spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ဒရယ်နှင့် ဘဏ္ဍာရေးစနစ်

Author

Date

Category

ကျော်စိုးသူ(Economic Development)ရေးသားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီပေါ်ပေါက်လာခဲ့သော ဖယ်ဒရယ်အစိုးရစနစ်မှာ (၇) နှစ်ကျော်ကာလ သက်တမ်းသို့ပင် ရောက်ရှိခဲ့ပြီ ဖြစ်ပေသည်။ ဒီနေရာမှာ တစ်ခုပြောလိုသည်က ဖယ်ဒရယ် စစ်၊ မစစ်ဆိုသည့် အကြောင်းကိစ္စမဟုတ်ဘဲ ပေးထားချက်များပေါ်တွင် တည်ဆောက်ရမည့် စနစ်ကိုသာ ဦးတည်ထောက်ပြလိုခြင်း ဖြစ်ပေသည်။

အကူးအပြောင်းကာလ ဖွဲ့စည်းတည်ဆောက်မူဆိုင်ရာ အားနည်းချက်များကလည်း ဖယ်ဒရယ်စနစ်နှင့် ဘဏ္ဍာရေးဆိုင်ရာများကို အားလျော့နည်းစေတာကို တွေ့ရပေသည်။ ထို့ကြောင့် အကူးအပြောင်းကာလအတွက် အရေးကြီးဆုံးဖြစ်သော ဖွဲ့စည်းတည်ဆောက် အုပ်ချုပ်မှု ပုံသဏ္ဍာန်များကို ဖယ်ဒရယ်ဒီမိုကရေစီစနစ်ဖြင့် ကိုက်ညီအောင် ပြုပြင်ပြောင်းလဲနိုင်ဖို့သည် အသွင်ကူးပြောင်းစနိုင်ငံများအတွက် အခြေခံအကျဆုံးသော အချက်ပင်ဖြစ်ပေသည်။

သို့မှသာ ၎င်းနှင့် ဆက်စပ်နေသော ဘဏ္ဍာရေးစနစ်များလည်း ပိုမိုအားကောင်းသက်ဝင်လာမည် ဖြစ်ပေသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ဒေသအစိုးရများ ကောက်ခံပိုင်ခွင့်ရှိသော ဇယား (၅)ပါ အခွန် (၁၉) မျိူး၊ အသစ်ပြင်ဆင် အတည်ပြုချက်အရ (၃၉) မျိူးရှိနေပြီဖြစ်သော်လည်း တကယ်တမ်းခွဲဝေကောက်ခံနေရသည့် ပမာဏမှာတော့ အနည်းငယ်ပင်ဖြစ်ပေသည်။

ဤနေရာတွင်ဇယား (၅)ပါ အခွန်ကောက်ခံနေသည့် ဌာနများမှာ ပြည်ထောင်စုဘတ်ဂျက်အောက်တွင် ရှိနေသလို ဝန်ထမ်းများမှာလည်း ပြည်ထောင်စု၏ စီမံခန့်ခွဲမှုအောက်တွင်သာ ဖြစ်နေကြပေသည်။ အချိူ့ဌာနများမှာတော့ ဇယား(၅)ပါ အခွန်များကို ပြည်ထောင်စုသို့သာ ပေးသွင်းနေကြဆဲဖြစ်တာကို တွေ့ရပေသည်။ ခေတ်အဆက်ဆက် ဖန်ရန်ပုံငွေကဲ့သို့ ဖြစ်နေသော ပွဲခွန်ရန်ပုံငွေဆိုလျှင် ရန်ပုံငွေသို့ ပေးသွင်းနေခြင်းသည် ဖယ်ဒရယ်စနစ်အတွက် စဉ်းစားသုံးသပ်ရမည့်အချက်များပင် ဖြစ်ပေသည်။

