spot_imgspot_imgspot_imgspot_img
Tuesday, January 21, 2025
spot_imgspot_imgspot_imgspot_img

ပြည်နယ်အစိုးရမှ ကရင်နီလူငယ် ၆ ဦးကို ပြင်ဆင်ချက်တက်တဲ့ အမှုကို ကြားနာပွဲပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အလုပ်နှင့်ထောင်ဒဏ် ၆လ ချမှတ်ခံရတဲ့ ကရင်နီလူငယ် ၆ဦးကို ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြင်ဆင်ချက် ထပ်တက်ထားတဲ့အတွက် ၎င်းပြင်ဆင်ချက်နှင့်ပတ်သက်ပြီး ဒီဇင်ဘာလ ၆ရက်နေ့မှာ လွိုင်ကော် ခရိုင်တရားရုံးမှာ ကြားနာပွဲ ပြုလုပ်ခဲ့ပါတယ်။

“တရားလိုဖက်က ပြင်ဆင်မှုတက်တဲ့အပေါ်မှာ ကျတော်တို့လာပြီးတော့ ပါဝါတင်တာပေါ့နော။ ကျတော် ဦးစောခူးတလေ (တရားလွှတ်တော်ရှေ့နေ)ရယ် ဆရာမဒေါ်ခင်မိုးမိုး (တရားလွှတ်တော်ရှေ့နေ)ရယ် ကျတော်တို့ ပါဝါဂျွိုင်း(join) ပြီးတော့မှ ခုခံဖို့ ပြင်ဆင်ထားပါတယ်။ အခုတော့ ဒီရုံးချိန်းမှာတော့ ပါဝါတင်ရုံပဲဖြစ်တယ်” လို့ ကရင်နီလူငယ်ဖက်မှ အမှုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးစောခူးတလေ ကပြောပါတယ်။

နောက်လာမယ့် ဒီဇင်ဘာလ ၂၀ရက်နေ့မှာ ရုံးချိန်း ချိန်းဆိုထားပြီး နှစ်ဖက်ရှေ့နေတွေက ပြင်ဆင်ချက်တွေကို လျှောက်လဲချက်ပေးမယ်လို့ သိရပါတယ်။

ပြည်နယ်အစိုးရက ၎င်းတို့ ထပ်တက်ထားတဲ့ ပြင်ဆင်ချက်ကို ပြန်ရုပ်သိမ်းဖို့ ဥပဒေဖက်ကနေ လျှောက်ထားတာရှိတယ်လို့ ရှေ့နေ ဦးစောခူးတလေက ထပ်ပြောပါတယ်။

ရှေ့နေဦးစောခူးတလေက “ ဒီရက် တရားသူကြီးပြောပြတာကတော့ ဒီပြင်ဆင်မှုကို ပြန်ရုပ်ဖို့ ဒီဥပဒေဖက်နေ လျှောက်ထာားတာရှိပါတယ်။ ဒီဟာကို ၂၀ရက်နေ့ ကြားနာပြီးတဲ့နောက်ပိုင်းမှာ ရုတ်သိမ်းခွင့်ပြုမပြုဆိုတဲ့ဟာကို ဥပဒေက စီစဉ်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်” လို့ ပြောပါတယ်။

ပြည်နယ်အစိုးရမှ နိုင်လွတ်လုံ ပုဒ်မ၁၀ ဖြင့် တရားစွဲဆိုခဲ့တဲ့ လူငယ်၆ ဦးကို လွိုင်ကော်မြို့နယ်တရားရုံးက နိုဝင်ဘာလ ၇ ရက်နေ့မှာ အလုပ်နဲ့ထောင်ဒဏ် ၆လချမှတ်လိုက်ပြီးဖြစ်ပေမယ့် ပြည်နယ်ဝန်ကြီးချုပ်ကနေ မကျေနပ်တဲ့အတွက် ထောင်ဒဏ် တစ်နှစ် ထပ်မံချပေးဖို့အတွက် ပြင်ဆင်ချက် ထပ်တက်ထားတတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်နဲ့ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်စီမံဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်တို့ကို ကရင်နီအမျိုးသား သစ္စာဖောက်များ၊ သွေးစည်းချစ်ကြည်ရေး၏ရန်သူများအဖြစ် မတ်လ ၂၅ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာကြောင့် ပြည်နယ်အစိုးရကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နောင်က တရားလို ပြုလုပ်ပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီရက် ရုံးချိန်းကိုတော့ ကရင်နီလူငယ် ၆ဦးအနက် နိုဝင်ဘာလ ၂၅ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတဲ့ ခူးကြူးဖဲကေး(ခ) ဂူးဂူး တစ်ဦးသာ ရုံးချိန်းကိုလာရောက်ခဲ့ပြီး ကျန်ရှိတဲ့ လူငယ် ၅ ဦးတော့ လက်ရှိ လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျနေတာ ဖြစ်တဲ့အတွက် လာရောက်ဖို့မလိုကြောင်း သိရပါတယ်။

ဒီဇင်ဘာလ ၁၃ရက်နေ့မှာ အကျဉ်းကျနေတဲ့ လူငယ် ၅ ဦးက ပြန်လည်လွတ်မြောက်လာတော့မှာပဲ ဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts