spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပြောင်းဝယ်သူမရှိလို့ လွိုင်ကော် ပြောင်းစိုက် တောင်သူတွေအရှုံးပေါ် နေ

ကန္တာရဝတီတိုင်း(မ်)

တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ပြောင်းဝယ်ယူသူတွေ မရှိတော့တဲ့အတွက် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက ပြောင်းစိုက်တောင်သူတွေ အရှုံးပေါ်နေကြတယ်လို့ ဒေသခံပြောင်းစိုက်တောင်သူတွေက ပြောပါတယ်။

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလကစပြီး လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြောင်းအရောင်းအဝယ် အားလုံးရပ်ဆိုင်းခဲ့ရပြီး ပွဲရုံတွေနဲ့ ပြောင်းပွဲစားတွေလည်း မရှိတော့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် နီးစပ်တဲ့ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့မှာ သွားရောက် ရောင်းချခဲ့ကြပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကစ ဆီဆိုင်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ပြောင်းဝယ်ယူသူတွေ မရှိတော့ဘူးလို့ ဒေသခံတောင်သူတစ်ဦးက ပြောပါတယ်။

“တောင်သူအတွက်က ဒီနှစ် သူတို့စိုက်ထားတဲ့ ပြောင်းဖူးတွေပေါ့နော ရောင်းပြီးတဲ့တောင်သူတွေရယ် မရောင်းရသေးတဲ့တောင်သူတွေလည်း ရှိသေးတာပေါ့။ ဒါပေမဲ့ ရောင်းပြီးတဲ့တောင်သူတွေက နည်းနည်းပဲရှိသေးတာပေါ့နော မရောင်းရသေးတဲ့တောင်သူ အများစုက ကျန်နေသေးတယ်။ တချို့ဆို ချွေပြီးပြီ သွားမရောင်းသေးတဲ့တောင်သူတွေလည်း အများကြီးကျန်တာပေါ့။ ဘာကြောင့်လဲဆိုရင်တော့ ပြီးခဲ့တဲ့တလော ရှမ်းပြည် ဆီဆိုင်ဖက်မှာ တိုက်ပွဲတွေရှိနေတော့ ဝယ်တဲ့ပြောင်းဒိုင်တွေကလည်း လမ်းအခြေအနေကြောင့် အခြေအနေကြောင့်ပေါ့နော ပွဲရုံအကုန်ပိတ်လိုက်တော့ မရောင်းရတဲ့တောင်သူအတွက် ဒုက္ခရောက်ကုန်တာပေါ့။” လို့ ဒေသခံတောင်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလကစပြီး ပြောင်း (အစို)၊ (အခြောက်) ကို စတင်ရောင်းချကြတယ်လို့ သိရပါတယ်။ လွိုင်ကော်အရှေ့ဘက်ခြမ်းက တောင်သူအများစုဟာ အဓိက ဝင်ငွေအဖြစ် ပြောင်းကို စိုက်ပျိုးကြတယ်လို့ ဆိုပါတယ်။ ပြောင်းမျိုးစေ့၊ ဓတ်မြေဩဇာ၊ ထွန်ယက်စိုက်ပျိုးတဲ့ ကုန်ကျစရိတ်တွေကို ငွေကြေးမတတ်နိုင်တဲ့တောင်သူတွေက ချေးငှားပြီး စိုက်ပျိုးကြရတာကြောင့် ပြောင်းမရောင်းရတဲ့အတွက် အခက်အခဲကြုံတွေ့နေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ပြောင်းဈေး (အခြောက်) တစ်ပိဿာ (၁၀၀၀) ဝန်းကျင်အထိ ပေါက်ဈေးရှိခဲ့ပြီး ဒီနှစ်မှာတော့ ပြောင်းပေါက်ဈေး (အစို) တစ်ပိဿာ ၆၅၀ ကျပ်၊ (အခြောက်) တစ်ပိဿာ ၈၅၀၊ ၉၀၀၊ ၁၀၀၀ ဝန်းကျင် စတဲ့ပေါက်ဈေးရှိတာကြောင့် တောင်သူတွေဟာ ပြောင်းကို ပိုမိုစိုက်ပျိုးလာကြတယ်လို့ ဆိုပါတယ်။

“တချို့တောင်သူတွေက ပြီးခဲ့တဲ့နှစ်စိုက်သလိုမျိုး ဒီနှစ်လည်း ဈေးကောင်းရမယ်လို့ ထင်ပြီးမှ ပြောင်းတွေတကုန်စိုက်ကြတာပေါ့။ စိုက်ပြီးမှ တချို့ဆို တစ်အိမ်ကို ၁၀ထုပ်ကျော်၊ အထုပ် ၂၀ စိုက်ကြတော့ အများကြီးပေါ့။ တချို့က မြေဩဇာဖိုး၊ မျိုးစေ့ဖိုးတွေ အကြွေးနဲ့ဝယ်ကြတဲ့တောင်သူတွေလည်းရှိတယ်။ သူတို့ရဲ့ဝင်ငွေ အဓိကကလည်း ပြောင်းပေါ်မှာပဲပေါ့နော။ တောင်သူတွေက အဲ့ဒီကနေပဲ ပိုက်ဆံမှီခိုကြတာပေါ့။ ပြောင်းတွေမရောင်းရဘူးဆိုရင်လည်း စောနက သူတို့ယူထားတဲ့ မဆပ်နိုင်ဘူးပေါ့ အခက်အခဲတွေတော့ ကြုံရတာပေါ့။” လို့ အဆိုပါဒေသခံ တောင်သူတစ်ဦးက ဆက်ပြောပါတယ်။

ပြောင်းမျိုးစေ့ တစ်ထုပ်ကို တစ်သိန်းဝန်းကျင် နဲ့ ပေးဝယ်ရပြီး ပြောင်းစိုက်ပျိုးတဲ့ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက တောင်သူတစ်မိသားစုဟာ ၁၀ထုပ် နဲ့ အထက် စိုက်ပျိုးကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြောင်းမရောင်းရသေးတဲ့ တောင်သူတစ်ဦးဟာ ၁၅သိန်းဝန်းကျင် အရှုံးပေါ်နေကြတာဖြစ်ပါတယ်။

လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက တောင်သူတွေဟာ ပြောင်းကို ဝင်ငွေရသီးနှံအဖြစ် နှစ်စဉ်စိုက်ပျိုးကြတယ်လို့ သိရပါတယ်။ စပါးစိုက်ပျိုးမှုလည်းရှိပြီး စားဆီကြိတ်ဖို့အတွက် မြေပဲ၊ နေကြာ အနည်းငယ် စိုက်ပျိုးထုတ်လုပ်ကြတယ်လို့ ဆိုပါတယ်။

spot_img
spot_img