spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပြစ်ဒဏ်ကျခံရတဲ့ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း ငါးဦးကို IEC က လွတ်ငြိမ်းခွင့်ပေးပြီး နေရပ်ပြန်ပို့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ပြစ်ဒဏ်ချမှတ်ထားတဲ့ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း(၅)ဦးကို မေလ (၈) ရက်နေ့ မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားပါတယ်။

“ ပါမောက္ခချုပ်အပါအဝင် ငါးဦးသည် ပြစ်ဒဏ်ခံနေရတဲ့ ကာလအတွင်းမှာ စည်းကမ်းဖောက်ဖျက်မှု တစ်စုံတစ်ရာမရှိဘူး။ တစ်ဖက်မှာလည်း သူတို့က အသက်ကြီးတဲ့သူတွေဖြစ်တော့ ကျန်းမာရေး အခြေအနေကလည်း သိပ်အဆင်မပြေတဲ့ အနေအထားတွေ ရှိတယ်။ ဒါတွေကို ထောက်ပြီးတော့ လွတ်ငြိမ်းပေးဖို့ စဉ်းစားခဲ့ကြတာလည်းဖြစ်တယ်။ လူသားချင်းစာနာထောက်ထားမှုရှုထောင့်ကနေလည်း ဒါကိုကြည့်ပြီးတော့မှ အများရဲ့ ဆုံးဖြတ်ချက်နဲ့ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ငါးဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့တာလည်းဖြစ်တယ်။ ”လို့ ခူးပလုရယ်က ပြောပါတယ်။

လွတ်ငြိမ်းခွင့်နှင့် ကြီးကြပ်စစ်ဆေးရေးဘုတ်အဖွဲ့ရဲ့ တင်ပြမှုအရ နဲ့ လူသားချင်းစာနာထောက်ထားမှုကို ဦးတည်ပြီး ကရင်နီပြည်နယ် ကြားကာလတရားစီရင်ရေးဥပဒေ ပုဒ်မ (၃၂) အရ ပြန်လည်လွတ်မြောက်ခွင့်ပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ထမ်း ၅ဦးဖြစ်တဲ့ ပါမောက္ခချုပ် ဦးအောင်ခင်မြင့် ၊ ဒုပါမောက္ခချုပ် ဒေါ်သီတာနဲ့ ကျန်ဝန်ထမ်းတွေဖြစ်တဲ့ ဒေါ်လှလေးမြင့်၊ ဒေါ်ယဥ်ယဥ်နိုင်၊ ဒေါ်မို့မို့ထွန်း တို့ကို မတရားအသင်းအက် ဥပဒေပုဒ်မ ၁၇/၁ နဲ့ အမှုဖွင့်အရေးယူခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နေရပ်ကို ပြန်လည်ပို့ဆောင်ပြီဖြစ်တယ်လို့ ဆိုပါတယ်။

“ သူတို့ကို လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းကနေ တဆင့် ပို့ပေးလိုက်ပြီဖြစ်တယ်။ သူတို့ရဲ့ နေရပ်ဇာတိကိုတော့ ဒီလုံခြုံတဲ့ လမ်းကြောင်းကနေတဆင့် ရောက်ရှိသွားပြီလို့ ပြောလို့ရပါတယ်။ “ လို့ ခူးပလုရယ်က ဆက်ပြောပါတယ်။

၁ လေးလုံး စစ်ဆင်ရေးတိုက်ပွဲအတွင်း လွိုင်ကော်တက္ကသိုလ်မှာ ပိတ်မိနေခဲ့တဲ့ Non-CDMဝန်ထမ်းတွေနဲ့ တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ၂၀၄ ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်ခဲ့ပြီး ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။

ပါမောက္ခချုပ် အပါအဝင် (၅)ဦးကို ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာတော့ ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် ၉ သိန်း IEC က အမိန့် ချမှတ်ခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ Non- CDM ဝန်ထမ်း အပါအဝင် မိသားစုဝင်တွေကိုတော့ လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုပြုလုပ်ခဲ့ပြီး စစ်ကောင်စီရဲ့ ယန္တရားမှန်သမျှ ကို ပါဝင်ဆောင်ရွက်ခြင်းမပြုဖို့၊ ပြည်သူနဲ့ တစ်သားတည်း ရပ်တည်သွားဖို့ ကတိ ဝန်ခံချက် လက်မှတ်ရေးထိုးစေခဲ့ပြီး နယ်နှင်ဒဏ်ပေးခဲ့တာဖြစ်ပါတယ်။

spot_img
spot_img

Recent posts