spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ချက်အပေါ် တစ်စုတစ်စည်းတည်းဖြစ်ဖို့လိုတယ်လို့ ( KSCC ) ကပြန်လည်တုန့်ပြန်

ကန္တာရဝတီတိုင်း( မ် )

ဖယ်ခုံမြို့ ကို ကရင်နီပြည်အတွင်းရှိ ဖယ်ခုံမြို့ လို့မသုံးစွဲဲဘဲ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံမြို့လို့ သုံးစွဲခေါ်ဝေါ်ပေးဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) လမ်းညွှန်မှုအရ ဖွဲ့စည်းထားတဲ့ ဖယ်ခုံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က မေလ ၉ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီလိုထုတ်ပြန်ထားချက်အပေါ်မှာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC ) အနေနဲ့စတင်ဖွဲ့စည်းချိန်က မိုးမြဲနယ်လည်းပါဝင်ခဲ့တာဖြစ်တဲ့အတွက် စစ်အာဏာရှင်ကို တော်လှန်နေချိန်မှာ တစ်စုတစ်စည်းတည်းဖြစ်နေဖို့လိုတယ်လို့ ဒီထုတ်ပြန်ချက်အပေါ်မှာ အခုလို ပြန်လည်တုန့်ပြန် ပြောဆိုလိုက်ပါတယ်။

“ ကျနော်တို့ KSCCဖွဲ့စည်းတုန်းကတော့ မိုးဗြဲနယ်အပါအဝင် ကျနော်တို့ ဖွဲ့စည်းထားတာရှိတယ်ပေါ့လေ။ ဆိုတော့ ကျနော်တို့ဖြစ်သင့်တာကတော့ KSCCရဲ့ စုဖွဲ့မှုအောက်မှာ ပါဝင်လို့ရှိရင်တော့ ပိုပြီးတော့ သင့်တော်မလားပေါ့။ အဲ့လိုမျိုးတော့ မြင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ သူတို့က ပြည်သူ့ရဲ့ ဆန္ဒသဘောထားပေါ်မှာ ခံယူပြီးတော့ ပါဝင်သင့် မပါဝင်သင့်ဆိုတာ ဆုံးဖြတ်မယ်လို့ ။ ဒါကတော့ လာမယ့် ဖရယ်ဒရယ် စနစ်ကို သွားမယ့် အချိန်ကျမှ ဖြစ်မှာပေါ့။ ဒီတော်လှန်ရေး ကာလမှာ တစ်စုတစ်စည်း တည်း အာဏာရှင်ပြုတ်ကျအောင် တော်လှန်နေတဲ့အချိန်ကာလမှာတော့ ကျနော်တို့ ညီညီညွှတ်ညွှတ်နဲ့ တစ်စုတစ်စည်းတည်း ကျနော်တို့သွားနိုင်လို့ရှိရင်တော့ ပိုကောင်းတယ်။ ” လို့ KSCC ပညာရေးကော်မတီဝင် ခူပလူးရယ်က ပြောပါတယ်။

( KSCC )ကို စတင်ဖွဲ့စည်းတဲ့အချိန်တုန်းကတော့ ကန္ဒာရဝတီ၊ ဘောလခဲ၊ ကေးလျား နဲ့ မိုးဗြဲ နယ်လေးနယ်ကို အခြေခံပြီးတော့ ဖွဲ့ထားတာဖြစ်တယ်လို့ဆိုပါတယ်။

အခုလို ဖယ်ခုံမြို့ ကို ရှမ်းပြည်နယ်တောင်ပိုင်းထဲ ထည့်သွင်းသုံးစွဲတာဟာ မဖြစ်သင့်သလို ကရင်နီပြည်ကို ထပ်ခွဲလိုက်သလို ဖြစ်တယ်လို့ ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ခွန်းမားရ်ကိုဘန်က သုံးသပ်ပါတယ်။

“ အခုက တော်လှန်ရေးအရ ဖွဲ့ထားတဲ့ ဟာဖြစ်ပြီးတော့ ဒါက ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ဆိုတာကို မသုံးသင့်ဘူး။ အနည်းဆုံးတော့ ဘာဖြစ်လဲဆိုရင် အဲ့မှာက ဒီဟာက ဖယ်ခုံမြို့နယ်ရဲ့ အုပ်ချုပ်ရေး အဲ့လိုပဲ သုံးရင် တစ်မျိုး။ အခုက အဲ့လိုသွားသုံးတာက ကျနော်တို့ တော်လှန်ရေးနဲ့ ကျနော်တို့ ကရင်နီပြည်သူ သဘောထားနဲ့ ကျနော်တို့ လုံးဝမတိုက်ဆိုင်ဘူး။ အဲ့တာက လူတစ်စုရဲ့ အလိုနဲ့ ကျနော်တို့ ကရင်နီပြည်ကို ထပ်ပြီးတော့ ခွဲလိုက်တဲ့ လုပ်ရပ်ပဲလို့ ဦးလေးအဲ့လိုပဲ မြင်တယ်။ အဲ့တာကြောင့် အဲ့ဒီကိစ္စကတော့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ကတော့ လုံးဝမသုံးသင့်ဘူး။ အဲ့ဒီမှာ ကရင်နီပြည် ဖယ်ခုံမြို့နယ်လို့ မသုံးရင်လည်း ဖယ်ခုံမြို့နယ်အုပ်ချုပ်ရေး အဲ့လောက်ပဲ သုံးရင် သင့်တော်တယ်လို့ သို့မဟုတ်ရင်လည်း KSCC ဖွဲ့ပြီးဆိုရင် ကရင်နီပြည်လို့ ထည့်ရမယ် အခုက KSCCက တရားဝင်အစိုးရ မဖွဲ့ရသေးတော့ အဲ့ဒီ ကရင်နီပြည်လို့ မထည့်တာတောင်မှ ဖယ်ခုံမြို့နယ်လို့ အဲ့တာပဲ ထည့်ရင်ပိုရှင်းတယ်လို့ ဦးလေးအနေနဲ့ ပြောချင်တယ်။ “ လို့ ခွန်းမားရ်ကိုဘန်က ဆိုပါတယ်။

မိုးဗြဲမြို့၊ ဖယ်ခုံမြို့၊ နဲ့ ပေါင်းလောင်းဒေသတွေဟာ မူလကတည်းက ကရင်နီပြည်ထဲရှိနေခဲ့တာဖြစ်ပြီး ဦးနေဝင်းအစိုးရလက်ထက်မှာကတည်းက ခွဲထားခြင်းခံခဲ့ရတာ ဖြစ်တယ်လို့ ၎င်းကဆက်ပြောပါတယ်။

ဖယ်ခုံမြို့ ဟာ လက်ရှိအချိန်ထိ ရှမ်းပြည်နယ်တောင်ပိုင်းသာ တည်ရှိနေသေးတာဖြစ်ပြီး ဖယ်ခုံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အရေးတော်ပုံကာလအလွန်မှာ ပြည်သူ့ဆန္ဒခံယူပွဲတစ်ရပ်ကျင်းပပြီး ပြည်သူတွေရဲ့ မဲဆန္ဒအတိုင်းသာ ရပ်တည်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

spot_img
spot_img