spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပြည်နယ် ငြိမ်းချမ်းရေး၊ ဖွံဖြိုးရေးနှင့် ဒေသခံတိုင်းရင်းသားပါတီများအား ဝိုင်းရံရေး

Author

Date

Category

၂၀၂၀-ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားဝင်ထုတ်ပြန်ခဲ့ပြီးသည့်အချိန်မှစတင်၍ တရားဝင်၊ တရားမဝင် မဲဆွယ်လှုပ်ရှားမှုများ စတင်နေကြပြီ ဖြစ်သည်။

အံ့မခန်း စိတ်ဝင်စားဘွယ်ကောင်းသည်မှာ မိမိနှင့် နိုင်ငံရေးအမြင်၊ အယူအဆ၊ သဘောထားများ နှစ်ပေါင်း (၃၀) ကျော် ခံယူချက် တူညီခဲ့သည့်သူများ၊ လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက်ဟု ထင်မှတ်ခဲ့ရသူများနှင့်ပင် ချဉ်းကပ်သုံးသပ်သည့်အမြင် သဘောထားများ သိသိသာသာ ကွဲလွဲနေကြ၏။

တစ်ချို့ဆိုလျှင် နိုင်ငံသားတစ်ဦးခြင်းစီ၏ နိုင်ငံသားအခွင့်အရေးများကိုပင်လျှင် ထိပါးစော်ကား
ရေးသားတိုက်ခိုက် နေကြသည်ကို တွေ့နေရသည်။

မိမိတို့ ပရဟိတလုပ်ငန်းဆိုသည်မှာ “ ရန်သူနည်းစေ၊ မိတ်ဆွေမြဲစေ” ဆိုသည့် သဘောတရားကို လက်ဝယ်ပိုင်ပိုင် စွဲကိုင်ထားရာ မိမိတို့၏ ရှိရင်းပင်ကိုယ်ဗီဇများကို ထိမ်းချုပ် မြိုသိပ်ထားခဲ့ရသည်များလည်းရှိခဲ့သည်။

အတွေးအခေါ်၊ ဗဟုသုတ၊ အတွေ့ အကြုံနည်းပါးသည့် ဌာနေတိုင်းရင်းသား ဒေသခံပြည်နယ်သူ ပြည်နယ်သားများကို အောက်လမ်းနည်းပေါင်းစုံဖြင့် မဟုတ်မမှန်သည့် သတင်းအချက်အလက်များ၊ ပုံဖျက် မှုများ၊ ခြိမ်းခြောက်မှုများနှင့် မဲဆွယ်လှုံ့ဆော်နေကြသည်ကို တွေ့မြင်နေရသည်။

အဓိကအားဖြင့် အခြေအမြစ်မရှိသော ” တိုင်းရင်းသားပါတီတွေက အစိုးရမဖွဲ့နိုင်ပါဘူး” “စစ် အာဏာရှင်လက်အောက် ပြန်ရောက်သွားမယ်”၊ “စစ်သားလူထွက်တွေပါတဲ့ ပါတီကို မဲမပေးနဲ့” စသည့် ပြောဆိုစည်းရုံး လှုံ့ဆော်မဲဆွယ်မှုများသည် ဒေသခံတိုင်းရင်းသား ပြည်သူများအကြား ထွေပြား ဝေဝါးစေသော်လည်း၊ အမှန်စင်စစ် တပ်မတော်အရာရှဟောင်းများ၊ အများစုပါခဲ့သည့်ပါတီမှာ မည့်သည့်ပါတီဖြစ်သည်ကို ဒေသခံများ ရှင်းရှင်းလင်းလင်း သိရှိနားလည်နေကြပြီဖြစ်သည်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) စတင်ဖွဲ့စည်းခဲ့စဉ်က တပ်မတော်မျိုးချစ်ရဲဘော်ဟောင်းများ အစုအဖွဲ့သည် အဓိက အခန်းကဏ္ဏမှ ပါဝင်ခဲ့ကြပေသည်။