ဇယား(၅)ပါ အခွန်အခများ ကောက်ခံနေသော ဌာနများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခွဲဝေသတ်မှတ် ခြင်းကိုပင် အဓိကထားဆောင်ရွက်သင့်ပေသည်။ ဦးစီးဌာနပေါင်း ၁၇ဝ ကျော်ကို မည်သည့်ဌာနက ပြည်ထောင်စု၊ မည်သည့်ဌာနက ဒေသဟူသည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖယ်ဒရယ်စနစ်အပေါ် အခြေခံ၍ စနစ်တကျသတ်သတ်မှတ်မှတ် ခွဲဝေသင့်ပေသည်။ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အလျဉ်းသင့်သလို ထည့်သွင်းဖွဲ့စည်းတည်ဆောက်ထားသောစနစ်မှ ဦးဆောင်ကော်မတီတစ်ခုဖြင့် တိတိကျကျသတ်သတ်မှတ်မှတ် ခွဲဝေသင့်ပေသည်။

ထိုသို့ ပြည်ထောင်စုနှင့် ဒေသပါဌာနများကို သတ်သတ်မှတ်မှတ် ခွဲဝေပြီး နောက်တွင်လည်း ဘတ်ဂျက်ပိုင်းနှင့် စာရင်းအင်းပိုင်းများတွင် ရှုပ်ထွေးမှုမရှိအောင်လည်း လိုက်ပါဆောင်ရွက်ရပေမည်။ ပြည်ထောင်စုနှင့် ဒေသ နှစ်ဖက်ခွဲကာ ဘတ်ဂျက်တောင်းခံသုံးစွဲနေခြင်းများကို ရှောင်ကြဉ် သင့်ပေသည်။

သို့မှသာ လုပ်ငန်းများ ထပ်နေခြင်း၊ ဘတ်ဂျက်အလေအလွင့်များနှင့် စာရင်းအင်းစနစ်ရှုပ်ထွေးခြင်းနှင့် စာရင်းစစ်ဆေးမှုအပိုင်းများတွင် အဆင်ပြေအောင်မြင်လာနိုင်လိမ့်မည် ဖြစ်ပါသည်။ စာရင်းအင်းကိန်းဂဏန်းအချက်အလက်များ မှန်ကန်ရေးအတွက် ကော်မတီဖွဲ့၊ အစည်းဝေးများခေါ်ယူနေခြင်းထက် လက်တွေ့ကျကျ ဖြေရှင်းနိုင်မည့် နည်းလမ်းများပင် ဖြစ်ပေသည်။

ဇယား(၅) ပါ အခွန်(၃၉) မျိူးထဲမှ ပြည်ထောင်စုဌာနအများစုက ကောက်ခံနေသော တပ်တိုးအခွန်များကို သက်ဆိုင်ရာဒေသများသို့ မည်သည့် ရာခိုင်နုန်း၊ မည်သို့သော နည်းလမ်းများဖြင့် ခွဲဝေပေးမည် ဆိုသောအချက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖယ်ဒရယ်စနစ်အပေါ်အကျိုးသက်ရောက်မူ ရှိလာနိုင်ပေသည်။

ထို့ပြင်ခွဲဝေပေးထားသော အခွန်ဝေစုများ ၊ ထောက်ပံ့ငွေများ ဒေသအလိုက်ရရှိမှု ညီညွှတ်မျှတခြင်း ရှိ၊ မရှိ အစဉ်သုံးသပ်နေဖို့လိုသလို ခွဲဝေပေးလိုက်သော ရန်ပုံငွေများအပေါ်တွင် ထိရောက်စွာ အသုံးပြုခြင်း ရှိ၊ မရှိနှင့် စည်းမျဉ်းစည်းကမ်း ဥပဒေများနှင့် ညီမညီ ဆောင်ရွက်ခြင်း ရှိ၊ မရှိများကို အမြဲမပြတ်လေ့လာစောင့်ကြည့်ဖို့ အရေးကြီးမည်ဖြစ်ပါသည်။

