spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖခင်ဖြစ်နေသည့်အတွက် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စဖြေရှင်းဖို့ အခက်အခဲရှိဟု ဒေါ်အောင်ဆန်းစုကြည် မှပြောကြား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ရဲ့ဖခင်ဖြစ်တာကြောင့် ကရင်နီလူငယ်နှင့် ဖြစ်ပေါ်နေသည့် ကြေးရုပ်ပြသနာကို ဖြေရှင်းဖို့အခက်အခဲရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ကရင်နီလူငယ်အင်အားစုနဲ့တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

မနေ့က ကျရောက်တဲ့ ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ကို တက်ရောက်ပြီးနောက် ကယားပြည်နယ်အစိုးရ ဧည့်ရိပ်သာတွင် နိုင်ငံတော်အတိုင်ပင်ခံနှင့် ကရင်နီလူငယ်များတွေ့ဆုံမှုအပြီး နိုင်ငံတော်အတိုင်ပင်ခံက အခုလိုပြောခဲ့တာဖြစ်တယ်လို့လူငယ်များက ပြောဆိုလိုက်တာပါ။

ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ရဲ့ဖင်ဖြစ်လည်းဖြစ်၊ မိသားစုဝင်လည်းဖြစ်တာကြောင့် သူ့အနေနဲ့ကြေးရုပ်ထုကိစ္စကို ဝင်ရောက်ဖြေရှင်းဖို့အခက်အခဲရှိတာကြောင့် သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးနဲ့ကရင်နီလူငယ်တွေ တွေ့ညှိနှိုင်းဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ဆွေးနွေးပွဲမှာ ပါဝင် ကရင်နီလူငယ်တစ်ဦးဖြစ်သူ ပါစကွားလယ် (ခ) မျိုးလှိုင်ဝင်းက ပြောပါတယ်။

“ဗိုလ်ချုပ်ကြေးရုပ်ကိစ္စကတော့ နိုင်ငံတော်အတိုင်ပင်ခံက သူ့ရဲ့ဖခင်လည်းဖြစ်၊ မိသားစုဝင်လည်းဖြစ်တဲ့အတွက် သူကိုယ်တိုင်ဝင်ရောက်ဖြေရှင်းဖို့အခက်အခဲဖြစ်တယ်၊ မဖြေရှင်းလိုဘူးဆိုတဲ့ဟာပြောခဲ့တယ်၊ ပြည်ထောင်စုဝန်ကြီးနဲ့ကရင်နီလူငယ်အင်အားစုတွေတိုင်ပင်ပြီး ညှိနှိုင်းကြဖို့ညွန်ကြားခဲ့တယ်ပေါ့၊ ဆိုတော့ကြေးရုပ်ကိစ္စက အဲ့လောက်နဲ့ဘဲပြတ်သွားတယ်” လို့ ပါစကွားလယ် (ခ)မျိုးလှိုင်ဝင်းကပြောပါတယ်။

ကရင်နီလူငယ်တွေအနေနဲ့ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီး ဘယ်နေ့၊ဘယ်အချိန်မှာ ပြည်ထောင်စုအစိုးရနဲ့တွေ့ဆုံဖြေရှင်းမယ်ဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့လည်း ခူးပါစကွားလယ် (ခ) မျိုးလှိုင်ဝင်းကပြောပါတယ်။

“ ကျနော်တို့လူငယ်တွေဘက်ကတော့ ပြည်ထောင်စုအစိုးရနဲ့ဘယ်အချိန်တွေ့မယ်ဆိုတာ မဆုံးဖြတ်ရသေးပါဘူး” လို့ပြောပါတယ်။

မိနစ် ၃၀ ကျော်ကြာ တွေ့ဆုံဆွေးနွေးမှုမှာ ကရင်နီလူငယ်အင်အားစုဘက်က အချက်သုံးချက်တင်ပြဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ကယားပြည်နယ်မှာ မြေယာကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်သားများက တောင်သူ ၄၁ ဦးကို တရားစွဲဆိုထားတဲ့ကိစ္စကိုဖြေရှင်းပေးဖို့၊ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စကို ဖြေရှင်းပေးဖို့နဲ့ ကရင်နီလူငယ်တွေရဲ့အချက် (၆)ချက်ပါ တောင်းဆိုချက်ကို တင်ပြဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးချက်သုံးချက်ထဲမှာ တောင်သူတွေတရားစွဲခံရတဲ့ကိစ္စကို တစ်စုံတစ်ရာမျှော်လင့်လို့ရပေမဲ့ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ကရင်နီလူငယ်အင်အားစုရဲ့တောင်းဆိုချက် (၆) ချက်ကိုဆွေးနွေးရာမှာ အားရကျေနပ်မှုမရှိဘူးလို့လည်း လူငယ်တွေကပြောပါတယ်။

ကရင်နီလူငယ်တွေဘက်က ဗိုလ်ချုပ်ကြေးရုပ်ထုကို လက်ရှိနေရာကနေ ရွေ့ပြောင်းပေးဖို့တောင်းဆိုထားပြီး၊ ကရင်နီလူငယ်တွေဘက်က တောင်းဆိုတဲ့အချက် (၆) ချက်ထဲမှာ ကယားပြည်နယ်မှာ လူငယ်တွေအားလုံးစုစည်းနိုင်ဖို့ Youth Centre ( လူငယ်စင်တာ) တစ်ခုထားပေးဖို့၊ မျိုးနွယ်စုလူငယ်တွေဖြစ်တဲ့ ကယား၊ ကယန်း၊ ကယောစတဲ့လူငယ်တွေကို ပြည်နယ်အစိုးရက ငွေရေးကြေးရေးအရ တတ်နိုင်သလောက်ပံ့ပိုးပေးဖို့၊ ပြည်နယ်တွေမှာ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးဖို့၊ပြည်နယ်အစိုးရက ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့် ပုဒ်မ ၁၈၈ ကိုပြန်ရုတ်သိမ်းပေးဖို့၊ Youth Policy ( လူငယ်မူဝါဒရေးရာ) နဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ပေးဖို့စတဲ့အချက်တွေပါဝင်ပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၉ ခုနှစ်အတွင်း ကယားပြည်နယ်အစိုးရ၊ ကရင်နီလူငယ်အင်အားစု၊ ကယားပြည်နယ်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၊ NRPC စတဲ့အဖွဲ့တွေ အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်းခဲ့ပေမဲ့ပြေလည်မှုမရှိခဲ့သလို NLD ပါတီဒေါက်တာမျိုးညွန့်က ကြေးရုပ်ကိစ္စဟာ ပါတီမူဝါဒမဟုတ်ဘဲ ကယားပြည်နယ်အစိုးရ၏ အစီအစဉ်သာဖြစ်ကြောင်း မီဒီယာတွေမှာ တရားဝင်ပြောကြားခဲ့ပါတယ်။

ကြေးရုပ်ကိစ္စ ပဋ္ဋိက္ခအတွင်း ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲခဲ့ပြီး ရော်ဘာကျည်နဲ့ပစ်ခတ်တာကြောင့် ကရင်နီလူငယ်တွေအပါအဝင် ဒေသခံ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကြေးရုပ်ပြောင်းရွေ့ရေးလှုပ်ရှားမှုနဲ့ ဆက်စပ်ပြီး ကရင်နီလူငယ် (၆) ဦးကို ပြည်နယ်အစိုးရက နိုင်လွတ်လုံပုဒ်မ (၁၀) နဲ့တရားစွဲဆိုပြီး၊ လူငယ် (၆) ဦးဟာ ထောင် (၆) လချမှတ်ခံခဲ့ရပါတယ်။

spot_img
spot_img

Recent posts