ပါတီဦးဆောင်မှုကို ယခင် အချိန်ကတည်းကပင် ဦးဆောင်ခဲ့ကြောင်းနှင့် ယနေ့အချိန်ထိတိုင် NLD ၏
အဓိကဦးဆောင်သူများထဲတွင်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးတင်ဦးကဲ့သို့ ပုဂ္ဂိုလ်များပါဝင်လျက်ရှိနေပြီး ပါတီတွင်း သြဇာကြီးမားလှသည့် ဗိုလ်ကြီးဟောင်းဦးဝင်းထိန်တို့ ပါဝင်နေကြသည်ဟု နားလည်ထားကြသည်၊၊

တပ်မတော်အရာရှိဟောင်းများ ဦးဆောင်မှု၌ ပါဝင်နေသည်ကို၊ ပြည်နယ် အခြေပြု NLD ပါတီခေါင်းဆောင်များမှ သိုဝှက် ဖုံးကွယ်ထားချင်ပုံရသည်။

မြန်မာနိုင်ငံ တစ်ဝှမ်းလုံး မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်များတွင် ဗိုလ်ချုပ်ကြီးတင်ဦးပုံကို အသုံးပြု ခဲ့ကြသော်လည်း ကယားပြည်နယ်တွင် (မယ်စဲမြို့နယ်) မှအပ အခြားမြို့နယ်များ၏ ပါတီစည်းရုံးရေး ဆိုင်းဘုတ်များတွင် အသုံးပြုမထားသည်ကို တွေ့ရှိရပေသည်။

နိုင်ငံရေးပါတီများအနေနှင့် မဲဆွယ်စည်းရုံးရေးကာလများတွင် ရိုးရိုးသားသားဖြင့် ယှဉ်ပြိုင်သင့်ကြသည်။ အခြားတိုင်းဒေသကြီးများတွင် ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက် လုပ်ရပ်များ၊ ဆူပူလှုံ့ဆော်မှုများ၊
ကရင်နီပြည်နယ်အတွင်း ကူးစက်မလာစေချင်ပါ။

ပါတီ တာဝန်ရှိသူများအနေနှင့် မိမိအား ဝန်းရံထောက်ခံသူများနှင့် ပါတီဝင်များကို စနစ်တကျ လမ်းညွန်မှုများ ပြုလုပ်သင့်ပေသည်။ မိမိပါတီ အသာရလိုမှုထက် ဒေသတွင်း စိတ်ဝမ်း ကွဲမှုများ၊ ညီညွတ်ရေးထိခိုက်စေမှုများနှင့် စေ့ဆော်လှုပ်ရှားမှုများကိုလည်း ဝိုင်းဝန်း ကာကွယ် ထိန်းသိမ်းသင့်သည်။

တိုင်းရင်းသားဒေသများ၌ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံ ကိုယ်တိုင်မြင်တွေ့ခဲ့ရ ဖူးသည်။ မြင်တွေ့နေရဆဲလည်းဖြစ်၏။ တိုင်းရင်းသူအမျိုးသမီးများ ကျည်ကွယ်မျက် ကွယ်ရာ ပုန်းအောင်းရင်း မီးဖွားခဲ့ရသူများ၊ သေဆုံးခဲ့သူများ တွေ့ဖူးကြမှာပါ။

တိုင်းရင်း သားကလေးငယ်များ စစ်ဘေးရှောင်ရင်း ကျောက်ဂူများအတွင်း၊ လျှိုမြှောင်များကြား၊ ချောင်းဘေးများနှင့် သစ်ပင်ကြီးများအောက်တွင်၊ စာသင်နေကြရသည်ကို ကိုယ်တိုင် တွေ့မြင်ရသည့်အခါ
နာကျင်ကြေကွဲစရာများမှာ မခံစားနိုင်လောက်အောင် ထိခိုက် ရင်နာရပါသည်။ မိမိကိုယ်တိုင်လည်း စာသင်ပေးခဲ့ဖူး၏။

ဗုဒ္ဓဘာသာဝင်မဟုတ်သည့် ဘာသာဝင် စစ်ဘေးရှောင်များ သစ်ပင်ကြီးကြီးများအောက်၊ လျှိုမြှောင်များကြားနှင့် သဘာဝကျောက်ဂူများအတွင်း ဘုရားဝတ်ပြုနေကြသည့် မြင်ကွင်းများမှာ အံဩမှင်သက် မိစေပါသည်။

တိုင်းရင်းသားဒေသများ၏ သဘာဝသယံဇာတ၊ အရင်းအမြစ်များကို ဒေသခံများ အနေနှင့် ပြည့်ပြည့်ဝဝ အကျိုးမခံစားရသည့်အထဲ မတရားမြေယာသိမ်းခံနေရမှုများနှင့် စီးပွားရေးအင်ပါယာချဲ့ထွင်မှုများ၊
လူမျိုးရေး ခွဲခြားဆက်ဆံခံရမှုများ ရှိနေသေးသည်။

တိုင်းရင်းသားဒေသများမှာ ဖွံ့ဖြိုးတိုးတက်သင့်သလောက် မတိုးတက်ဘဲ ပညာရေး၊ ကျန်းမာရေးနှင့်
ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများ နှောင့်နှေးလျက်ပင် ရှိနေသေးသည်ဟု အများက ယုံကြည်နေကြသည်။ နိုင်ငံရေးနယ်ပယ်မှ အသံတစ်ချို့ကြားလိုက်မိ၏။

မြန်မာနိုင်ငံအနေနှင့် ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရန် အဆင်သင့်မဖြစ်သေးဆိုသော အာဘော်ပင်။ သို့ဆိုလျှင် ပါတီတစ်ခုတည်း အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ တရားစီရင်ရေးများ ဆောင်ရွက် နိုင်ပြီလော၊ အဆင့်သင့်ဖြစ်နေပြီလော မေးခွန်းထုတ်စရာရှိလာသည်။

ပါတီတစ်ခုတည်း အာဏာကိုင်စုပ် အုပ်ချုပ်စီမံနိုင်ရန်မှာ ပါတီခေါင်းဆောင်တစ်ဦးခြင်းစီနှင့် လွတ်တော်
ကိုယ်စားလှယ် တစ်ဦးခြင်းစီတို့၏ အရည်အချင်း လုံလောက်ပြည့်ဝရန် လိုအပ်ပေ လိမ့်မည်။

နိုင်ငံရေးဝမ်းစာ ကုံလုံပြည့်ဝရေးသည် အရေးပါသည့် ပဓာနကျမှုဖြစ်သည်။ လူ့အခွင့်အရေး ၊ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသားအခွင့်အရေး၊ ဒုက္ခသည်အရေး၊ စစ်ဘေးရှောင်များအရေးနှင့် ရွေ့ပြောင်းအလုပ်သမားများ၏ အရေး ကိစ္စများကို နှံ့စပ်သိမြင်ဖို့လိုသည်ဟု မိမိအနေဖြင့် နားလည်ထားသည်။

မည်သို့သော အခြေအနေဖြစ်စေကာမူ တစ်ပါတီစနစ်နှင့် ပါတီကြီးဝါဒကို မကြိုက် နှစ်သက်ပါ၊ (လက်မခံနိုင်ပါ)။ ပါတီတစ်ခုတည်းအနေနှင့် မောင်းနှင်ချင်သလို မောင်းနှင် လို့ မရအောင် (ထင်ရာစိုင်းလို့မရအောင်)၊ ပါတီစုံဒီမိုကရေစီစနစ် ဖြစ်စေချင်သည်။ တိုင်းရင်းသားပါတီများ လွှတ်တော်အသီးသီးတွင် ပါဝင်စေချင်၊ ပါ၀င်သင့်၏။ ယင်းတို့ နယ်မြေဒေသ၏ ပြဿနာများကို ယင်းတို့ကဲ့သို့ မည်သူမှမသိရှိနိုင်ပါ။ ယင်းတို့ဒေသကို ယင်းတို့ထက် မည်သူမှမချစ်နိုင်ပါ။ မည်သူမှ စေတနာမရှိနိုင်ပါ။ ယင်းတို့ ဒေသကို
ယင်းတို့ကို အုပ်ချုပ်စေချင်သည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုင်းရင်းသားကိုယ် စားလှယ်များအနေနှင့်လည်း စေတနာ ရှေ့ထား၍ စနစ်တကျ လုပ်ဆောင်နိုင်မည်ဟုလည်း ယုံကြည်သည်။

ယင်းတို့သည်လည်း တစ်စုံတစ်ရာ အတွေ့အကြုံရှိကြသူများ ဖြစ်သည်။ ပြည်ထောင်စုပါတီကြီးများမှ
ဝင်ရောက်အရွေးခံသည့် ဒေသခံလွှတ်တော် အမတ်များသည် မိမိတို့ ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်ချင်သော်ငြားလည်း၊ ပါတီဗဟို၏ ဉီးစီးထိမ်းချုပ်မှု လိုအပ်သည်ထက်ကြီးမားနေပြန်သည်။

ဗဟိုက ညွန်ကြားချက်အတိုင်း လုပ်ကိုင်ကြရ၏။ မိမိတို့ လုပ်ချင်၊ကိုင်ချင်၊ လုပ်နိုင်ကိုင်နိုင်သလောက်
လူထုအတွက် မလုပ်ပေးနိုင်ဟု မြင်မိသည်။

လွှတ်တော်တွင် အဆိုတင်သွင်းသည့် ကိစ္စရပ်များကိုပင် ပါတီဗဟိုမှ ခွင့်ပြုမှသာ တင်သွင်းခွင့်ရသည့် အခြေအနေအောက်တွင် ရှိနေသည်။

တိုင်းရင်းသားများအနေနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရပေမည်။ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကို မြင်တွေ့ချင်မိသည်။ ပြည်နယ်များကို လက်ရှိအခြေအနေ ထက် ဖွံ့ဖြိုးတိုးတက်စေချင်သည်။

မိမိအနေနှင့် နှစ်ပေါင်းများစွာ လေ့လာဖြတ်သန်းမှုမှ ရရှိခဲ့သည့်အသိနှင့် ယုံကြည်ချက်ကို သစ္စာမဖောက်ချင်သည့်အတွက် ဒေသခံတိုင်းရင်း သားနိုင်ငံရေးပါတီများကို ယုံယုံကြည်ကြည်နှင့် ဝိုင်းရံသွားသင့်သည်ဟု ရိုးသားစွာ ယုံကြည်ရင်းစွဲထားရှိသည်။

ကယား (ကရင်နီ) ပြည်နယ်တွင်း စစ်မှန်သည့် ငြိမ်းချမ်းရေး၊ လူငယ်များ ပညာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ တိုင်းရင်းသား စာပေ၊ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများ ထိမ်းသိမ်းနိုင်ရေး၊ အကျင့်ပျက်ချစား၊ အဂတိလိုက်စားမှုများ ထိမ်းကျောင်းနိုင်ရေးနှင့် လူငယ်များ၏ အနာဂတ် အိပ်မက်များ လှပဝေဆာစေရေးတို့အတွက်၊ ပြည်နယ်အခြေစိုက် တိုင်းရင်းသားနိုင်ငံရေးပါတီများကို ပြည်နယ်သူပြည်နယ်သားများ၊ ဒေသခံပြည်သူပြည်သားများ အနေနှင့် ယုံယုံကြည်ကြည် ရွေးချယ်ဆန္ဒပြုသင့်ပါကြောင်း ဖော်ပြလိုက်ရပေသည်။

(ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ် ရေးသားသည်။)

spot_img
spot_img

Recent posts