spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖက်ဆစ်စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ဖို့ ဆန့်ကျင်တွန်းလှန်တိုက်ပွဲဝင်သွားမယ်လို့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစု (၆)ဖွဲ့ ပူးတွဲကြေညာ

ကန္တာရဝတီတိုင်း(မ်)

ဖက်ဆစ်စစ်အာဏာရှင်စနစ်အမြစ်ဖြတ်မယ့် ပြည်သူ့တော်လှန်ရေးကို အမြန်ဆုံးအောင်မြင်အောင် ညီညီညွတ်ညွတ် မဆုတ်မနစ် ဆန့်ကျင်တွန်းလှန်တိုက်ပွဲဝင်သွားမယ်လို့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစု ၆ ဖွဲ့က ဒီကနေ့ (ဇူလိုင်လ ၂၆ရက်) ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီအင်အားစု ၆ ဖွဲ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါဝင်ပါတယ်။

ထုတ်ပြန်ချက်မှာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုနဲ့ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ အုပ်ချုပ်ရေး စစ်မျက်နှာစုံမှာ ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးကို အသုံးပြုဖို့လည်း တိုက်တွန်းထားပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီအင်အားစု ၆ ဖွဲ့ထဲက တစ်ခုဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အတွင်းရေးမှူး -၂ ဦးအောင်ဆန်းမြင့်က
“ ဒီထက်တော်လှန်ရေးကို အရှိန်မြင့်တင်ဖို့ပဲ ရှိပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျနော်တို့က ဒီနေ့ စစ်ကောင်စီနဲ့ ဘယ်လိုမှ ညှိ့နှိုင်းဆောင်ရွက်လို့ မရတဲ့ အခြေအနေမှာ ရှိတယ်ပေါ့နော။သူကတော့ အဆုံးစွန် လူထုအပေါ်မှာရက်စက်နေတာဖြစ်တဲ့အတွက် ကျနော်တို့က တစ်နိုင်ငံလုံးမှာရှိတဲ့ Stake holder တွေအားလုံးကနေပြီးတော့ တော်လှန်ရေးအရှိန်မြင့်တင်ဖို့ဆိုပြီးတော့ တိုက်တွန်းထားတာရှိတယ်။ ဆိုတော့ တော်လှန်ရေးအရှိန်ဆိုတာက ကျနော်တို့ ဒီနိုင်ငံရေးနည်းအရ ကျနော်တို့ လုပ်တာရှိတယ်။ သံတမန်နည်းအရလုပ်တာရှိတယ်။ စစ်ရေးနည်းအရ ကျနော်တို့ လုပ်တာရှိတယ်။ နောက်ပြီးတော့ လူတစ်ဦးချင်းစီအနေနဲ့ ဒီတော်လှန်ရေးမှာ မိမိတတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ကြတာတွေလည်း ရှိပါတယ်။ ဆိုတော့ ဘယ်လိုပါဝင်ကြလဲဆိုတော့ ငွေအားဖြင့်သော်လည်းကောင်း လူအားဖြင့်သော်လည်းကောင်း ဒီတော်လှန်ရေးမှာ လိုအပ်တဲ့ ဒီဟာတွေကို ပံ့ပိုးပြီးတော့ ဒီတော်လှန်ရေးကို ပါဝင်ဆင်နွှဲတယ်လို့ ကျနော်တို့ အဲ့လိုပဲ ခံယူရပါတယ်။ အဲ့ဒီအတွက်ကြောင့်မလို့ ဒါတွေကို ကျနော်တို့ များများလေးပေါ့နော။ ဒီထက်ပိုပြီးတော့မှ ဆထက်တပိုးထပ်ပြီးတော့ ကျနော်တို့ လှုပ်ရှားကြဖို့ လိုတယ်။ နောက်ပြီးတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့လည်း ဟန်ချက်ညီညီနဲ့ ကျနော်တို့ တော်လှန်ရေးကို အရှိန်မြင့်ဖို့လိုအပ်တယ်ဆိုတာကို ကျနော်တို့ တိုက်တွန်းသွားတဲ့ သဘောပါပဲ။” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို ဇူလိုင်လ ၂၄ရက်နေ့က ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးကြောင်း ထုတ်ပြန်ကြေညာခဲ့တာပါ။ အဲ့ဒီပြစ်ဒဏ်စီရင်မှုဟာ ပြဌာန်းသတ်မှတ်ထားတဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်မှု လုံးဝမရှိတဲ့ အကြမ်းဖက်မှုသက်သက်သာဖြစ်တယ်လို့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစု ၆ ဖွဲ့ က ပြောဆိုပါတယ်။

နိုင်ငံတကာကနေ မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ တရားမျှတတဲ့ ဥပဒေစိုးမိုးရေးရှိ၊ မရှိ စောင့်ကြည့်နေတဲ့ကြားထဲက ဒီလိုလုပ်ရပ်ကို ပေါ်ပေါ်ထင်ထင်လုပ်လိုက်တာက လူထုတွေကို ခြိမ်းခြောက်လိုက်တာဖြစ်ပေမယ့် လူထုတွေရဲ့ နားကျည်မှုကသာ ပိုတိုးလာမယ်လို့ ဦးအောင်ဆန်းမြင့်က ဆိုပါတယ်။

နိုင်ငံရေးပါတီများ၊ တော်လှန်ရေးအင်အားစု၊ ပြည်တွင်းပြည်ပရှိ ပြည်ထောင်စုဖွားအားလုံးကနေ အကြမ်းဖက်စစ်ကောင်စီနဲ့ ဖက်ဆစ်စနစ်ကို ညီညီညွတ်ညွတ်နဲ့ ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းပေါင်းစုံ နဲ့ အမြစ်ပြတ်တဲ့အထိ ပြတ်ပြတ်သားသားတော်လှန်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီခေါင်းဆောင်ကို အပြုသဘော ဆက်ဆံချဉ်းကပ်ခြင်းဟာ ပြေလည်စေမယ့် အဖြေဖြစ်နိုင်လိမ့်မယ်လို့ ယုံကြည်နေသူတွေအနေနဲ့လည်း သဘောထားအမှန်ကို နားလည်သဘောပေါက်သင့်ပြီလို့လည်းဆိုပါတယ်။

ဦးအောင်ဆန်းမြင့်က “ဒါကတော့ သူတို့ရဲ့ အဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်ပေါ့နော။ ဒါကလည်း ဒီနေ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒီလောက်ပေါ့ ဖြစ်ပျက်နေတဲ့အခြေအနေမှာ ကိုယ်ကျိုးပေါ့နော။ အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်ပြီး ကြည့်မယ်ဆိုလို့ရှိရင်တော့ ဒါကတော့ မြန်မာ့သမိုင်းမှာ ကျန်ရစ်နေမယ့် အရာဖြစ်တယ်ပေါ့။ ဒါကတော့ လူတစ်ဦးချင်းအနေနဲ့သော်လည်းကောင်း အဖွဲ့အစည်း တစ်ဖွဲ့ချင်းအနေနဲ့သော်လည်းကောင်း ဒါကတော့ ကိုယ့်သမိုင်းကို ရေးကြတာပါပဲလို့ ကျနော် ဒီလောက်ပဲ ပြောချင်ပါတယ်။” လို့ ပြောဆိုထားပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေ၊ မိတ်ဖက်နိုင်ငံအနေနဲ့ နိုင်ငံရေးနည်းလမ်းကို ငြင်းပယ်ထားတဲ့ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီကို အပြစ်ပေးအရေးယူနိုင်ရေး၊ ပိတ်ဆို့ဟန့်တားရေးနဲ့ တော်လှန်ရေးကို ဆင်နွဲနေတဲ့ ပြည်သူလူထု၊ အင်အားစုအားလုံးကို အဖက်ဖက်က ကူညီပံ့ပိုးရေးတို့ကို လက်တွေ့ကျကျ ထိရောက်စွာ အရှိန်မြှင့် ဆောင်ရွက်ပေးကြဖို့လည်း တောင်းဆိုထားပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီအင်အားစု ၆ ဖွဲ့ ရဲ့ ကြေညာချက်ဟာ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွေ ဆင်နွဲနေတဲ့ ဖက်ဆစ် စစ်အာဏာရှင်စနစ်ခြေလှန်ပစ်မယ့် ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲတွေရဲ့ ခရာတွတ်သံဖြစ်တယ်လို့ အသိပေးလိုက်တာပါ။

spot_img
spot_img