spot_imgspot_imgspot_imgspot_img
Wednesday, February 19, 2025
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ်ရဲ့ ဝေးလံခေါင်ဖျားတဲ့ စစ်ရှောင်စခန်းတစ်နေရာမှာ စားနပ်ရိက္ခာလိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းက ဝေးလံခေါင်ဖျားတဲ့ စစ်ရှောင်စခန်းတစ်ခုမှာ အလှူရှင်လာရောက်မှု နည်းပါးတဲ့အတွက် စားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့ မြေပြင်စစ်ရှောင်အရေး ဆောင်ရွက်သူတွေဆီကနေ သိရပါတယ်။

အဆိုပါစစ်ရှောင်စခန်းဟာ တခြား စစ်ရှောင်စခန်းတွေထက် လူဦးရေပိုနည်းသလို အလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှုကလည်း ပိုအားနည်းတာကြောင့် စစ်ရှောင်ပြည်သူတွေဟာ စိတ်ပိုင်းဆိုင်ရာ အားငယ်ထိခိုက်မှုတွေ ကြုံတွေ့နေရတယ်လို့ စစ်ရှောင်ကူညီပေးသူ တစ်ဦးက ပြောပါတယ်။

“ပြောရမယ်ဆိုရင် လူဦးရေကတော့နည်းတာပေါ့နော်။ နောက်ပြီးလို့ရှိရင် စိတ်ဓါတ်မြင့်တင်ပိုင်းဆိုင်ရာကတော့ Camp (စခန်း) တိုင်းလိုလို တော့ လိုအပ်တာပေါ့နော်။ ဒါပေမဲ့ သူတို့အနေနဲ့ လူနည်းလို့ အလှူရှင်လည်း သိပ်မရောက်လို့ဆိုတဲ့ ဟာမျိုး အားငယ်ပိုင်းမှာတော့ ရှိတယ်ပေါ့နော်။ ပြီးတော့ ဆရာ /ဆရာမတွေ သိပ်မရှိဘူးဆိုတာ သူတို့အတွက် အားငယ်တဲ့အပိုင်းတွေတော့ရှိတယ်” လို့ သူက ဆိုပါတယ်။

အဆိုပါစစ်ရှောင်စခန်းဟာ ဝေးလံခေါင်ဖျားတဲ့ နေရာမှာရှိနေတဲ့အပြင် မြေပြင် စစ်ရှောင်ကူညီရေး အဖွဲ့တွေအနေနဲ့လည်း လက်လှမ်းမမီတာကြောင့် စားနပ်ရိက္ခာပိုင်းမှာ အခက်အခဲရှိနေကြတယ်လို့ ဆိုပါတယ်။
စစ်ရှောင်တွေကို စိတ်ဓာတ်မြင့်တင်ရေးအပိုင်းမှာ ဆောင်ရွက်ပေးဖို့လိုအပ်ပြီး အလှူရှင်တွေကို လာရောက်ကူညီပေးဖို့ အဆိုပါ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူက ဆက်ပြောပါတယ်။

“စားနပ်ရိက္ခာအပိုင်းမှာကလည်း လက်ရှိအခြေအနေမှာတော့ တတ်နိုင်တဲ့အပိုင်းမှာတော့ ကျမတို့ ကူပေးတာတွေရှိတယ်။ အခြားအဖွဲ့တွေကိုလည်း ဖိတ်ခေါ်ထားပေးတာတွေလည်းရှိတယ်” လို့ ဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်းဟာ လူဦးရေ ၁၃၀ ဝန်းကျင်နဲ့ အိမ်ခြေ ၄၀ ဝန်းကျင်ရှိပြီး သက်ကြီးရွယ်အိုနဲ့ ကလေးအများစုဖြစ်တယ်လို့ သိရပါတယ်။ စစ်ရှောင်တွေအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာအပြင် လာမယ့် ဆောင်းရာသီကာလအတွက်လည်း အနွေးထည်တွေ လိုအပ်တာကြောင့် ကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။

အဆိုပါစစ်ရှောင်စခန်းတည်ရှိတာ တစ်နှစ်ကျော်ရှိနေပြီး မိုးဗြဲဖက်က ဒေသခံနဲ့ ဖယ်ခုံမြို့နယ်က တိုက်ပွဲမကြာခဏ ဖြစ်ပွားခဲ့တဲ့ ခေါင်းအိကျေးရွာဖက်က ဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts