spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပျောက်ဆုံးနေတဲ့ သား ၂ယောက်အိမ်အပြန်ကို ဆက်စောင့်နေတဲ့ စစ်ရှောင် မိခင်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

“အဒေါ်တို့ ကယန်းမှာဆိုရင် သူ့လိပ်ပြာ တွေပြန်လာတယ်။ အဲ့လိုအယူအဆရှိတယ်ပေါ့နော်။ အဲ့တာကြောင့်မို့ သူတို့အသက်ရှင်နေသေးတယ်လို့ ယုံကြည်တယ်”

၈လ ကြာပျောက်ဆုံးနေတဲ့ သား၂ယောက်ရဲ့ သတင်းအစအန ကို အခုထိ မကြားရတော့ပေမယ့် အသက်ရှင်နေဆဲပဲလို့ ယုံကြည်နေတဲ့ စစ်ရှောင်မိခင်တစ်ဦးဖြစ်တဲ့ မူကယန်း(အမည်လွဲ) က ပြောပြသွားတာဖြစ်ပါတယ်။

မူကယန်းဟာ ဒီးမော့ဆိုမြို့နယ် ဆောင်ဒူရွာသစ်မှာနေထိုင်ပေမယ့် လက်ရှိမှာတော့ ချယ်ရီကုန်း စျေးခန်းတန်းလေးမှာ စစ်ဘေးရှောင်နေတာ ၁ နှစ်နီးပါးရှိနေပါပြီ။ သူမမှာ သား၅ယောက် သမီး၅ယောက်ရှိပါတယ်။ လက်ရှိစစ်ရှောင်နေရာမှာတော့ သားသမီးတချို့ရယ် မြေးအချို့နဲ့ အတူနေထိုင်ပါတယ်။

သူမရဲ့ သားငယ် မောင်ဖိလိက အသက် ၂၄နှစ်ရှိပြီး မတ်လ၁၅ရက်နေ့မှာ သူငယ်ချင်းတွေနဲ့ အတူ ရွာမှာ ရိက္ခာပြန်ယူရင်း ပျောက်ဆုံးသွားခဲ့တာပါ။

ရိက္ခာပြန်ယူဖို့ စုစုပေါင်း ၈ယောက်ပြန်ခဲ့ကြပြီး ၄ယောက်သာ ပြန်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ ပြန်ရောက်လာတဲ့ ၄ ယောက်ကတော့ သူမရဲ့ သားကို စစ်သားတွေက ဖမ်းသွားတယ်လို့ ဆိုကြပါတယ်။

မတ်လ ၁၈ရက်နေ့မှာတော့ အကိုဖြစ်သူ ရစ်ချက်ကပါ သူ့ရဲ့ ညီလေးကို သွားရှာဖို့ ထွက်သွားပြီး ထပ်မံ ပျောက်ဆုံးသွားခဲ့ပြန်ပါတယ်။

အကိုဖြစ်သူရစ်ချက်ပျောက်ဆုံးတဲ့အချိန်မှာလည်း ညီအစ်ကိုနှစ်ယောက်လုံးရဲ့ ယောက်ဖ လည်း အပါအဝင်ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲ့ဒီနေ့ရက်တွေကတော့ မူကယန်း ရဲ့ စိုးရိမ်စိတ်တွေ ပြင်းပြနေခဲ့မှာ ဖြစ်သလို ယနေ့အချိန်ထိ သူမရဲ့ ရင်ထဲ ပူလောင်နေဦးမှာပါ။

ပျောက်ဆုံးသွားတဲ့ သူမရဲ့ သား၂ယောက်နဲ့ သားမက် ကိုရှာဖွေဖို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ လက်နက်ကိုင်အဖွဲ့တွေကို ချဉ်းကပ်ခဲ့ပေမယ့် အချိန်ကုန်၊ ငွေသာကုန်ခဲ့ပြီး ယခုချိန်ထိ ဘာသတင်းမှမကြားသေးဘူးလို့ ဆိုပါတယ်။

” ရှာကြည့်သေးတယ် သားမက်ဘက်မှာဆို သူ့အမေ အဖေနည်းနည်းချမ်းသာတယ်ဆိုတော့ သူတို့လည်း လိုက်တယ်။ သူများတောင် ပိုက်ဆံငါးသိန်းတောင်ပေးပြီးပြီ။ ဒါမဲ့သူများမရှာပေးနိုင်ဘူးထင်တယ်။ အခုချိန်ထိဘာမှအကြောင်းမပြန်ဘူး။ အဒေါ်တို့လည်းမတတ်နိုင်ဘူးပေါ့။ အဒေါ်တို့မှာလက်နက်မှမရှိတာ ဘာမှမလုပ်နိုင်တော့ဘူးလေ ” လို့ မူကယန်း ပြောပါတယ်။

၂၀၂၂ နှစ်စပိုင်းမှာတိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပြီး မိုးဗြဲကနေ ဒေါငံခါးထိ တိုက်ပွဲအကြီးမားဆုံးဖြစ်ခဲ့တဲ့ကာလပါ။ အဲဒီကလအတွင်း စစ်ရှောင်ခဲ့ရတဲ့ မူကယန်းတို့ ရွာဘက်က သူတွေဟာ တိုက်ပွဲနဲနဲပါးလာတဲ့ အချိန်မှာ ရွာပြန်ပြီး ရိက္ခာပြန်ယူ ကြတာဖြစ်ပါတယ်။

တချို့ ရိက္ခာပြန်ယူရင်းပျောက်ဆုံးသွားတဲ့ အရပ်သားပြည်သူတချို့ဆိုရင်လည်း ရက်အနည်းငယ်အကြာမှာ အသတ်ခံရတဲ့ အလောင်း ပြန်လည်တွေ့ရှိတဲ့ ဖြစ်စဉ်တွေလည်း အများအပြားရှိပါတယ်။

အလောင်းတွေဟာ မည်သူဖြစ်သည်ကို မသိနိုင်တဲ့အထိ ပျက်စီးသွားတဲ့ရုပ်အလောင်းတွေလည်းရှိနေပါတယ်။ တချို့ရွာသားတွေကတော့ ကံကောင်းထောက်မစွာနဲ့ ရိက္ခာတွေပြန်ယူနိုင်တာတွေလည်း ရှိပေမဲ့ မူကယန်းရဲ့သားနှစ်ယောက်က ပြန်မလာနိုင်တော့ပါဘူး။

ပျောက်ဆုံးသွားတဲ့ သားနှစ်ယောက်လုံးက အိမ်ထောင်ကျပြီးဖြစ်ပြီး သားအကြီးမှာ ၄နှစ်အရွယ်သမီးလေးလည်းရှိပါတယ်။ သူမရဲ့သားနှစ်ဦးလုံးဟာ အရင်ကတောင်ယာလုပ်ကိုင်ကြတာပါ။ စစ်ဘေးရှောင်ပြီး မကြာခင်မှာဘဲ အဲ့လို အဖြစ်ဆိုးမျိုးကြုံတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

၈လကြာ ပျောက်ဆုံးနေတဲ့ သား၂ဦး ဟာ အခုချိန်ထိ ဘာသတင်းမှမကြားရတာကြောင့် မိခင်ဖြစ်တဲ့ သူကတော့ ဝမ်းနည်းပူဆွေးမှုတွေနဲ့အတူ သားနှစ်ယောက်အတွက် ဝမ်းနည်းနေပေမဲ့ ကျန်ရှိနေသေးတဲ့သားသမီးအတွက် အားတင်းထားပြီးရှေ့ဆက်နေထိုင်နေရပါတယ်။

“သူတို့မရှိတော့ဘူးဆို တကယ်ဝမ်းနည်းတယ်။ စိတ်ထဲမှာဆို ကျပ်နေတာပဲ ရင်ထဲမှာ။ ဒါပေမဲ့ ငါကအမေတစ်ယောက်ဆိုပြီးတော့ ကျန်နေခဲ့တဲ့ ကိုယ့်သားသမီးတွေ ကိုယ့်ချွေးမတွေ ရှေ့မာတော့မျက်ရည်တော့ မကျရဲဘူးပေါ့နော်။ ကိုယ်ကစိတ်တင်းထားရတယ်၊ စိတ်ခိုင်ခိုင်မာမာထားရတယ်။ အမေတစ်ယောက်ဆိုငါကပြိုလဲလို့မဖြစ်ဘူး။“ လို့ သူမက ဆိုပါတယ်။

မူကယန်းဟာ စစ်ရှောင်နေရပြီး အလုပ်အကိုင်မရှိတဲ့အတွက် သားသမီးကိုအားကိုးနေထိုင်ရသူပါ။ သူမရဲ့သားသမီးအချို့ကလဲ မြို့ကြီးပြကြီးတွေမှာ အလုပ်သွားရောက်လုပ်ကိုင်နေပြီး မိဘတွေကိုပြန်လည်ထောက်ပံ့ပေးနေရပါတယ်။

လက်ရှိမှာ သားငယ်ဖြစ်သူရဲ့ ဇနီးနဲ့အတူနေထိုင်နေပြီး သားကြီးဖြစ်သူရဲ့ဇနီးနှင့်မိသားစုကတော့ အခြားတစ်နေရာမှာ စစ်ရှောင်နေပါတယ်။ သူမရဲ့သား ပျောက်ဆုံးတာ အချိန်ကြာမြင့်ပြီဖြစ်ပေမယ့် အသက်ရှင်လျက် ပြန်လာဖို့ မိခင်တစ်ယောက်အနေနဲ့ မျှော်လင့်နေဆဲပဲဖြစ်ပါတယ်။

“ အသက်ရှင်လျက်ပြန်လာရင်တော့ အဒေါ်တို့ ကံကောင်းသေးတယ်ပေါ့။ ဒါပေမယ့် ပြန်မလာနိုင်ရင်တော့ ဒါပေမယ့် ဘုရားသခင်ရဲ့အလိုတော်ပဲ လို့ အဒေါ် အဲ့လိုပဲ ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုရင် အဲ့ဒီ သားသမီးတွေဆို ဘုရားသခင်က အဒေါ်ကို ပေးတယ်လေ။ လက်ဆောင်အဖြစ်ပေးတယ်လေ။ အခုပျောက်သွားတယ်ဆိုရင်လည်း ဘုရားသခင်ရဲ့ အလိုတော် ဘုရားသခင်ပြန်လည် ရုတ်သိမ်းတယ်ဆိုရင်လည်း ဘုရားသခင်ရဲ့ အလိုတော်ပဲလို့ စိတ်ထဲမှာ အဲ့လိုပဲ ယူဆလိုက်တယ်။“ လို့ မူကယန်း ကပြောပါတယ်။

spot_img
spot_img

Recent posts