spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ်က စစ်ရှောင်တွေဟာ ခုလက်ရှိစစ်ရေးငြိမ်နေတာကြောင့် နေရပ်တချို့ပြန်နေကြ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ဖယ်ခုံမြို့နယ်မှာ လက်ရှိစစ်ရေး ငြိမ်နေတာကြောင့် စစ်ရှောင်နေတဲ့ ပြည်သူတွေဟာ ရပ်ရွာထဲကို တချို့ပြန်လာ နေကြတယ်လို့ ဖယ်ခုံစစ်ရှောင်အရေး လုပ်ရှားသူတစ်ဦးဆီ ကနေ သိရပါတယ်။

“ဒီဖယ်ခုံဖက်ကတော့ စစ်ရှောင်ကတော့ စစ်ပွဲဖြစ်တဲ့ နေရာကတော့ သူတို့မနေဘူး။ ဒါပေမဲ့ စစ်ပွဲ မဖြစ်တော့ရင် အိမ်ပြန်လာနေ ကြည့်ကြည့်တယ်။ ဒါပေမဲ့ နီးစပ်ရာရွာကမိဘ ဆွေမျိုးတွေအဲ့တာတွေပါပဲ။ နီးစပ်ရာရွာက မိဘဆွေမျိုးတွေ ညီအစ်ကိုမောင်နှမတွေကြား သူတို့လာနေလေ့ရှိတယ်။” လို့ ဖယ်ခုံစစ်ရှောင်အရေး လုပ်ရှားသူတစ်ဦးကပြောပါတယ်။

ဖယ်ခုံမြို့ပေါ် မှာတော့ တိုက်ပွဲမဖြစ်ပွားတဲ့အတွက် မြို့အတွင်းမှာ နေထိုင်တဲ့သူရှိနေဆဲဖြစ်တယ်လို့ ဖယ်ခုံစစ်ရှောင်ကူညီသူက ပြောပါတယ်။

ဖယ်ခုံမြို့နယ်ထဲက မိုးဗြဲမြို့ ကတော့ တစ်မြို့လုံးနီးပါး စစ်ရှောင်နေကြရဆဲဖြစ်ပြီး ရပ်ကွက်ထဲ ပြန်လာကြည့်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးဦးဆီကနေ ခွင့်ပြုချက်ရမှသာ ပြန်ခွင့်ရတယ်လို့ မိုးဗြဲ စစ်ရှောင်ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“ညီမတို့နေတဲ့ရပ်ကွက်ဆိုတစ်ရွာဆို လူနည်းနည်းပဲနေရတယ်။ ခွင့်တောင်းလို့ နည်းနည်းပဲပြန်ရတယ်။ တစ်ချို့ကျတော့ ပစ္စည်းပြန်ယူ အိမ်သန့်ရှင်းရေးပြန်လုပ်ကြတော့ သူခွင့်ပေးတယ်။ ဒါပေမဲ့ အကြာကြီးတော့မနေရဘူး သူအချိန်ပေးသလောက်ပဲ နေရတယ်လေ။” လို့ဆိုပါတယ်။

ကိုယ့်ရပ်ရွာ၊ကိုယ့်အိမ် ကို လွတ်လွတ်လပ်လပ် ပြန်လို့မရကြသေးတာကြောင့် စစ်ရှောင်နေကြတဲ့ ပြည်သူတွေဟာ စားဝတ်နေရေးပိုင်းမှာလည်း အခက်ခဲရှိလာတယ်လို့ အဆိုပါ ဖယ်ခုံစစ်ရှောင်အရေး လုပ်ရှားသူတစ်ဦးက ဆက်ပြောပါတယ်။

“စစ်ရှောင်တွေရဲ့ အဓိက လိုအပ်တာကတော့ ဒီခုတလော စားဝတ်နေရေးတော့ တော်တော်လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆန်တွေက သယ်လို့မရဘူးပြောတယ် ။ စစ်သားတွေပိတ်တယ်။ အဲ့တာနဲ့ စားဝတ်နေရေးဖက်မှာ ‌တော်တော်လေးလိုအပ်ကြတယ်”လို့ ဆိုပါတယ်။

အဆိုပါ မိုးဗြဲမြို့နဲ့ ဖယ်ခုံမြို့ နေ ပြည်သူတွေဟာ ၂၀၂၁ ခုနှစ် တိုက်ပွဲစတင်ဖြစ်ပွားနေစဥ်ကတည်းက စစ်ဘေးရှောင်နေကြရတာကြောင့် အခုချိန်ဟာ စစ်ရှောင်ကာလ ၂ နှစ်ကျော်လာပြီဖြစ်ပြီး ရပ်ရွာထဲလည်း အခုချိန်ထိလွတ်လွတ်လပ်လပ် ပြန်နေကြလို့မရသေးဘူးလို့သိရပါတယ်။

spot_img
spot_img

Recent posts