ကရင်နီပြည် လွိုင်ကော်မြို့က စားသောက်ဆိုင်တချို့တွေမှာ မသက်ရဲ့ နံရံကပ်ပန်းချီ (wall paint) လက်ရာကိုတွေ့မြင်နေရပါပြီ။ နံရံကပ် ပန်းချီတွေကို စားသောက်ဆိုင် ငါးနေရာထိ ဆွဲခဲ့ပြီးပြီလို့သူမက ပြောပါတယ်။

မသက်က သူမရဲ့ အနုပညာ ၀ါသနာနဲ့ ရေရှည်အသက်မွေး၀မ်းကျောင်းပြုဖို့ ဆုံးဖြတ်ရတဲ့ခါမှာလည်း ဒွိဟ ဖြစ်ခဲ့ရပြန်ပါတယ်။ ဒါ့ကြောင့်လည်း သူမရဲ့ရွေးချယ်မှုကို နောင်တရမိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

“အစောပိုင်းကကျတော့ ဒီပုံဆွဲတာကိုစွန့်လွှတ်မလားဆိုပြီးတော့မှ အခြားပြင်ပအလုပ်တခုခု၀င်ပြီးတော့ အလုပ်လုပ်မယ်လို့တော့တွေးဖူးတယ်ပေါ့နော။ တွေးပြီးတော့မှပုံမဆွဲဘဲနဲ့ နှစ်လ သုံးလ လောက်ထိနေဖူးတယ်ပေါ့။ဒါပေမဲ့ ဘယ်လိုမှစိတ်ကမရဘူးပေါ့နော။ဒီပုံဖက်ပဲ အာရုံရောက်နေတဲ့ခါကျတော့ ဒီပုံဖက်ကိုပဲ ဘယ်လိုပဲဖြစ်ချင်ရာဖြစ် သွားမယ် ဆိုပြီးတော့မှ ဒီပုံဖက်ကိုပဲပြန်ပြီးတော့လှည့်ခဲ့တယ်ပေါ့နော” သူက ပြောပါတယ်။

သို့ပေမဲ့ သူ့ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒကြောင့်ပဲ ယခုအချိန်မှာ သူမရဲ့အနုပညာနဲ့ သူ အသက်မွေး၀မ်းကျောင်းပြုနေနိုင်ပါပြီ။ သူမက ရေရှည်အတွက် တွေးပူမနေတော့ဘဲ ပန်းချီပညာနဲ့သာ ရဲရဲ ဆက်လျှောက်နေပါတယ်။

မသက်ရဲ့ ကိုယ့်လုပ်နိုင်စွမ်းပေါ် ကိုယ်ဂုဏ်ယူမှုကလည်း ရိုးရှင်းပါတယ်။ ပန်းချီကားတချပ် ချောချောမွေ့မွေ့ ပြီးမြောက်သွားတဲ့အခိုက်ဟာ ကိုယ့်ကိုယ်ကို ဂုဏ်အယူရဆုံး အချိန်လို့ သူမကပြောပါတယ်။

” ဂုဏ်ယူရတဲ့အချိန်ကတော့လေး တခြားထွေထွေထူးထူးရယ် မဟုတ်ဘူးပေါ့နော။ ကိုယ်ဆွဲတဲ့ပုံတပုံက လုံး၀အဆင်ပြေချောချောမွေ့မွေ့နဲ့ပေါ့နော။ ပြီးမြောက်သွားတဲ့အချိန်ပေါ့နော။ကိုယ့်ပုံကိုသေချာ ကိုယ့်ကိုယ်ကို သေချာတစိမ့်စိမ့်ကြည့်ပြီး ရတဲ့ပီတိပေါ့နော။ အဲ့ဒီချိန်က ဂုဏ်ယူရဆုံးပဲ” လို့ မသက်ကပြောပါတယ်။

အင်တာနက်ပေါ်ကတဆင့် ပန်းချီပညာလေ့လာခဲ့တဲ့ မသက်က ယခုမှာတော့ ပန်းချီဆွဲတာအပြင် သူမရဲ့ ကိုယ်ပိုင်ပန်းချီသင်တန်း ကိုပါ ဖွင့်နိုင်နေပါပြီ။ သင်တန်းပေးရင်း၊ ပန်းချီဆွဲရင်း၊ ပန်းချီကားချပ်ရောင်းရင်းနဲ့ ဘ၀ကိုရပ်တည်နေပါတယ်။

ပန်းချီဆွဲပြီး သုံး နှစ်အတွင်းမှာ သင်တန်း ခုနစ်ခုဖွင့်ပြီးခဲ့ပြီး၊ ပန်းချီကား အချပ် ၂၀ ရောင်းချနိုင်ခဲ့ပြီလို့ သူမကပြောပါတယ်။

ပန်းချီ အနုပညာ အပေါ် အခြေချဖို့ရွေးချယ်ပြီးနောက်မှာ နိုင်ငံတကာမှာ သူမရဲ့ပန်းချီကားကို နိုင်ငံတကာ ၀င်ဆံ့နိုင်အောင်အထိ ကြိုးစားသွားချင်တယ်လို့လည်း ပြောပါတယ်။

“အခုနောက်ပိုင်း နောက်ပိုင်းမှာတော့ ဒီပန်းချီလောကကို နည်းနည်းအခြေချတဲ့အချိန်မှာပေါ့နော။ အများကြီး လုပ်သွားဖို့တော့ရှိတယ်ပေါ့နော။ ဖြစ်ချင်တာလည်းအများကြီး ရှိတယ်ပေါ့နော။ Professional artist (ပန်းချီဆွဲ ကျွမ်းကျင်သူ)တယောက်အနေနဲ့လည်း ဖြစ်ချင်တယ်ပေါ့။ ပြီးတော့ international (နိုင်ငံတကာ)အပိုင်းမှာလည်း တကယ်ကို ၀င်ဆံ့နိုင်တဲ့ artist (ပန်းချီဆရာ) တယောက်ဖြစ်ချင်တယ်ပေါ့” လို့ မသက်က သူမရဲ့ အိပ်မက်ကိုပြောပြပါတယ်။

မသက်က သူမရဲ့ရည်မှန်းချက်ကို အကောင်ထည်ဖော်နိုင်ဖို့လည်း အမြဲ လေ့လာနေဆဲ ဖြစ်ပါတယ်။ အနုပညာနဲ့ အသက်မွေး၀မ်းကျောင်းပြုဖို့ စိတ်ဒွိဟဖြစ်ခဲ့တဲ့ သက်သက်စိုးက အခုတော့ စိတ်ပြတ်သားသူတဦးဖြစ်သွားပါပြီ။ အောင်မြင်တဲ့ ပန်းချီဆရာ တစဦးဖြစ်ဖို့ကလည်း သူမ မက်နေတဲ့ အိပ်မက်ပါပဲ။

ကိုယ့်ရဲ့၀ါသနာကို ပံ့ပိုးမှုမရှိတဲ့ကြားက ဖြစ်အောင် လျှောက်လှမ်းနိုင်တဲ့ အမျိုးသမီးငယ် မသက် ရဲ့ လုပ်နိုင်စွမ်းကလည်း လေးစားအားကျစရာပါ။

spot_img
spot_img