spot_imgspot_imgspot_imgspot_img
Sunday, May 19, 2024
spot_imgspot_imgspot_imgspot_img

ပေးဆပ်မှုတွေနဲ့ တော်လှန်ရေးမိခင်များ

ကန္တာရဝတီတိုင်း(မ်)

“တခါတလေဆို ရဲဘော်တွေအုပ်လိုက်ရှိတဲ့အချိန် အို သူဒီကြားထဲမှာများပါနေမလားဆို အဒေါ်ဆို တခါတလေပတ်ပြီးရှာတယ်။ ပတ်ပြီးရှာတော့ ရှိများရှိနေမလားဆိုတော့ ပတ်ပြီးရှာပြီး တစ်အောင့်လောက်နေဆို ကိုယ့်ဟာကိုအနောက်မှာ သွားငိုနေတဲ့အချိန်လည်းရှိခဲ့တယ်။” လို့ ဒေါ်မီမာဝင်းက က သားဖြစ်သူရဲ့ ဓါတ်ပုံကို ကိုင်လျက်ပြောပါတယ်။

သားဖြစ်သူ ပီတာဂျွန်က ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း (၁) မှာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ၂၀၂၁ခုနှစ် စက်တင်ဘာလ ၁၄ရက်နေ့ ဖရူဆိုမြို့နယ်၊ ကဒါးလားကျေးရွာအနီးတိုက်ပွဲမှာ ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ ကျဆုံးချိန်မှာ အသက် ၁၉ နှစ်တောင်မပြည့်သေးပါဘူး။

အခုလို ဆယ်ကျော်သက်အရွယ်သားငယ်ကို ဆုံးရှုံးလိုက်ရတဲ့ ဒေါ်မီမာဝင်း မှာ သားကို သတိရလွမ်းဆွေးတာကိုဖြေဖျောက်ဖို့အတွက် သူ့ဖုန်းထဲက သားရဲ့ ဓါတ်ပုံကိုကြည့်ကာ စကားတွေ တစ်ကိုယ်ထဲပြောဖြစ်ပါတယ်။

“အခုသူ မရှိတဲ့နောက်ပိုင်းဆိုတော့ သူ့အကြောင်းစဥ်းစားရင်လည်း ဒီလိုပဲ အဒေါ်ကတော့ မျက်ရည်မျက်ခွက်နဲ့ပဲပေါ့နော။ တစ်ခါတလေဆို သူ့ကိုသတိရရင်လည်း ဒီပုံတွေဒီ အခုပုံကိုပဲကြည့်လိုက်တယ်။ ပုံပဲကြည့်ပြီးတော့သူ့ကိုပြောလိုက်တယ်။ သားမရှိတော့တဲ့နောက်ပိုင်းဆိုဘာမဆို အဆင်မပြေဘူး တစ်ခုခုလိုနေတယ်ပေါ့နော အဲလိုပေါ့ ကြည့်ပြီးပြောတယ်။” လို့ ဒေါ်မီမာဝင်းကပြောပါတယ်။

ရွေးကောက်ပွဲ မဲရလဒ်ကို အကြောင်းပြပြီး အာဏာသိမ်းထားတဲ့ အကျိုးဆက်ကြောင့် အညွှန့်တလူလူ နဲ့ တက်လှမ်းရမယ့် ခေတ်ပညာတတ် လူငယ်လေးတွေဟာ ခေတ်စနစ်ဆိုးကြီး ၊ အာဏာရှင်တွေရဲ့ လက်အောက်မှာ ဘ၀ကို နစ်မထားနိုင်လို့ လက်နက်ကိုင်လမ်းစဥ်ကိုရွေးပြီး တော်လှန်ရုံမှတစ်ပါး မတတ်နိုင်တော့ပါဘူး။

ရခဲလှတဲ့လူ့အသက်တစ်ချောင်းကိုပဏမ မထားပဲ အသက်စွန့်ပြီး အာဏာရူးတစ်စုကို အသေအကြေ တွန်းလှန်တိုက်ခိုက်နေကြရပါတယ်။

ဒါကြောင့် “မိဘအလောင်း သားသမီးထမ်း” ရာကနေ “သားသမီးအလောင်းမိဘထမ်း” တဲ့ခေတ်ဆိုးကြီးကို ရောက်နေရပါပြီ။

အသက်တမျှတန်ဖိုးထားရတဲ့ ရင်သွေးတွေအတွက် ကိုယ်ဝန်ဆောင်စဉ်ကာလမှာတောင် အစားရှောင် အသောက်ရှောင်ခဲ့ရတဲ့အပြင် ကလေးမွေးနေတုန်းမှာ သင်္ချိုင်းကိုတစ်ဖက်လှမ်း ခဲ့ရတဲ့မိခင်တွေဟာ ကိုယ့်သားသမီးကို လွယ်လွယ်နဲ့ တစ်စက္ကန့်အတွင်း သေဆုံးပျောက်ကွယ်မသွားစေချင်တာ ဧကန်အမှန်ပင်။

၉ လလွယ် ၁၀လ ဖွားခဲ့ရတဲ့ မိခင်တွေအတွက်ကတော့ သား၊သမီးတွေရဲ့ အသက်က အခုချိန်မှာ စနစ်ဆိုးကြီးရဲ့ လက်ခုပ်ထဲက ရေ ပမာ ဖြစ်နေပါတယ်။ အသက်စတေးပြီး တိုက်ပွဲသွားနေရမှန်းသိသိနဲ့ မိခင်တွေကတော့ သား သမီးကိုမတားရက်ရှာပါဘူး။

အသက်မဲ့ပြီး တောင့်တင်းဖြူဖတ်နေတဲ့ သားရဲ့ ခန္ဓာ အလောင်းဘေးမှာ ရပ်ပြီး မျက်ရည်မဆည်နိုင်အောင် ရင်ကွဲပက်လက် ငိုနေရရှာတဲ့ မိခင်တွေရဲ့ သောကဟာ မီးပင်လယ်ကဲ့သို့ လောင်မြိုက်နေကြရရှာပါပြီ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ချစ်ရတဲ့ မွေးမိခင် ၊ ဖခင် နဲ့ တိုင်းပြည်ကို အပြီးသတ် စွန့်ခွာခဲ့ကြတဲ့ လူငယ်လေးတွေလည်း တစ်နေ့တစ်ခြား များလာပါတယ်။

သားလေးက လောကကြီးကနေ ထာ၀ရပျောက်ကွယ်သွားပြီလို့ ကြားလိုက်ရချင်းပဲ ဒေါ်မီမာ၀င်းဟာ စိတ်ထဲဗလာဖြစ်ပြီး ဘယ်ကလာမှန်းမသိတဲ့ သောကမီးနဲ့အတူ မျက်ရည်က ဆည်ဘောင်ကျိုးသလို ဗွားခနဲ ထွက်ကျခဲ့ရပါတယ်။

” ကျသွားပြီ အဒေါ် သား အဲလိုမျိုးကျသွားပြီဆိုတော့ အဒေါ်ဆို အရမ်းပဲငိုတာ။ တစ်လမ်းလုံးပဲငိုတယ်။ ကားသမားဆိုလည်း အဒေါ်တို့ကိုကြည့်ပြီးတော့ အဒေါ် အဲလောက်ထိမငိုနဲ့ တက်တော့မယ်သူပြောတယ်။ ငိုမှာလို့။ ဘာဖြစ်လို့လဲဆိုရင် ရှိတာမှ သားတစ်ယောက်ပဲလို့ ကျမနေရာမှာနေကြည့်ပါလို့ ကျမလည်းအဲ့လိုမျိုးပြောတယ်ပေါ့နော။ သူအရမ်းချစ်တဲ့ သူ့ ညီမတစ်ယောက်လည်းရှိတယ်။ သူ့ အကိုကျသွားပြီသူ့ကိုပြောတော့ သူလည်းစိတ်မကောင်းဘူးပေါ့နော။ အရေးထဲက ၁၀ လပိုင်းဆိုဒီဖက်ဆိုမိုးကအရမ်းရွာတယ်လေး။ လမ်းအရမ်းချော်တယ်။ အရမ်းချော်တော့ သူ့ ညီမဆို ဒီက ခဲအိုကလေး နှစ်ယောက်နဲ့ ။ သုံးယောက်ကိုယ့်ကို သင်္ချိုင်းကုန်းထိသွားတယ်။ သူ့အကို တကယ်အဲလိုမျိုးဖြစ်သွားပြီ သူပြောတော့ ၂ရက် ၂ည အထိအိပ်လည်းမအိပ်ဘူး။ ” လို့ ဒေါ်မီမာ၀င်းက သားဖြစ်သူ ကျဆုံးခဲ့စဉ်က အကြောင်းကို ပြန်ပြောတာပါ။

သားဖြစ်သူကျဆုံးတာ ၁နှစ်ကျော်ကြာခဲ့ပြီဖြစ်ပေမဲ့ ဒေါ်မီမာ၀င်း အတွက်ကတော့ ဒီအဖြစ်အပျက်ဟာ မနေ့တစ်နေ့ကအတိုင်း ပူပူနွေးနွေးဖြစ်နေဆဲပါပဲ။ သားကိုသတိရတမ်းတတဲ့စိတ်က အခုချိန်ထိ တစ်ပြားတောင်မလျော့သေးပါဘူး။ သားဖြစ်သူပြန်အလာကိုမဖြစ်နိုင်မှန်းသိရက်နဲ့ စောင့်မျှော်နေတုန်းပါပဲ။

သို့ပေမယ့် တိုင်းပြည်အတွက်အသက်ပေးသွားတဲ့ သူတို့ရဲ့ သား၊ သမီးတွေကိုမျက်ရည်ကြားက အမြဲဂုဏ်ယူနေရတဲ့မိခင်တွေပါ။

ကျဆုံးရဲဘော်ပီတာဂျွန်၏မိခင် ဒေါ်မာမီဝင်း

လက်ရှိ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF မှာ တာဝန်ထမ်းဆောင်နေရတဲ့ သားဖြစ်သူ မောင်ဖေဘီယံ ရဲ့ မိခင် ဒေါ်အောဆိုလာ ကလည်း သားဖြစ်သူ ရဲ့ အနာဂတ် တက်လမ်းတွေ ပျက်ဆီးသွားတဲ့ အပေါ် နှမြောတမ်းတနေပေမယ့်လည်း ရှေ့ဆက်အဆင်ပြေနိုင်ဖို့ မျှော်လင့်နေပါတယ်။

” သူ့ကိုမွေးရတယ်ဆိုတာက သူ့အပေါ်တအားနှမြောတယ်။ ဘာဖြစ်လဲဆို ပညာသင်ရ ၊ ပညာဆက်ယူရမယ့် အရွယ်မှာ အဲလိုတိုက်ပွဲထဲ ၀င်သွားရတယ်ဆိုတော့ သူ့ကိုနှမြောတယ်လေး။ ဒါပေမဲ့မတတ်နိုင်ဘူးလေး အဲလိုသွားတာလည်း အဆုံးအထိသူသွားနိုင်ဖို့ ကျမမျှော်လင့်တယ်။ သူ့ကိုလည်း ရဲဘော်ကောင်းတစ်ယောက်ဖြစ်အောင် အရှေ့တန်းမှာလဲသူများအားကိုးရတဲ့ ရဲဘော်တစ်ယောက်ဖြစ်အောင်တော့မျှော်လင့်တာပေါ့။ သူ့ကို အဲလိုမျိုးတော့ မျှော်လင့်ထားတယ်လေ။ သူ့ကိုနှမြောတာတော့ နှမြောတာပေါ့ ” လို့ KNDFမှာ ရဲဘော် အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ မောင်ဖေဘီယံရဲ့ မိခင် ဒေါ်အောဆိုလာရဲ့ ရင်ဖွင့်သံပါ။

တိုင်းပြည်ကို ပြည်ပရန်သူ့ ရန်ကနေ ကာကွယ်ရမယ့်အစား နိုင်ငံသားတွေကို မတရား သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်တွေကြောင့် ရခဲလှပါတဲ့ လူ့အသက်က စျေးအလွန်ပေါနေပါပြီ။ ဒီအတွက် အသီးအပွင့်တွေ အဖြစ်ဖူးပွင့်လာကြရအုံးမယ် သားသမီး၊ လူငယ်တွေရဲ့ အနာဂတ် တွေ ပျက်ဆီးသွားရတာကြောင့် ရင်ကျိုးရတဲ့ မိခင်တွေ တစ်ပုံတစ်ခေါင်းကြီးပါ။

သို့ပေမယ့် ဒီ စတေးမှုတွေက ကိုယ့်နိုင်ငံရဲ့ အနာဂတ်ရေးရာ လှပဖို့အတွက် စတေးနေကြတာဖြစ်ပါတယ်။ ပညာရှာတဲ့ အရွယ်မှာ သေနတ်ထမ်း စစ်ထွက်တိုက်နေရတဲ့ ကိုယ့်ရဲ့ကလေးတွေကို မိခင်တစ်ယောက်အနေနဲ့ နှမြောလို့ မဆုံးဖြစ်ပေမယ့် မတတ်သာတဲ့အခြေမှာ သား၊ သမီးကို အကောင်းဆုံးသာ ဖြစ်နေစေချင်တဲ့ မေတ္တာလောဘ တော့ရှိနေဆဲပါပဲ။

ခြေစုံ လက်စုံ လှလှပပ မွေးဖွားလာတဲ့သားသမီးတွေဟာ အာဏာရူးတစ်သိုက်ရဲ့ လက်အောက်မှာ ကြွေလွင့်ခဲ့ရသူတွေ၊ ဒုက္ခိတ ဘ၀အဖြစ်ရောက်ခဲ့သူပေါင်းမနည်းတော့ပါဘူး။ မိဘကို ပြုစုစောင့်ရှောက်ရမယ့် အချိန်မှာ မိဘကသာ သားသမီးကို မတူတဲ့နည်းနဲ့ ပြုစုနေရဆဲပါ။

ခြေထောက်တစ်ဖက်ဆုံးရှုံးသွားတဲ့ ရဲဘော်မိုက်ကယ် ရဲ့မိခင် ဒေါ်အာညေးဇယ် ကတော့ သားဖြစ်သူရဲ့ အနာဂတ်အတွက် ပူပန်မှုတစ်ပုံတစ်ခေါင်းနဲ့ သောကဗျာများရပေမယ့် သားဖြစ်သူရှေ့မှာတော့ အပြုံးပန်းပန်ပြီး ဖြူစင်တဲ့ဟန်ဆောင်မှုနဲ့နေနေရတာပါ။

” သူ့ခမျာ သူလည်းအသက်လည်းငယ်သေးတယ်။ အမေလည်းအိုပြီ။ နောက်ဆိုဘယ်သူ သူ့ကိုပြုစုတော့မလဲ သူ့ခမျာ။ စိတ်ထဲမှာဆို အဲလိုမျိုးအမြဲရှိတယ်။ စိတ်မကောင်းဘူး။ ဒါတောင်မှ သူ့ရှေ့မှာဆို စကားကောင်းကောင်းပြောပြီးမှ နောက်ပြော၊ပြောင်ပြော ရယ်ပြပေးရတာပေါ့နော။ ဒါတောင်မှ စိတ်ထဲမှာဆို တအားသနားဖို့ကောင်းတယ် ကလေးခမျာ” လို့ ဒေါ်အာညေးဇယ်ရဲ့ သားဖြစ်သူအတွက် ပူပန်နေရတဲ့အကြောင်း ပြောပြတာဖြစ်ပါတယ်။

ရဲဘော်မိုက်ကယ်ကတော့ အသက်၂၀ကျော်အရွယ်လူငယ်လေးဖြစ်ပြီး လက်နက်ကြီးကြောင့် ဘယ်ဖက်ခြေထောက် ဆုံးရှုံးပြီးနေထိုင်လာရတာ တစ်နှစ်ရှိသွားပြီဖြစ်ပါတယ်။ ဒီးမော့ဆို၊ မြို့မ ဇာတိဖြစ်ပြီး လက်ရှိမှာ စစ်ရှောင်နေကြရတာပါ။

