ကန္တာရဝတီတိုင်း(မ်)
ဖေဖော်ဝါရီလ (၂၇) ရက်နေ့ မွန်းလွဲ ၂နာရီအချိန် ဖယ်ခုံမြို့နယ် ပြည်လုံးရွာမှာ စစ်ကောင်စီ ၊ ပအိုပ်အမျိုးသားတပ်မတော် (PNA) ပူးပေါင်းတပ် နဲ့ KA, KNDF, PDF ပူးပေါင်းတပ်တို့ နှစ်ဖက်လှုပ်ရှားရင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး နှစ်ဖက်ကျဆုံးမှု ရှိခဲ့တယ်လို့ ကရင်နီပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီ ၊ PNAပူးပေါင်းတပ် ဖက် (၉)ဦးသေဆုံး ၊ ထိခိုက်ဒဏ်ရာရသူ တချို့ရှိပြီး ပူးပေါင်းတပ်ဖက်မှ KAရဲဘော်တစ်ဦး ကျဆုံး ၊ ဒဏ်ရာအချို့ ရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ PNA ထံကနေ M.16 (၃)လက်၊ AK(၁)လက်၊ 9MM(၄)လက်နဲ့ ကျည်အချို့ရရှိခဲ့ပါတယ်။
ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ နီးတဲ့ ကျေးရွာတစ်ချို့က ပြည်သူတွေအနေနဲ့ တိမ်းရှောင်နေကြရတာတွေလည်း ရှိတယ်လို့ ခူညေးရယ်က ဆက်ပြောပါတယ်။
“ အရင်ကတည်းက တိုက်ပွဲတွေ ပြင်းထန် လက်နက်ကြီးတွေ လှမ်းထုတော့ သူတို့ပြောင်းရွေ့တာမျိုးတော့ ရှိတာပဲလေ။ အခြေအနေကြည့်ပြီးတော့ သူတို့ ပြန်လာကြတာရှိတယ်။ စစ်ကြောင်းလာပြီ မဟုတ်ရင် နှစ်ဖက် စစ်ရေးတင်းမာနေပြီဆို သူတို့ တောင်ယာခင်းထဲ လွတ်တဲ့နေရာတို့ မဟုတ်ရင် အမျိုးရှိတဲ့ ရှမ်းပြည် ပင်လောင်းတို့ ခဏယာယီ ပုန်းရှောင်ရတာမျိုးတော့ ရှိတာပေါ့။ “
ဖေဖော်ဝါရီ (၂၆)ရက်နေ့က ရှားတောမြို့ နဲ့ စလောင်းကျေးရွာအကြား ချောင်းဆုံတစ်နေရာမှာ စစ်ကောင်စီတပ်ကို KA ၊ KNDFတို့ ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက် ၅ဦးသေဆုံး၊ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီလက်နက်ကြီး ပစ်ကူကြောင့် KAရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ( KMIC ) ထုတ်ပြန်ချက်အရ သိရပါတယ်။
တစ်ရက်တည်းမှာပဲ ဖရူဆိုမြို့နယ်၊ အမှတ်(၁၄)တန်းမြှင့်လေ့ကျင့်ရေးကျောင်း စစ်ကောင်စီတပ် အသုံးပြုတဲ့ သောက်သုံးရေပိုက်တွေကို ပူးပေါင်းတပ်တို့ ဖျက်စီးခဲ့ပြီး စစ်ဆေးရန် ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ လောဂျာကျေးရွာအနီး KA ၊ KNDF တို့ ပစ်ခတ်ခဲ့တယ်လို့ ( KMIC )ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီး ကြောင့် ပူးပေါင်းတပ်ဖွဲ့ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလအတွင်းမှာဆိုရင် စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိမှန်သေဆုံးတာလည်းရှိနေပါတယ်။