spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပေးဆပ်မှုကြီးမားတဲ့ အာဏာရှင်ဖြုတ်ချမယ့် တော်လှန်ရေး

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီက အာဏာသိမ်းတာ တစ်နှစ်တာကာလအတွင်း ကရင်နီပြည်နယ်မှာ အသက်တွေစတေးခဲ့ရတဲ့ လူထုတွေ၊ အိုးအိမ်ဆုံးရှုံးလိုက်ရတာတွေ၊ ခြေလက် ကိုယ်အင်္ဂါဆုံးရှုံးလိုက်ရတာတွေ၊ လူမသိသူမသိ ပေးဆပ်လိုက်ရတာတွေ အများအပြားရှိနေခဲ့ပါတယ်။

အရပ်သားပြည်သူသေဆုံးသူ(၂၁၂)ဦးထိ ရှိနေပြီး နေအိမ် အဆောက်အအုံ(၄၉၂)လုံးထိ ပျက်စီးသွားခဲ့ရတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်က ဖေဖော်ဝါရီ(၂)ရက်နေ့ ထုတ်ပြန် ထားပါတယ်။

စစ်ကောင်စီကနေပြီး ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီး၊ သတ်ဖြတ်တာတွေ၊ နေအိမ်၊ အဆောက်အအုံမီးရှို့ဖျက်ဆီးတာတွေ၊ မတရားဖမ်းဆီးတာတွေ စတဲ့ လူ့အခွင့်အရေးများစွာချိုးဖောက်နေတာဖြစ်တဲ့အတွက် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီကနေပြီး အဆိုးဝါးဆုံး လူ့အခွင့်အရေး ချိုးဖောက်ခဲ့ပြီး တစ်ချိန်ကျရင် ပြန်ပြီးအရေးယူဖို့ ပြင်ဆင်ထားနေပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ဦးဗညားက ဆိုပါတယ်။

“ အဓိကတော့လေ သူတို့ကိုလည်း ပြန်သိစေချင်တယ်။ ဒီလူ့အခွင့်အရေးချိုးဖောက်မှုအားလုံးကို ကျနော်တို့တတွေကြည့်နေတယ်ပေါ့နော။ ကျနော်တို့တွေ စောင့်ကြည့်နေတယ်။ ဒီချိုးဖောက်မှု အားလုံးကို တချိန်ချိန်ကြရင် သူတို့က ပြန်ပြီးတော့မှ ခုနကပြောသလို ဥပဒေကြောင်းအရ တာဝန်ခံကို ခံရမယ်ဆိုတာကို သူတို့ ကိုအသိပေးစေချင်တယ်။ ဒီလိုမျိုး လုပ်ခြင်းဟာ ကျနော်တို့ အလွယ်တကူ ခွင့်လွှတ်လို့ရတဲ့ ပြစ်မှုတွေမဟုတ်ဘူးဆိုတာကို သိစေချင်ပါတယ်။”

ဒါ့အပြင် ကရင်နီပြည်နယ်မှာ ဇန်နဝါရီလအတွင်းမှာ စစ်ကောင်စီကနေပြီး ဆက်တိုက် လေကြောင်းအသုံးပြုတိုက်ခိုက်လာနေသလို၊ လေကြောင်းသုံးထောက်လှမ်းတာတွေ၊ စစ်ရှောင်စခန်းတွေအထိ လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်တာတွေပါ ပြုလုပ်နေတာဖြစ်ပါတယ်။

လက်ရှိမှာဆိုရင်တော့ ကရင်နီပြည်နယ်မှာ နေ့စဉ်ရက်ဆက် ဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် လူငယ်တွေလည်း အသက်ကိုပေးဆပ်ပြီး စစ်ကောင်စီကို ခုခံတော်လှန်နေကြပါတယ်။

တော်လှန်ရေးတိုက်ပွဲအတွင်းမှာ အသက်ပေးဆပ်သွားခဲ့ရတဲ့ သူတွေထဲမှာ ဒေါ်ကယားဖော်ရဲ့ တစ်ဦးတည်းသောသားလည်း ပါဝင်ခဲ့ပါတယ်။ ဒေါ်ကယားဖော်ရဲ့သားဟာ ဇန်နဝါရီလ ၇ရက်နေ့ စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲတစ်ခုမှာ ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။

“ ကျမတို့ မိဘအနေနဲ့ သားတစ်ယောက်တည်းပဲရှိတယ်။ ဒါကြောင့်မလို့ ဒီလို ဆုံးရှုံးလိုက်ရတော့ မိဘတစ်ယောက်အနေနဲ့ တော့ ကိုယ် အားကိုးအားထားပြုရမယ့် သားတစ်ယောက် ဆုံးရှုံးလိုက်ရတော့ ကိုယ့်ရဲ့ လက်ရုံး နောက်နောင်ကိုယ့်ကိုယ် ပြန်ပြုစုရမယ့် သား မရှိတော့ဘူးဆိုပြီး တော်တော်တော့ စိတ်အားငယ်ရတာပေါ့။ ” လို့ သားဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ဒေါ်ကယားဖော်က ဆိုပါတယ်။

သားဖြစ်သူဟာဆိုရင် လာမယ့် ဖေဖော်ဝါရီ (၂၅)ရက်မှာ ၂၄နှစ်ပြည့်မှာဖြစ်ပြီး ကရင်နီတပ်မတော် (KA)ရဲဘော် အဖြစ်(၃)လသာ တာဝန်ထမ်းဆောင် သေးတာဖြစ်ပါတယ်။

ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီတပ်ကို ခုခံတော်လှန်ရင်း အသက်ပေးဆပ်ခဲ့ရသူ အယောက် ၆၀ ရှိနေပြီး တိုက်ပွဲပေါင်း ၁၅၆ ကြိမ် ရှိခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPFက ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းကာလအတွင်း ကရင်နီပြည်နယ်မှာဆိုရင်လည်း တစ်လကျော်ကြာ လူထုသပိတ်ပြုလုပ်ခဲ့ပြီးနောက်မှာတော့ လူထုတွေ၊ အထူးသဖြင့် လူငယ်တွေကနေပြီးတော့ လက်နက်ကိုင်လမ်းစဉ်နဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြတာပါ။

လက်ရှိတော်လှန်ရေးမှာဆိုရင် တချို့သော မိသားစုတွေ လူမစုံကြရတော့သလို၊ ရှင်ကွဲကွဲနေကြရတဲ့ မိသားစုတွေ၊ ပြန်စရာအိမ်မရှိတော့တဲ့ သူတချို့တွေ၊ လူမသိသူမသိပျောက်ဆုံးနေကြရတဲ့ သူတွေရှိပါတယ်။

ဒီတော်လှန်ရေး၊ ဒီအရေးတော်ပုံ ဟာဆိုရင် သေချာပေါက်အောင်မြင်မယ်လို့ စစ်ကောင်စီကို တော်လှန်ရင်း တစ်ဦးတည်းသောသားရဲ့ အသက်ကို ပေးဆပ်သွားရတဲ့ ဒေါ်ကယားဖော်ကတော့ ယုံကြည်နေပါတယ်။

“ အောင်မြင်မယ်လို့ ယုံကြည်တယ်။ ဘာဖြစ်လဲဆို သွေးတွေ အများကြီး သွန်းခဲ့ရပြီးပြီလေ။ အသက်တွေ အများကြီး စတေးခဲ့ရပြီးပြီလေ။ နောက်ပြီး ပေးဆပ်ခဲ့ရတဲ့ အရာတွေ လူ့အသက်တွေ မကဘူး စည်းစိမ် ဥစ္စာတွေ သူများရဲ့ အိုးအိမ်တွေ ဒီလောက်ထိခိုက်ဆုံးရှုံး နစ်နာခံခဲ့ရတာ မအောင်မြင်လို့လည်း မဖြစ်တော့ဘူးလေ။ အောင်ကိုအောင်မြင်စေရမည်။”

အရေးတော်ပုံအောင်ရင် မိဘကို ပြန်ကျွေးမွေးပြုစုစောင့်ရှောက်မယ်လို့ ပြောခဲ့တဲ့ သူ့ရဲ့သားဖြစ်သူကတော့ ပြန်မလာနိုင်တော့ပါဘူး။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) အတွင်းရေးမှူး(၁) ခူဒယ်နီယာယ်က စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ပေါ်မူတည်ပြီး ပြန်တုံ့ပြန်သွားမယ်လို့ ပြောပါတယ်။

“ ဒါကတော့ တော်လှန်ရေးလုပ်တဲ့ လူတိုင်းစိတ်ထဲမှာတော့ အောင်မြင်ရမယ်ဆိုတဲ့ သဘောထားရှိလို့ပဲလုပ်ကြတယ်။ လူထုအပါအဝင် လူတိုင်းပေါ့လေ။ဒီထက် ဆိုးတဲ့အခြေအနေမျိုး ရှိမရှိဆိုတာကတော့ စစ်ကောင်စီတွေအပေါ်မှာပဲ မူတည်တယ်။ သူတို့ အဆိုးလုပ်ရင်တော့ သူများကလည်း အဆိုးပြန်လုပ်မှာပဲ သူတို့အကောင်းလုပ်ရင်တော့ လူများလည်း အကောင်း ဖက်ကိုသွားနေမှာပဲ။”

တိုင်းပြည်နဲ့ လူမျိုးအတွက် ပေးဆပ်ခဲ့ရတဲ့သူတွေအတွက် တော်လှန်ရေးအောင်မြင်တဲ့အထိ တိုက်ပွဲဝင်သွားရမှာဖြစ်တယ်လို့ KNDFပြောဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ KNDFအနေနဲ့ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်တဲ့နေရာမှာတော့ ဒါ ကျနော်တို့ တော်လှန်ရေးကာလတစ်လျောက်လုံး အသက်ပေး သွားတဲ့ ကျနော်တို့ ညီအစ်ကိုတွေကို မျက်နှာတွေ ထောက်ထားပြီးတော့ ကျနော်တို့ဒီထက် ပိုမိုပြောင်မြောက်တဲ့ လုပ်ဆောင်ချက်မျိုးပဲ ကျနော်တို့ ဆက်ပြီးတော့ အကောင်ထည်ဖော်သွားဖို့ပဲရှိတယ်။ တစ်သားတည်းမှာပဲ ကျနော်တို့နဲ့ စိတ်ဓါတ်တူတဲ့ မည့်သည့် အစုအဖွဲ့ကို မဆို ကျနော်တို့KNDFအနေနဲ့ လှိုက်လှိုက်လှဲလှဲ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကို ဒီနေရာမှာ အထူးပြောကြားချင်တာဖြစ်ပါတယ်။”

စစ်ကောင်စီကိုတော်လှန်ဖို့ ကရင်နီတပ်မတော် (KA)ရဲ့စစ်ဦးစီးမှုအောက်မှာတိုက်ပွဲဝင်နေတဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)ဆိုရင် တပ်ရင်း ၁၈ ရင်းနဲ့ တပ်အင်အား ၆၂၇၇ ဦးရှိတယ်လို့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ၂၀၂၂ မှာ ထုတ်ပြန်ထားပါတယ်။

တခြား မိတ်ဖက် ပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ PDF၊ KGZ၊ KDF၊JPDF အပါအဝင်တခြားတပ်ဖွဲ့တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ KNDFကဇန်နဝါရီလ ၂ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ် လွိုင်ကော်မြို့ ၊ ဒီးမော့ဆိုမြို့ ၊ ဖရူဆိုမြို့နဲ့ ရှမ်းတောင် ဖယ်ခုံမြို့နယ်မှာလည်း နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားလို့ ဒေသခံပြည်သူတွေလည်း စစ်ဘေးရှောင်သူ လူဦးရေ တစ်သိန်းခုနှစ်သောင်းကျော်ထိ ရှိလာရပါပြီ။

spot_img
spot_img