လုပ်ပိုင်ခွင့်များ ခွဲဝေပေးသလို ပေးလိုက်သော လုပ်ပိုင်ခွင့်များအပေါ်တွင်လည်း ဥပဒေစည်းမျည်းစည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ကြဖို့အတွက်လည်း အရည်အသွေးမြှင့်တင်ရေး အခန်းကဏ္ဍကိုလည်း တပြိုင်တည်း ဆောင်ရွက်ပေးဖို့ လိုပါမည်။

ဖွဲ့စည်းပုံအခြေခံအရ ပေါ်ပေါက်လာခဲ့သော ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် ဒေသဝန်ကြီးများ၏ လုပ်ပိုင်ခွင့် အာဏာများကိုလည်း တိတိကျကျသတ်မှတ်ပြဋ္ဌာန်း ပေးဖို့ဆောင်ရွက်ရပါမည်။

နှစ်ပေါင်းများစွာ ဗဟိုချုပ်ကိုင်မှုနှင့် အစိုးရအဖွဲ့ တစ်ခုတည်းဖြင့်သာ အုပ်ချုပ်ခဲ့မှုများအပြင် အစိုးရအဖွဲ့များအတွက်သာ ထုတ်ပြန်ထားသော ဘဏ္ဍာရေးစည်းမျည်းစည်းကမ်းများကြောင့်လည်း ဖယ်ဒရယ်နှင့် ဘဏ္ဍာရေးစနစ်မှာ အချိုးညီခြင်း မရှိတာကို တွေ့ရပေသည်။

အကောင်းဆုံး အကြံပြုချင်တာကတော့ ဒေသအစိုးရအဖွဲ့များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို မကျော်လွန်ဘဲ ဌာနသီးသီးမှ လုပ်ငန်းကျွမ်းကျင်သူများဖြင့် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအတွက် သီးခြားရုံးအဖွဲ့များဖွဲ့ကာ ဆောင်ရွက်သင့်ပေသည်။ ထိုမှသာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်သည့် ဝန်ထမ်းများ ရရှိလာနိုင်မည်ဖြစ်သလို အစိုးရစနစ်နှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော ရွေးကောက်ခံများအတွက် များစွာ ထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

သို့မှသာ ဌာနတစ်ခုချင်းအလိုက် ပြုပြင်ပြောင်းလဲရမည့် အချက်များ ၊ ဖယ်ဒရယ်ဒီမိုကရေစီ စနစ်နှင့် ကိုက်ညီမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ဝန်ကြီး ၊ ဝန်ကြီးချုပ်များသို့ အနီးကပ်အကြံပြုပေးနိုင်ကြပါလိမ့်မည်။

အချုပ်အားဖြင့်ဆိုသော် ဖယ်ဒရယ်ဒီမိုကရေစီစနစ် အောင်မြင်ရန်အတွက် ဘဏ္ဍာရေးစနစ်က အရေးကြီးသလို ထိုဘဏ္ဍာရေးစနစ်နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသော ကဏ္ဍများ အောင်မြင်ရေးကလည်း အရေးကြီးပေသည်။

ထိုကဏ္ဍများအောင်မြင်ရေးအတွက် စုံညီသော ခေါင်းဆောင်များ၏ ဖယ်ဒရယ်စနစ် ၊ ဘဏ္ဍာရေးစနစ် ဥပဒေစည်းမျဉ်းစည်းကမ်းများအပေါ် လေးစားလိုက်နာမှု တန်ဖိုးထားဆောင်ရွက်မှုများကသာ အသွင်ကူးပြောင်းစနို်င်ငံ၏ ဖယ်ဒရယ်စနစ်နှင့် ဘဏ္ဍာရေးစနစ်များကို အောင်မြင်စေနိုင်မည့် အချက်ဖြစ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။

spot_img
spot_img

Recent posts