သား ၊သမီး ဘယ်လောက်ပဲခြေမစုံလက်မစုံ ၊ ရုပ်ဆိုး၊ အဆင်းပျက် နေပါစေ မိခင်တစ်ဦးရဲ့ သားသမီးအပေါ်ထားတဲ့မေတ္တာကိုတော့ အရောင်မဆိုးနိုင်ပါဘူး။
ကိုယ်လက်အင်္ဂါတွေအပြည့်အစုံနဲ့ မွေးဖွားလာတဲ့ သားဖြစ်သူဟာ အရွယ်ကောင်းမှာ ရုတ်တရက်ကြီး ခြေထောက်ပြတ်သွားတာကို ကြည့်ပြီး ဒေါ်အာညေးဇယ်ဟာ ရင်ထဲမချိမဆန့် ဖြစ်နေမှာ အမှန်ပါပဲ။
ဒေါ်အာညေးဇယ်ကတော့ သားဖြစ်သူကို ကိုယ်လက်အင်္ဂါအပြည့်စုံနဲ့မွေးလာပေမယ့် ရုတ်တရက်ကြီး ခြေပြတ်သွားတဲ့သားကို ကြည့်ရင် ရင်ထဲမဆံ့အောင်ကို စိတ်နာ ရတဲ့မိခင်တစ်ဦးဖြစ်နေပါပြီ။

“ဒီစစ်ကြီးသာမရှိခဲ့ရင် ” ဆိုတဲ့စကားလုံးကြီးက မြန်မာနိုင်ငံသားတိုင်းရဲ့ ပါးစပ်ဖျားမှာ မှိုလိုစွဲကပ်နေပါပြီ။ အခြားသူတွေထက် တော်လှန်ရေး ရဲဘော်တွေရဲ့ မိခင်ကတော့ ၁၀ ဆပြောနေမှာ အမှန်ပါပဲ။
ဒါပေမဲ့လည်း လက်ရှိမှာ ယမ်းနံ့တွေဝေနေရတာက နောင်တချိန်မှာ ပန်းရနံ့တွေ ပြန်ဝေဖို့ ပဲဖြစ်ပါတယ်။

၁၉၈၈ခုနစ် မှာဖြစ်ပွားခဲ့တဲ့ ၈၈အရေးအခင်းနဲ့ တစ်ပုံစံတည်း စစ်တပ်က ၂၀၂၁ နှစ်စပိုင်းမှာ အာဏာသိမ်းပြီး ပြည်သူကိုသတ်ဖြတ်နေပေမယ့် ခေတ်ရေစီးကြောင်းချင်းမတူတဲ့အခါမှာ အာဏာသိမ်းတာအခုချိန်ထိ အောင်မြင်မှုမရှိသေးပါဘူး။ ဒါက လူငယ်တွေရဲ့စိတ်အားထက်သန်မှု ၊ မိဘတွေရဲ့ စတေးနိုင်မှု ၊ အားပေးနိုင်မှုကြောင့်ပဲဖြစ်ပါတယ်။

ဒါ့ကြောင့်လက်နက်ကိုင်တော်လှန်နေတဲ့ လူငယ်တွေတင်မက မိဘတွေရဲ့ အားပေးပံ့ပိုးပေးခြင်းက ဒီတော်လှန်ရေးကို တောင့်ခံစေနိုင်တာဖြစ်ပါတယ်။ ဒါဟာ တော်လှန်မိခင်တွေရဲ့ ကြီးမားတဲ့စတေးမှုတစ်ခုပဲဖြစ်ပါတယ်။ တော်လှန်ရေးမှာ သားသမီးကို အဆုံးရှုံးခံပေးဆပ်နေကြတဲ့ မိခင် တွေဟာ တော်လှန်ရေးကာလမှာ ဂုဏ်ပြုမှတ်တမ်းတင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။

spot_img
spot_img