ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း လတ်တလော တိုက်ပွဲဖြစ်ပွားနေပြီး ပအိုဝ်းဘာသာစကားနဲ့ လူမှုကွန်ယက်စာမျက်နှာအတုတွေကနေ တင်နေတဲ့ သတင်းအတု ထွက်ပေါ်နေတာကြောင့် သတိပြုကြဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီကနေ့ ရက်စွဲနဲ့ အသိပေးထားပါတယ်။
“ပအိုဝ်ႏစွိုးခွို လွစ်ထန်ႏရေ ရုဲင်းဖက် PNLA” လို့ ပအိုဝ်း စာနဲ့ အမည်ပေးထားတဲ့ ဖေ့ဘွတ် လူမှုကွန်ယက်စာမျက်နှာကနေ ပအိုဝ်းဒေသအတွင်း စစ်ဘေးရှောင်လာတဲ့ ကရင်နီလူမျိုးတွေကို ဇန်နဝါရီလ ၂၅ ရက်နေ့၊ နေ့လည် ၁၂ နာရီနောက်ဆုံးထားပြီး မိမိနေရပ်သို့ အမြန်ဆုံး ထွက်ခွာကြဖို့ ရေးသားထားတာဖြစ်ပါတယ်။ ပအိုဝ်းဒေသမှာ ကရင်နီစစ်ဘေးရှောင်တွေ ဆက်ရှိနေပါက ကရင်နီလူမျိုးတွေရဲ့ အသက်ကို တာဝန်ယူမှာမဟုတ်ကြောင်းကိုလည်း ဒေသခံလုံခြုံရေးအဖွဲ့က လိုက်လံအသိပေးထားတယ်လို့ ဆိုထားပါတယ်။
အဆိုပါ လူမှုကွန်ယက်စာမျက်နှာဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ကို ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်စေဖို့ လုပ်ကြံထားတဲ့ စာမျက်နှာအတုဖြစ်တယ်လို့ PNLA ဘက်က ဆိုပါတယ်။
“အခုက ဆိုက်ဝါးများတယ်လေနော။ စစ်ကောင်စီတွေက ကျနော်တို့ကို တိုက်လို့မနိုင်ရင် ဆိုက်ဝါးအမျိုးမျိုးတွေ လုပ်လာတယ်။ အဲ့ဒါကြောင့် ပြည်သူတွေအနေနဲ့ နီးနီးကပ်ကပ်သူတို့(စစ်ကောင်စီ) နဲ့မနေနဲ့။ ဆိုက်ဝါးတွေကိုလည်း အထူးကရုပြုဖို့လိုတယ်ပေါ့နော။”လို့ PNLA မှ ရဲဘော်ခွန်လေတိုးက ပြောပါတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLO/PNLA)ကတော့ ပအိုဝ်းဒေသအတွင်းမှာရှိတဲ့ ပအိုဝ်းလူမျိုးတွေနဲ့ တခြားတိုင်းရင်းသားပြည်သူအားလုံးကို လွတ်လပ်လုံခြုံစွာ သွားလာနေထိုင်နိုင်ဖို့ ကာကွယ်ပေးရမယ့် တာဝန်ရှိတယ်လို့ ပြောဆိုထားပါတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA )ရဲ့ လုံခြုံရေးဆိုင်ရှာ လှုပ်ရှားမှုများကို ဖေ့ဘွတ်လူမှုကွက်ယက်စာမျက်နှာတွေဖြစ်တဲ့ PNLO Info နဲ့ PNLA News & Information Department (https://www.facebook.com/profile.php?id=100094690671402) Page ကနေ အသိပေးထုတ်ပြန်သွားမယ်လို့ အသိပေးထားပါတယ်။
PNLA ကတော့ မိမိတို့ထိန်းချုပ်နယ်မြေအတွင်း လူဆိုး၊ သူခိုး၊ ဓားပြ ကလွဲပြီး မိဘပြည်သူတွေအနေနဲ့ လွတ်လပ်စွာ သွားလာနေထိုင်နိုင်တယ်လို့ ဆိုထားပါတယ်။
စစ်ရေးအထိနာတဲ့ စစ်ကောင်စီဟာ လူမျိုးရေး သွေးခွဲမှုနဲ့ အမုန်းစကားတွေကို သတင်းတုသတင်းမှားတွေဖြန့်ဝေပြီး လုပ်ဆောင်လာနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လူထုတွေအားလုံးကော၊ ကရင်နီစစ်ရှောင်တွေကော အားလုံး ထွက်ပြေးတိမ်းရှောင်နေရတယ် ဒီချိန်တော့။ နယ်မြေကိုအကြောင်းပြုပြီး အမုန်းစကားဖြန့်ဝေတာမျိုးလည်းတွေ့နေရတယ်။ ခုခြေနေကတော့ အားလုံး သတိထားရမယ်လို့ထင်တယ်။” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဆီဆိုင်မြို့နယ်အတွင်းမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA ) ပူးပေါင်းတပ် နဲ့ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်တို့အကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် မြို့နေလူထုအပါအဝင် လာရောက်ခိုလှုံနေထိုင်ကြတဲ့ ကရင်နီစစ်ဘေးရှောင်တွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
ပအိုဝ်းဒေသမှာ စစ်ရေးမငြိမ်မသက် ဖြစ်ချိန်ကာလအတွင်း Facebook လူမှုကွန်ယက်ပေါ်မှာ ဝါဒဖြန့် page၊ သတင်းတုသတင်းအမှား တင်တဲ့ page ပိုများလာပြီး page အများစုဟာ ပအိုဝ်းစာ၊ ပအိုဝ်းဘာသာစကားဖြင့် ရေးသားထားပြီး ပအိုဝ်း လူထုတွေအကြား ကြည့်ရှုသူ၊ မျှဝေသူလည်း များစွာရှိတယ်လို့ ဒေသအခြေစိုက် The People’s Voice သတင်းဌာနကလည်း ရေးသားဖော်ပြထားပါတယ်။