spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပြည်နယ်ဖွံ့ဖြိုးရေး ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ မူဝါဒနဲ့အညီ KNPPနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်

Author

Date

Category

နော်ဒွေးအယ်ခူ

ပြည်နယ်အစိုးရအနေနဲ့ ဒေသဖွံ့ဖြိုးရေး ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်ရေးအတွက် မူဝါဒနဲ့အညီ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အဖွဲ့နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်မယ်လို့ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးအံ့မော်က ဇူလိုင်လ ၂၄ရက်နေ့က ပြည်နယ်ခန်းမမှာကျင်းပပြုလုပ်သွားတဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ စတုတ္တ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တာနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

“ဆွေးနွေးတဲ့ဟာကတော့ ဖွံ့ဖြိုးရေးလုပ်ဆောင်တဲ့ကဏ္ဍတွေမှာ ဆောင်ရွက်နိုင်တဲ့ကဏ္ဍတွေကို မူဝါဒတွေနဲ့အညီဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားလိုပါတယ်။ ငြိမ်းချမ်းရေး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိနိုင်ငံတော်ရဲ့ မူဝါဒနဲ့အညီပဲ လာမယ့် အနာဂတ်ကာလမှာလည်း KNPP အဖွဲ့နဲ့ချစ်ကြည်ရင်းနှီးစွာ ဆက်လက်ပူးပေါင်းသွားမည်ဖြစ်ကြောင်း ဖြေကြားလိုပါတယ်” လို့ ဦးအံ့မော်က ပြောဆိုခဲ့ပါတယ်။

ပြည်နယ်အစိုးရရဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ရဲ့ လစဉ်တွေ့ဆုံဆွေးနွေးမှုမှာ ဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့ ကဏ္ဍတွေကိုအများဆုံးဆွေးနွေးပြီး ၂၀၂၀ခုနှစ်အတွင်းမှာတော့ ပြီးခဲ့တဲ့ မတ်လ ၃ရက်နေ့မှာ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီးနောက် COVID-19ကြောင့် တွေ့ဆုံမှုကိုရပ်နားထားတယ်လို့ သိရပါတယ်။

KNPP ဖက်က အဆိုအရ လစဉ်တွေ့ဆုံမှုတွေမှာ အစိုးရဖက်က ဆုံးဖြတ်ချက် ချနိုင်တဲ့ သူတွေတက်ရောက် မလာတာကြောင့် ဆွေးနွေးပွဲဟာမထိရောက်ဘူးလို့ KNPP အထွေထွေအတွင်းရေးမှူး ဆရာရွှေမျိုးသန့်ကပြောပါတယ်။

“ ပြသနာက အစိုးရက တက်လာတာက တပ်က ဆိုရင်လည်း ပြောခွင့်မရှိတဲ့ အဆင့်၊ ရဲဆိုလည်း ရဲမှူးအဆင့်၊ အစိုးရဆိုလည်း အတွင်းရေးမှူးအဆင့်ပဲ တက်လာတော့ ပြည်နယ်ဝန်ကြီးတွေ ပြောခွင့် ရှိသူတွေ မပါတော့ ကျနော်တို့က သူတို့ကိုပြောတယ်။ လက်ရှိ ပြသနာတွေက ဆွေးနွေးဖို့က ကျနော်တို့ဖက်က တက်တာ ဥက္ကဌ တို့၊ ဒုဥက္ကဌတို့ ဖြစ်နေတယ် ဆိုတော့ ဒါတွေက ဆွေးနွေးလို့ မဖြစ်ဘူးလေနော။ ဒါတွေကိုလည်း ပြည်ထောင်စုကို ပြောပါတယ်။ ပြောရေးဆိုခွင့် လာပြီးတော့ ညှိနှိုင်းဆွေးနွေး ကူမယ်ပေါ့လေ။ ဒါပေမဲ့ အဲ့ဟာတွေက ဖြစ်မလာဘူးလေ။ ဆိုတော့ ပြည်နယ်အစိုးရက ကျနော်တို့အပေါ်မှာ သိပ်ပြီးတော့ စေတနာ မရှိဘူး။ ကျနော်တို့ကို လိုတဲ့အခါမှာ ခေါ်ပြီးတော့ ညှိမယ်၊ ပြောမယ် အဲ့လောက်ပဲ ထားတယ်ပေါ့နော။” လို့ KNPP အထွေထွေ အတွင်းရေးမှူး ဆရာရွှေမျိုးသန့် ကပြောပါတယ်။

အစိုးရနဲ့ KNPP အကြား ပုံမှန်တွေ့ ဆုံခြင်းဟာ ကောင်းမွန်တဲ့ လမ်းစဉ်တခုဖြစ်တယ်လို့ ကယားပြည်နယ် ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေး ကွန်ယက်က ဦးမာတီးယာကပြောပါတယ်။

“မဟုတ်ပဲနဲ့ဒီယန္တာရားကပျက်သွားမယ်ဆိုရင် လူထုကြားထဲမှာ ငြမ်းချမ်းရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ လုံးဝပြတ်တောက်သွားနိုင်တယ်။ ပြီးတော့ ဒီနှစ်ဖက်ကြားမှာဆက်ဆံရေးကလည်း ပိုဝေးသွားနိုင်တဲ့အခြေအနေမျိုးဖြစ်သွားနိုင်တယ်ပေါနော်” လို့ ဦးမာတီးယာကဆက်ပြောပါတယ်။

လက်ရှိမှာ တပ်မတော်အပါအင် ကေအဲန်ပီပီ၊ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူတွေက ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ထပ်တိုက်တွေ့ဆုံဖို့လိုသလို ဆွေးနွေးမှုများလေလေ တစ်ဖက်နဲ့တစ်ဖက် ပိုမိုရင်းနှီးပြီး ယုံကြည်မှုတစ်စုံတစ်ရာတည်ဆောက်နိုင်မယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး ၂ မူအင်နိုးဆင့်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“အခုကမတွေ့ဖြစ်ကြဘူး ပြီးတော့ အပစ်ခတ်ရပ်စဲရေး ပြည်နယ်အဆင့် စာချုပ်တွေကိုလည်း လိုက်နာတဲ့ဟာ အားနည်းနေသေးတယ်ပေါ့နော ဒါကတော့ ငြိမ်းချမ်းရေးကိုထိန်းသိမ်းနိုင်တဲ့အဆင့်အထိတော့ မဟုတ်သေးဘူးပေါ့နော ပြောလို့မတတ်ဘူး ဒီထက်ပိုပြီးဆိုးလာလို့ရှိရင် မငြိမ်းချမ်းတဲ့ ဒဏ်ပြန်ခံစားရမှာကိုလည်း စိုးရိမ်နေတယ်ပေါ့နော။ ဆိုတော့ထိန်းသိမ်းနိုင်ဖို့အတွက်ဆိုရင် အနေအထားတစ်ခုအရ NCA ထိုးတဲ့အဆင့်ထိမရောက်သေးတာတောင်မှ ပြည်နယ်မှာရှိတဲ့အဓိကသူတွေက အချင်းချင်းတွေ့ဖို့လိုတယ်ပေါ့နော” လို့ မူအင်နိုးဆင့်က ပြောပါတယ်။

ပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ၂၀၁၉ခုနှစ်အတွင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ တို့ဟာ ၂၀၁၉ခုနှစ် မေလ ၆ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးမှုတစ်ကြိမ်ရှိခဲ့ပြီး လစဉ်တွေ့ဆုံမှုကို ဇူလိုင်လ ၂၀ရက်နေ့မှာတစ်ကြိမ်၊ ဒီဇင်ဘာလ ၉ရက်နေ့မှာတစ်ကြိမ် နောက်ဆုံး တွေ့ဆုံခဲ့ဖူးတယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts